သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်း အကြမ်းဖက်မှု ဖြစ်ရပ်မှန် ဖော်ထုတ်ပေးဖို့ တောင်းဆို


ဒီပဲယင်း အကြမ်းဖက်မှု ဖြစ်ရပ်မှန် ဖော်ထုတ်ပေးဖို့ တောင်းဆို
ဒီပဲယင်း အကြမ်းဖက်မှု ဖြစ်ရပ်မှန် ဖော်ထုတ်ပေးဖို့ တောင်းဆို

ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု ၈ နှစ်ပြည့်တဲ့နေ့မှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက နှစ်ပတ်လည် အခမ်းအနား ကျင်းပခဲ့ပြီး ဒီလိုတိုက်ခိုက်မှုမျိုး နောက်နောင် မပေါ်ပေါက်စေဖို့နဲ့ ဒီဖြစ်ရပ်အမှန်ကို ဖော်ထုတ်ပေးဖို့ လိုလားကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဒီနေ့ကျင်းပတဲ့ အခမ်းအနားမှာ ဒီပဲယင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေအတွက် ကောင်းမှုကုသိုလ် ပြုခဲ့သလို ကွယ်လွန်ခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံကြေးငွေ ပေးခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီပဲယင်းတိုက်ခိုက်မှု ၈ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက ဒီတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေကို ရည်စူးပြီး မန္တလေးမြို့ အနောက်ခင်မကန် ကျောင်းတိုက်မှာ သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီအခမ်းအနား ကျင်းပရတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း စည်းရုံးရေးတာဝန်ခံ ကိုမျိုးနိုင်က အခုလို ပြောပါတယ်။

“ဒီပဲယင်း လုပ်ကြံမှုကြီးဆိုတာ တကယ်ကို စနစ်တကျ စီရင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်ကြီးကို ပျက်ပြားအောင်၊ နောက် ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေ နောက်ထပ် ထပ်ပြီးတော့ ဒီလိုပုံစံမျိုးတွေ မလုပ်ရဲအောင် လုပ်ခဲ့တဲ့ဟာကြီးဗျာ။

“တကယ်တမ်းဆိုရင် တရားဝင် နှစ်ဘက် အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး သွားရတဲ့ စည်းရုံးရေး ခရီးစဉ်ကြီးမှာ ဒီလို စနစ်တကျ လူအုပ်ကြီးနဲ့ ရိုက်နှက်ခံရတဲ့ဟာကြီးက ကျနော်တို့ ရင်ထဲမှာ ဘယ်လိုမှ မမေ့မပျောက်ကောင်းတဲ့ ဟာဗျာ။ သမိုင်းမှာလည်း မှတ်တမ်းတခု အနေနဲ့ ကျန်ခဲ့တဲ့ဟာ။ ဒါကို ကျနော်တို့က ဒီနေ့မှာ ဒီလိုကိစ္စမျိုးတွေ နောက်နောင်လည်း မပေါ်ပေါက်အောင်၊ ဒီဟာမျိုးကိုလည်း ဖော်ထုတ်ပြီးတော့ သက်ဆိုင်တဲ့ လူတွေကိုလည်း ထိုက်သင့်တဲ့ အရေးယူမှုတွေ ဆောင်ရွက်သင့်တယ်ဆိုတဲ့ သဘောနဲ့ ကျနော်တို့ ဒီနေ့ပွဲကို ကျင်းပတာပါ။”

ဒီအခမ်းအနားမှာ ဒီပဲယင်း တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ကြတဲ့ ဦးတင်မောင်ဦး၊ ကိုသိန်းတိုး၊ ကိုစန်းမြင့်အောင်တို့ရဲ့ မိသားစုတွေကို ကျပ်ငွေ ၂၀,၀၀၀ စီလည်း ထောက်ပံ့ခဲ့ပါတယ်။

ဒီတိုက်ခိုက်ခံရမှုမှာ ပါဝင်ခဲ့တဲ့ မြင်းခြံမြို့နယ်က ဦးပေါခင်ကတော့ ဒီပဲယင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစိုးရက အဖြစ်မှန်ကို ဖော်ထုတ်ပေးစေလိုတယ်လို့ ပြောပါတယ်။

“အဖြစ်အပျက်တွေ အားလုံးကို သေချာ ပြန်ခြုံကြည့်မယ်ဆိုရင် ရည်ရွယ်ချက်ရှိရှိနဲ့ ကျနော်တို့ အားလုံးကို ကျုံးသွင်းပြီး သတ်တဲ့ ကိစ္စကြီးပါပဲ။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်ခါမှာတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဦးတည်ပြီးတော့ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ သင်ပုန်းချေရေးနဲ့ အာဃာတ ကင်းစင်ရေး အဲဒီလမ်းကြောင်း အတိုင်းပဲ လက်ခံပါတယ်ခင်ဗျ။

“ဒီကိစ္စဟာ အာဏာပိုင်တွေ မပါဘဲနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ပါဘူး။ အဲတော့ အာဏာပိုင်တွေ အနေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ တာဝန်ယူသင့်ပါတယ်။ ဒီမှာ ထိခိုက်နစ်နာသွားတဲ့ ပုဂ္ဂိုလ်တွေ အတွက်လည်း ဆောင်ရွက်ပေးသင့်ပါတယ်။ ကျနော့်အနေနဲ့ နောက်ဆုံးပြောချင်တာက ဒီဖြစ်ရပ်ကြီး၊ သမိုင်းကြောင်းကြီးကို၊ တကယ့်ဖြစ်စဉ် ဖြစ်ရပ်ကြီး တခုကိုတော့ တတ်နိုင်သမျှ အမှန်တရားဖြစ်အောင် အစိုးရအနေနဲ့ ဖော်ထုတ်ပေးစေချင်ပါတယ်။”

ဦးပေါခင်ဟာ ဒီပဲယင်း တိုက်ခိုက်မှုမှာ ဒဏ်ရာ ၄ ချက် ရခဲ့ပြီး ဦးတင်ဦးနဲ့အတူ ကလေးထောင်မှာ ဖမ်းဆီးချုပ်နှောင် ခံခဲ့ရသူ ဖြစ်ပါတယ်။

အစိုးရဘက်ကတော့ ဒီပဲယင်း တိုက်ခိုက်မှုမှာ လူ ၄ ယောက် သေဆုံးပြီး ၅၀ ဒဏ်ရာရခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီပဲယင်း တိုက်ခိုက်ခံရမှုမှာ ပါဝင်ခဲ့တဲ့ မန္တလေး အနောက်တောင်မြို့နယ် NLD ဒု-ဥက္ကဋ္ဌ ဦးခင်မောင်သောင်းကတော့ အစိုးရထုတ်ပြန်တဲ့ အရေအတွက်ထက် များမယ်လို့ ပြောပါတယ်။

“သူတို့ပြောတဲ့ ၄ ယောက်ပဲ သေတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆို ကျည်ရွာမှာ ရိုက်တာက သူတို့သင်္ကေတနဲ့ သူတို့လူတွေနဲ့ ရှိနေပြီးတော့ ကျနော်တို့ကျတော့ ပင်နီရယ်၊ ကချင်လုံချည်ရယ်၊ ပင်နီအင်္ကျီရယ်၊ အင်္ကျီဖြူရယ်။ သူတို့ချင်းလည်း လူမှားမရိုက်ဘူး၊ ကျနော်တို့ချည်း ရိုက်သွားတာ။ ဖြစ်တဲ့အချိန်မှာ ကျည်ရွာကလည်း ကြိုဆိုရေးတဲ့၊ တရွာလုံး ထွက်ကြိုနေတာ။ အဲလိုဖြစ်တဲ့အခါမှာ အံ့အားသင့်နေကြတာ။ ဝုန်းဝုန်းနဲ့ မီးတွေလင်းလာတယ်။ သစ်ပင်တွေပေါ်ကနေ ဆလိုက်မီးတွေ ထိုးတယ်။ နောက် ကားကြီးတွေပေါ်ကနေ မီးတွေထွန်းပြီးတော့ ရိုက်တဲ့အခါမှာ လာကြိုတဲ့ ကျည်ရွာကလည်း အံအားသင့်တယ်။ ဟာ ရိုက်ကုန်ပြီ ရိုက်ကုန်ပြီ သေပါပြီ၊ ကယ်ကြပါဦး၊ အဲလိုတွေဖြစ်၊ အဲတော့ ရွာသူ ရွာသားတွေလည်း သေတယ်ဗျ။ ကျနော် ၁၀၀-၁၅၀ ထက်တော့ မနည်းဘူးလို့ ထင်ပါတယ်။”

သေဆုံးသူဦးရေ အတိအကျကိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က စာရင်းကောက်ယူ ထုတ်ပြန်တာ မရှိပါဘူး။ ပြည်ပရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ အစီရင်ခံစာမှာတော့ ဒီတိုက်ခိုက်မှုကို အဆင့်မြင့် အစိုးရ အရာရှိတွေက ကြီးကြပ်ပြီး ဒေသခံ အာဏာပိုင်တွေ၊ ပြည်ခိုင်ဖြိုး အဖွဲ့ဝင်တွေနဲ့ စွမ်းအားရှင်တွေ ပါဝင်ခဲ့ကြောင်းနဲ့ သေဆုံးသူ ၂၈၂ ဦးရှိကြောင်း စာရင်းပြုစုရာမှာ ပါဝင်သူ ဝန်ထမ်းတယောက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစိုးရဘက်က ရိုက်နှက်သူတွေကို တစုံတရာ စုံစမ်းစစ်ဆေး အရေးယူတာ မရှိခဲ့ဘဲ ရိုက်နှက်ခံရသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေကို ဖမ်းဆီးထောင်ချပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းက နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပြီး ဒီလပိုင်းတွေ အတွင်းမှာ ရန်ကုန်ပြင်ပကို ခရီးထွက်ဖို့ ပြင်ဆင်နေတယ် ဆိုတာကြောင့် သူ့ကို ထောက်ခံသူတွေဟာ ဒီပဲယင်း တိုက်ခိုက်မှုမျိုး ထပ်မံကြုံတွေ့ရမှာကို စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG