သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူငယ်တွေ ကိုယ်ပိုင်ရွေးချယ်ခွင့် ရစေဖို့ ကန်လိုလား


အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန အမေရိန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel မြန်မာလူငယ်အဖွဲ့နဲ့တွေ့ဆုံစဉ်။ (ဂျွန် ၈၊ ၂၀၁၄)
အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန အမေရိန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel မြန်မာလူငယ်အဖွဲ့နဲ့တွေ့ဆုံစဉ်။ (ဂျွန် ၈၊ ၂၀၁၄)
မြန်မာလူငယ်တွေအနေနဲ့ ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးနယ်ပယ်တွေမှာ ကိုယ်တိုင်ရွေးချယ်ခွင့်ရှိစေလိုကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ အမေရိကန်ပြည်ထောင်စုရဲ့ အားပေးမှုက အကျိုးသက်ရောက်မှုတွေ ရှိခဲ့တဲ့အတွက် ဆက်လက် ပံ့ပိုးကူညီနေပါတယ်လို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ဒီကနေ့ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေး Daniel Russel က မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေကို ဦးဆောင်နေသလို မြန်မာလူငယ်တွေအနေနဲ့ အာဆီယံအသိုင်းအဝိုင်းတွင်း အများနည်းတူ ရင်ဘောင်တန်း ပါဝင်လာနိုင်တာကို ချီးကျူးရင်း နယ်ပယ်အသီးသီမှာ ကိုယ်တိုင်ရွေးချယ်ခွင့် ရှိစေလိုကြောင်း မြန်မာလူငယ်တချိုနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောဆိုလိုက်ပါတယ်။

"အာဆီယံနိုင်ငံတွေထဲက မြန်မာနိုင်ငံအနေနဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်က ဘာတွေလည်းဆိုတာ နားလည်စေလိုပါတယ်။ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်လည်း ရှိရပါမယ်။ လူငယ်တွေမှာလည်း ကောင်းမွန်တဲ့ ပညာရေးစနစ်ကို သင်ယူနိုင်ဖို့ အခွင့်အလမ်းတွေကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးရပါလိမ့်မယ်။ အဲဒီ ပညာရေးစနစ်က ကိုယ်နဲ့ ကိုယ့် မိသားစုအတွက်တင်မက နိုင်ငံနဲ့ ဒေသတခွင်လုံးအတွက် အကျိုးစီးပွားကို ထင်ဟပ်စေဖို့လည်းလိုပါတယ်။"

အရှေ့တောင်အာရှလူငယ်ခေါင်းဆောင်များ အဖွဲ့ YSEAL အပါအဝင် ထူးချွန်တဲ့ မြန်မာလူငယ်ခေါင်းဆောင်တွေနဲ့ အခုတွေ့ဆုံပြီး အာဆီယံရဲ့ အနာဂတ်ကို လူငယ်တွေအနေနဲ့ ဘယ်လို ကူညီ လုပ်ဆောင်ပေးနိုင်မလဲ ဆိုတာကို ဆွေးနွေးခဲ့ပါတယ်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel နဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်သူ လူငယ်တဦးကတော့ သမ္မတအိုဘားမားရဲ့ ဧပြီလ မလေးရှားနိုင်ငံခရီးစဉ်အတွင်း ကိုယ်တိုင်တွေ့ဆုံမေးမြန်းခွင့်ရခဲ့တဲ့ ကရင်တိုင်းရင်းလူငယ် စောထက်အောင်ခန့် ဖြစ်ပါတယ်။

"ကျနော်တို့လူငယ်တွေမှာက နည်းနည်းလေးတော့ လိုသေးတယ်ပေါ့နော်။ ဘယ်လို လိုသလဲဆိုတော့ တခြားနိုင်ငံက လူငယ်တွေနဲ့ယှဉ်တဲ့အခါမှာ သူတို့တွေက ဘာလုပ်ရမလဲ၊ သူတို့ရဲ့လမ်းက ဘာကို ရွေးချယ်ထားပြီးပြီလဲ၊ အဲဒီရွေးချယ်ထားတဲ့လမ်းမှာ ဘယ်လို လျှောက်လှမ်းရမလဲဆိုတဲ့ အဆင့်တွေ သူတို့ သတ်မှတ်ထားပြီးပြီ။ အဲဒိကိုရောက်အောင်လည်း သူတို့ သွားနိုင်ကြတယ်ပေါ့နော်။ သွားနိုင်ဖို့လည်း အဖက်ဖက်က ကူညီတယ်။ ဒီမှာကျတော့ ကျနော်တို့ လူငယ်တွေက ကိုယ်ဘာလုပ်ရမလဲဆိုတဲ့ဟာကို အဓိက ပြန်ပြီးတော့ သုံးသပ်ဖို့၊ စဉ်းစားဖို့၊ အကြံပြုမယ့်သူတွေလည်း လိုတယ်။ အဲဒီ တချက်လေးတော့ လိုသေးတယ်။ ဆိုတော့.. ကျနော်တို့သွားတဲ့အခါမှာ လူငယ်တစ်ယောက်အနေနဲ့ ကိုယ်ဘာလုပ်ချင်တယ်၊ ဘယ်လမ်းရွေးချင်တယ်ဆိုတာ ကျနော်တို့ မြန်မာလူငယ်တွေမှာ အဲဒါလေး နည်းနည်း လိုသေးတယ်ပေါ့။"

အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေးမူအရ မြန်မာ့ပြုပြင်ပြောင်းလဲရေးတိုးတက်မှု အထိုက်အလျောက်ရှိခဲ့တဲ့ အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၅ ခုနှစ်ရသုံးမှန်းခြေငွေစာရင်းမှာ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၈၈.၅၄ သန်းလျာထားဖို့ အမေရိကန်လက်ထောက်နိုင်ငံခြားရေး Daniel Russel က မေလ ၂၀ ရက်နေ့ ကကျင်းပတဲ့ အောက်လွှတ်တော်ကြားနာပွဲမှာ ထွက်ဆိုခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ဒီမိုကရေစီအင်အားစုတွေရဲ့ တိုက်တွန်းချက်အရ အမေရိကန်အနေနဲ့ မြန်မာစစ်တပ်ကို သင်တန်းတွေပေးဖို့ လျာထားတဲ့ ရန်ပုံငွေထဲကသုံးစွဲဖို့အချက်နဲ့ ပတ်သက်လို့ လက်ထောက်ဝန်ကြီး Russel က အခုလိုရှင်းပြပါတယ်။

"ငွေကြေးပမာဏကိုပြောနေမယ့်အစား အမေရိကန်က မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးနေတဲ့ အစီအစဉ်တွေကိုပြောပြပါရစေ။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အောင်မြင်အောင် အမေရိကန်က မဖြစ်မနေ အရေးတကြီး ကူညီပံ့ပိုးပေးနေပါတယ်။ တဖက်မှာလည်း ရန်ပုံငွေချထား အတည်ပြုပေးရမယ့် ဥပဒေပြုလွှတ်တော်ရဲ့ အခန်းကဏ္ဍရှိသလို ကျနော်တို့ တန်ဖိုးထားတဲ့ ဦးစားပေးလုပ်ရမယ့် အပိုင်းတွေလည်းရှိပါတယ်။ စစ်အစိုးရ အုပ်ချုပ်ရေးကနေ ဒီမိုကရေစီအစိုးရအဖြစ် လုံး၀ အသွင်ကူးပြောင်းရေးအပါအဝင် ပြုပြင်ပြောင်လဲရေးတွေ ဒိထက်မက တိုးတက်အောင် ပညာရေးနဲ့ စီးပွားရေးအရ ကူညီနေတဲ့ အစီအစဉ်တွေအတွက် အမေရိကန်ပြည်ထောင်စုက ဂုဏ်ယူပါတယ်။"

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ ဇွန်လ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ နေပြည်တော်မှာကျင်းပမယ့် အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲအပြင် အာဆီယံ ဒေသတွင်းစည်းဝေးပွဲ၊ မဲခေါင်မြစ်ဝှမ်းဒေသနဲ့ အောက်ပိုင်း မဲခေါင်မြစ်ဝှမ်းဒေသမိတ်ဆွေနိုင်ငံများစည်းဝေးပွဲ စည်းဝေးပွဲတွေတက်ရောက်နေမှာဖြစ်ပါတယ်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ ဂျပန်နဲ့ သြစတေးလျနိုင်ငံတို့အတူ ၃ ပွင့်ဆိုင် ဆွေးနွေးပွဲကိုလည်း တက်ရောက်မှာ ဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် - အာဆီယံ အဖွဲ့အကြား ပြုလုပ်မယ့် ဆွေးနွေးပွဲ ကိုလည်း ဦးဆောင် ကျင်းပသွားမှာဖြစ်ပါတယ်။
အမေရိကန် သံတမန်ရေးအောင်မြင်မှုအဖြစ် မြန်မာကို အိုဘားမား နမူနာပြ
XS
SM
MD
LG