သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအသက်ကို ကယ်တင်ခဲ့ဟု ဦးခင်ညွန့်ပြော


၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း လုပ်ကြံမှုကြီးနဲ့ပတ်သက်လို့ အခြေအနေမှန်ကို သိနိုင်ကြဖို့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့တခု ဖွ့ဲပြီး စစ်ဆေးဖို့ လိုပြီလို့ ဒီပဲယင်းအရေးအခင်းမှာ ကိုယ်တိုင် ကြုံခဲ့ရသူ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက ပြောပါတယ်။ ဒါကလည်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်အသက်ကို သူ ကယ်ခဲ့တယ်လို့ ပြောလိုက်တာနဲ့ ပတ်သက်ပြီး အခုလို တုံ့ပြန်လိုက်တာပါ။ လက်တွေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို မလွတ်အောင် ဝိုင်းပိတ်ရိုက်ခဲ့ကြတာ ဖြစ်တယ်လို့လည်း အခြေအနေတွေကို ပြန်ရှင်းပြခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲ ကျည်ရွာအနီးမှာ ဖြစ်ခဲ့တဲ ဒီပဲယင်း လုပ်ကြံမှုကြီးဟာ အခုဆိုရင် ၉ နှစ်နီးပါး ရှိခဲ့ပေမဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်သူကယ်ခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ပြောခဲ့အပြီး လူအများ ပြန်ပြီး ဒီအကြောင်းကို စိတ်ဝင်စားတာတွေ ဖြစ်နေတာပါ။ ဒါ့ကြောင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ပြောခဲ့သလို ဒီပဲယင်း လုပ်ကြံမှုကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်ဘေးကလွတ်အောင် ကယ်တာမျိုးများ ရှိခဲ့ပါသလားလို့ ဒီပဲယင်းရိုက်နှက်မှုကြီးမှာ ကိုယ်တိုင်ကြုံခဲ့ရသူ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို မေးကြည့်ပါတယ်။

“သူပြောတာလေ၊ သူပြောတဲ့ အဲဒီကိစ္စ ကျနော်တို့က ဒါနဲ့ပတ်သက်တာကတော့ အခြေအနေ ကြည့်ရတာကတော့ ဒီလိုအခြေအနေပဲလေ။ အဲဒီတော့ မှန်တယ်မှားတယ်ကတော့ ဘာမှ မပြောလိုဘူး။ အဓိပ္ပါယ်ကတော့ဗျာ နောက်ပိုင်း after thought တွေပဲဗျ။ ဒါတွေက အကုန်လုံး ပြောလာတဲ့ဟာတွေက after thought တွေကတော့ ခက်သားပဲ။ ပြောဖို့ဟာက။ အမှန်ကတော့ ကယ်တယ်ပြုမယ် ဆိုရင်တော့လည်း ဒါနဲ့ပတ်သက်တာ အားလုံးက တကယ်နောက်ထပ် လွတ်လွတ်ကင်းကင်း ကယ်တာမျိုး ဖြစ်ရမှာပေါ့ဗျာ။ ဘာဖြစ်လို့ ကျနော်တို့ အချုပ်အနှောင်တွေထဲ ထည့်၊ ဘာတွေထဲထည့်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘာဖြစ်လို့ အင်းစိန်ထောင်ထဲ ထည့်လဲ။ အိမ်ပြန်ပြီး ချောချောမောမော ခေါ်သွားပါလား။ အဲဒီတော့ ဒါတွေက ပြောရရင် အများကြီး မေးစရာရှိတယ်။ နောက်ပိုင်း ဖြစ်တာကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့လည်း သူများပြောတာ တွေ့တာပဲကြားတယ်။ ကျနော် သိတာကတော့ ကျနော်တို့ကို ပိတ်ရိုက်တယ်၊ ဒါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့အဖွဲ့ကို မလွတ်အောင် ပိတ်ရိုက်တာ။ အင်မတန် ကံကောင်းလို့ လွတ်သွားတာ။ ဒါပဲ။”

သေဆုံးမှုတွေထိ ရှိခဲ့တဲ့ ဒီပြဿနာကြီးကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် စုံစမ်းစစ်ဆေးရေး အဖွဲ့တခုဖွဲ့ပြီး စစ်ဆေးဖို့ လိုတယ်လို့ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက ဆိုပါတယ်။

“ပြောရတဲ့ဟာတွေက After thought တွေကတော့ ခက်သားပဲ။ အဲဒီတော့ သေသေချာချာသိအောင် ဂဃနဏ ဖြစ်အောင် ဆိုလို့ရှိရင် အခု ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ပြောထားတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ inquiry ကော်မရှင် လုပ်ပါ။ နောက်ပြီးတော့ ဘယ်သူ့မှာ အပြစ်ရှိတယ်၊ အရေးယူဖို့တင် ပြောတာမဟုတ်ဘူး။ နောင် သင်ခန်းစာ ရဖို့အတွက်ဖြစ်တယ်။ သို့သော် ဒီလို ဒဏ်ရာရရှိပြီးတော့ ထိခိုက်တဲ့သူတွေ ရှိတယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ပံ့ပေးနေတယ်။ အဲဒီမှာ မသန်မစွမ်းသွားတာ၊ မိဘသေသွားလို့ ကလေး ကျန်ရစ်ခဲ့လို့တို့၊ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်က သူ့နည်းသူ့ဟန်နဲ့ စောင့်ရှောက်နေတယ်။ ကျနော် သိတယ်။ အဲဒီတော့ ဒီလို စုံစမ်းကြည့်ပါလား။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းကြည့်ပါလား။ ဘယ်သူ့က ဘာလုပ်လို့ဆိုတာ ပေါ်လာမှာပေါ့ဗျာ။”

အခု ဒီပဲယင်းပြဿနာ မဖြစ်ခင် အရင် အကြို ခရီးစဉ်တွေကတည်းက အခုလို ပြဿနာဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေ သတင်းတွေ ရထားတာတွေ၊ မြင်ရတာတွေ ရှိနေတာဖြစ်ပြီး ပြဿနာ ဖြစ်ခဲ့တဲ့ မေလ ၃၀ ရက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုရော သူအပါအဝင် ကားတန်းနဲ့လာကြတဲ့ NLD အဖွဲ့ဝင်တွေကိုပါ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့သူတွေက စနစ်တကျ ကြိုတင်ပြင်ဆင်မှုတွေနဲ့ ပြေးမလွတ်အောင် ဝိုင်းရိုက်ခဲ့တာ ဖြစ်တယ်လို့ ဦးတင်ဦးက ပြောပြပါတယ်။

“ရိုက်တာကတော့ အမှန်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေကစပြီးတော့ အဘ ရိုက်ကုန်ပြီ၊ ရိုက်ကုန်ပြီ အဘတို့ မဆင်းကြနဲ့တော့ လို့ ဆိုတော့ ကျနော်ကတော့ မဆင်းလို့မရဘူး။ ကျနော့်မှာ တာဝန်ရှိတယ်ဆိုပြီး ကျနော် အဆင်း ဇွတ် ကားပေါ်ကဆင်းပြီး ဒေါ်အောင်ဆန်းစုကြည့် ကားဘေးသွားပြီး ကျနော် သူ့ဘေးနား ရပ်နေတာပဲ။ အဲဒီတော့ ကျနော်က သဘောက ဒေါ်အောင်ဆန်းစုကြည်ကားကို ထွက်စေချင်တယ်။ သူက ထွက်ခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ကြိုဆိုတဲ့သူတွေနဲ့ နောက်ပြီးတော့ သူ့ကို ထောက်ခံတဲ့သူတွေ လိုက်ပို့တဲ့သူတွေ ဒီလိုဖြစ်တာကို သူ မသွားနိုင်ဘူး ဆိုပြီး သူ နေတာပဲ။ နောက်ပြီးတော့ မီးကြီးတွေထိုးပြီးတော့ ဆက်လာရင်းနဲ့ နောက်ကကားတွေကို ရိုက်တာပဲ။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကားဆီကို ရောက်လာတော့ စရိုက်တာပဲဗျ။ စ ရိုက်မယ်လို့ လုပ်တာပဲဗျ။ လုပ်တဲ့အခါကျတော့ ကျနော်တို့ အဲဒီမှာ တိုးလွင်က အော်တာပဲဗျာ။ ဒါ ဒေါ်အောင်ဆန်းစုကြည်ကား၊ မင်းတို့ ဒေါ်အောင်ဆန်းစုကြည်ကို ရိုက်ရင် ဘာဖြစ်သွားမယ်ဆိုတာ သိရဲ့လားပေါ့။ ကျနော်လည်း အဲဒီမှာ သတိရပြီးတော့ မလုပ်နဲ့ဆိုပြီး ကုန်းအော်တော့ နည်းနည်းလေး စက္ကန့်ပိုင်းအတွင်း တန့်သွားတယ်။ အဲဒီနောက်ပိုင်းက လူတွေကနေပြီးတော့ ခဲတွေကျတယ် ဘာတယ်ဆိုတဲ့သူတွေက အဲဒီကောင်တွေက အရပ်ဝတ်နဲ့။ အဲဒီ အရပ်ဝတ်နဲ့ကောင်တွေက ပုဆိုးတိုတိုနဲ့ လက်ပတ်နဲ့ နောက်ကနေ ညာသံပေးပြီးတော့ ရိုက်ခိုင်းတာပဲ။ ရိုက်ခိုင်းတယ် ဆိုတော့ ရိုက်မယ်လုပ်တော့ ကျနော်တို့က တခါ အော်ပြန်တော့ တန့်သွားတယ်။ နောက်တခါဆိုရင် ရိုက်တော့မယ်။ ကျနော်တို့လည်း အဲဒါ ရိုက်မယ်ဆိုတာ သိပြီ၊ နောက်တခါဆို ရိုက်မယ်ဆိုတာသိပြီ၊ ရိုက်လည်း စရိုက်ပြီ။ အဲဒီတော့ ကျနော်တို့လည်း ရှောင်လိုက်တာ။ နောက် ဒေါ်အောင်ဆန်းစုကြည် ကားကိုမောင်းတဲ့ကလေးက သူ့ဟာနဲ့သူ မောင်းထွက်သွားတာဗျ။ အဲဒါနဲ့ လွတ်သွားတာ။”

ဒီလိုလုပ်ခဲ့တာဟာ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက် ညွှန်ကြားချက်တွေ မပါဘဲနဲ့တော့ လုံး၀ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

“ဒီလိုဖြစ်လာအောင် လုပ်ဖို့ဆိုတာက မီးစိမ်းမရသေးဘဲနဲ့တော့ ဘယ်လိုမှ လုပ်နိုင်ဖို့ဆိုတာ မလုပ်နိုင်ဘူးခင်ဗျ။ အောက်ကလူက လုပ်တယ်ဆိုတာက မီးစိမ်းလေး ဘာလေးပြမှ လုပ်လို့ရတာကိုးဗျ။ အဲဒီတော့ ဒီဟာက ဖြစ်လည်း ဖြစ်ပြီးပြီပေါ့ဗျာ။ အဲဒီတော့ အခုအခါကျတော့မှ ဒါက ဘယ်သူက ဘာဖြစ်လို့ ဘယ်လို ကိုင်လိုက်တာမှာ ဘယ်လိုပြောလိုက်လို့၊ နောက်ပြီးတော့ ငါက ကယ်လိုက်တယ် ဘာညာဆိုတာ ဒီလိုဟာတွေကတော့ ကျနော်တို့လည်း သူတို့အတွင်းဖြစ်တာတွေကို ဘယ်လိုလုပ် သိပ်သိမလဲဗျာ။”

ဒီပဲယင်း ရိုက်နှက်မှုကြီးမှာ ကိုယ်တိုင် ကြုံခဲ့ရသူ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက ပြောပြခဲ့တာပါ။ ၉ နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ ဒီလုပ်ကြံမှုကြီးဟာ ကုလသမဂ္ဂ လူအခွင့်အရေး အဖဲ့ွကြီးအပြင် ကိုယ်တွေ့ကြုံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အခြေအနေမှန်ကို စစ်ဆေးဖော်ထုတ်ပေးဖို့ တောင်းဆိုနေပေမဲ့ ခုချိန်ထိ နိုင်ငံတာဝန်ရှိသူတွေဘက်က ဘယ်လို ဆောင်ရွက်မှုမှ ရှိသေးပါဘူး။

XS
SM
MD
LG