သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်း (၁၂) ပြည့်အထိမ်းအမှတ် ကြည်ရွာမှာ ကျင်းပ


ဒီပဲယင်း (၁၂) ပြည့် အထိမ်းအမှတ်ပွဲကို အဲဒီအချိန်က ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ NLD နာယက သူရဦးတင်ဦး တက်ရောက်စဉ်။ (မေ ၃၀၊ ၂၀၁၅။ ဓာတ်ပုံ/မာတင်ဆွေ ဖဘ)
ဒီပဲယင်း (၁၂) ပြည့် အထိမ်းအမှတ်ပွဲကို အဲဒီအချိန်က ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ NLD နာယက သူရဦးတင်ဦး တက်ရောက်စဉ်။ (မေ ၃၀၊ ၂၀၁၅။ ဓာတ်ပုံ/မာတင်ဆွေ ဖဘ)

ဒီပဲယင်းအကြမ်းဖက်လုပ်ကြံမှုကြီးပေါ်ပေါက်ခဲ့တာ (၁ဝ) နှစ်ကျော်ကြာခဲ့ပေမယ့် ကျူးလွန်ခဲ့သူတွေကို တရားဥပဒေအရ အများပြည်သူရှေ့မှောက်မှာ ဖေါ်ထုတ်အရေးယူနိုင်ခြင်းမရှိသေးတာကြောင့် လက်ရှိအစိုးရမှာ တာဝန်အပြည့်ရှိတယ်လို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတွေကပြောပါတယ်။ ဒီ တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့သူတွေကို ဂုဏ်ပြုအောင့်မေ့ဘွယ်အခမ်းအနားကို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာနဲ့ မုံရွာမြို့တို့မှာ ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ မအင်ကြင်းနိုင်က စုံစမ်းတင်ပြပေးထားပါတယ်။

မေလ (၃ဝ) ရက်နေ့က ကြည်ရွာမှာ ကျင်းပတဲ့ ဒီပဲယင်း (၁၂) ပြည့်အခမ်းအနားမှာ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက စွမ်းအားရှင်တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုကို တတ်နိုင်သလောက်အကာအကွယ်ပေးခဲ့ကြတဲ့ ဒေသခံရွာသူရွာသားတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အရင်စစ်အစိုးရလက်ထက် ၂ဝဝ၃ခုနှစ် မေလ (၃ဝ) ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကြည်ရွာနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ လိုက်ပါလာတဲ့ ယာဉ်တန်းကို အမည်မသိတဲ့ စွမ်းအားရှင်အဖွဲ့ဝင်တွေ အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် မြန်မာပြည်သူတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အံသြတုန်လှုပ်ခဲ့ကြပါတယ်။ဒီတိုက်ခိုက်မှုကြောင့် လူပေါင်းဒါဇင်နဲ့ချီသေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ လူ့အခွင့်အရေးနဲ့ဥပဒေစိုးမိုးရေး လှုပ်ရှားနေတဲ့အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်ကိုလုပ်ကြံဖို့ ရည်ရွယ်ပြီး သူရဲ့စည်းရုံးရေးခရီးစဉ်မှာ အကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်တွေနဲ့ လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးတဲ့ ဒေသခံတချို့ သေဆုံးခဲ့တာပါ။

ဒီဖြစ်ရပ်ကို ထုတ်ဖေါ်အရေးယူတာမျိုးမရှိသေးတာကြောင့် လက်ရှိအစိုးရမှာ တာဝန်အပြည်ရှိတယ်လို့ဒီတိုက်ခိုက်မှုမှာ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းအဖွဲ့ဝင်တဦးဖြစ်ပြီး လက်ရှိအမေရိကန်ပြည်ထောင်စုမှာနေထိုင်နေတဲ့ မခင်အေးမြင့်ကပြောပါတယ်။

“အုပ်ချုပ်သူအစိုးရက အခုချိန်ထိအောင်ကို ဘာမှ လုပ်ကိုင်မပေးသေးဘူး။ (၁၂) သာပြည့်သွားတယ်၊ သူတို့ရဲ့လုပ်ပုံကိုင်ပုံ ပုံစံတွေဟာ ပြည်သူတွေကို ဒီမိုကရေစီဘက်တော်သားတွေကို နှိမ်နင်းချေဖျက်တဲ့ပုံစံတွေကတော့ အခုအချိန်အထိ အတူတူတွေပါပဲ၊ ဆင်တူတွေပါပဲ။ ဒေါ်ခင်ဝင်းသေဆုံးမှု၊ လက်ပံတောင်းတောင် အကြမ်းဖက်ခံရမှုတွေ၊ ပြီးတော့ အခု နောက်ဆုံးဖြစ်ပေါ်နေတဲ့ ကလေးတွေရဲ့အကြမ်းဖက်ခြင်းခံရပြီးတော့ အခု ကလေးတွေ သာယာဝတီထောင်မှာ -အဲဒီဖြစ်စဉ်တွေအကုန်လုံးက အမတို့ ဒီပဲယင်းဖြစ်စဉ်မှာ ဖြစ်ပေါ်နေတဲ့ သူတို့ လုပ်ရိုးလုပ်စဉ် စနစ်တွေနဲ့ပဲ လုပ်နေတယ်။ အဲဒီတော့ ဒီ အုပ်ချုပ်သူ စစ်အစိုးရကပဲ အဲဒီကိစ္စတွေကို လုပ်နေတယ်။ ဒါကြောင့်မို့ သူတို့ကိုယ်တိုင် လုပ်တဲ့ကိစ္စဖြစ်တဲ့အတွက် ဒီပဲယင်းလုပ်ကြံမှု အရေးအခင်းကလည်း သူတို့ ဖော်မပြနိုင်ဘူးဖြစ်ပါတယ်။”

ဒီအကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ တရားစွဲနိုင်ဖို့ အသင့်ပြင်ထားတဲ့အကြောင်း ဒီပဲယင်း တိုက်ခိုက်မှုမှာ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းအဖွဲ့ဝင်တဦးဖြစ်ပြီး လက်ရှိအမေရိကန်ပြည်ထောင်စုမှာနေထိုင်နေတဲ့ ဒေါ်ညွန့်ညွန့်က ပြောပါတယ်။

“အန်တီညွန့်တို့မှာလည်း အထောက်အထားတွေကတော့ အများကြီးရှိပြီပေါ့နော်။ အထောက်အထားတွေ အကုန်လုံးရှိတယ်။ အန်တီညွန့်တို့မှာ မျက်မြင်သက်သေတွေလည်း ရှိတယ်။ အမတို့ဘေးက ဆိုင်ကယ်တွေ၊ ကလေးတွေလည်း အကုန်အရိုက်ခံရတယ်။ အမတို့ကားက အမိုးပါတဲ့အထဲမှာ ရိုက်ပြီးတော့ မနာဘူးဆိုပြီး တယောက်ချင်း တယောက်ချင်း အကုန်လုံး အပေါ်ကနေ ရိုက်ချတယ်။ အန်တီညွန့်ကိုကျတော့ ရိုက်ပြီးတော့ ဆယ်ပေလောက်၊ ဆယ့်ငါးပေလောက်ကို ဆွဲခေါ်သွားတယ်၊ အရပ်သားနှစ်ယောက်နဲ့ ပုဆိုးကွင်းသိုင်းတွေနဲ့ အဲဒီအထဲမှာ ကျောက်ခဲတွေ၊ ဓားတွေ၊ တုတ်တွေပါတယ်။ အဲဒါတွေနဲ့ အန်တီညွန့်ကိုလည်း ရိုက်တယ်။ အန်တီညွန့်တို့အဖွဲ့အကုန်လုံးက ပင်နီအင်္ကျီတွေအကုန်လုံးကို ကျောကနေ ဓားတွေခွဲထားတယ်။ အကုန်လုံးအန်တီညွန့်တို့ဆီမှာ အင်္ကျီမပါသလောက်ရှိတယ်။ အကုန်လုံး ယောက်ကျား၊ မိန်းမ အကုန်လုံး ဓားနဲ့ခွဲပစ်တယ်။”

ဒီပဲယင်း တိုက်ခိုက်မှုပြီးပြီးချင်း စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး နေအိမ်အကျယ်ချုပ်ချထားခဲ့သလိုဦးတင်ဦးအပါအဝင် အဖွဲ့ဝင် အများအပြားကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။

XS
SM
MD
LG