သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သံအမတ်ကြီး ၈-လေးလုံး ခေါင်းဆောင် တွေနဲ့တွေ့


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Derek Mitchell ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ရုံးခန်းမှာ သွားရောက်တွေ့ဆုံစဉ်။ (ဓာတ်ပုံ/၈၈ မျိုးဆက်)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Derek Mitchell ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ရုံးခန်းမှာ သွားရောက်တွေ့ဆုံစဉ်။ (ဓာတ်ပုံ/၈၈ မျိုးဆက်)
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ရှိထက် ပိုပြီး ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက် ပေးဖို့ အစီအစဉ်ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Darek Mitchell က ပြောလိုက်ပါတယ်။ အင်္ဂါနေ့ မနက်ပိုင်းက ၈၈ မျိုးဆက် ကျောင်းသားတွေကို သူတို့ရုံးခန်းမှာသွားရောက် တွေ့ဆုံစဉ် အမေရိကန် သံအမတ်က အခုလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးခွဲကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဟာ ဒီကနေ့ မနက် ၉ နာရီခွဲလောက် က သင်္ကန်းကျွန်း ဝေဇယန္တာလမ်းမှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ ရုံးခန်းမှာ တခြား သံရုံးအရာရှိတချို့နဲ့အတူ သွားရောက် တွေ့ဆုံခဲ့တာပါ။

၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ သံအမတ်ကြီး Derek Mitchell တို့ဟာ မြန်မာနိုင်ငံ အကြောင်း အတော်များများကို ဆွေးနွေးဖြစ်ခဲ့ကြပြီး အဓိကအားဖြင့်တော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အသွင် ကူးပြောင်းရေး လုပ်ငန်းတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီထက်မက တိုးပြီး ကူညီ လုပ်ဆောင်ပေးဖို့ ရှိတယ်ဆိုတာကိုပါ သံအမတ်ကြီး ပြောကြားသွားတယ်လို့ ဒီတွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ် က ပြောပါတယ်။

“အဓိက-ကတော့ဗျာ။ ဝါရှင်တန်နဲ့ နေပြည်တော်ရဲ့ ဆက်ဆံရေးအခြေအနေတွေ၊ ပြီးတော့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုမှာ ကျနော်တို့ ၈၈ က အခန်းကဏ္ဍတွေ၊ ပြီးတော့ အခြား ဒီမိုကရေစီအင်အားစုတွေရဲ့ အခန်းကဏ္ဍတွေ၊ လူ့အခွင့်အရေးကိစ္စတွေ၊ ရခိုင်ပြည်နယ် ကိစ္စတွေ စသဖြင့် ကျယ်ကျယ်ပြန့်ပြန့်တော့ တော်တော်များများ ဆွေးနွေးဖြစ်ပါတယ်။ မစ္စတာ ဒဲရက်ခ်၊ မစ်ချဲလ် လက်ထက်မှာတော့ - သူ တော်တော်ကြီးကို တက်တက်ကြွကြွတော့ လုပ်နေတယ်ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်။ အဖွဲ့အစည်းအားလုံးနဲ့ဆုံတယ်၊ ပြီးတော့ တိုင်းရင်းသားဒေသတွေကိုပါ သူ့ ခရီးစဉ်တွေ ရှိသေးတယ်လို့ ပြောပါတယ်။

ပြီးတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အမေရိကန်ဟာ ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း ထဲထဲဝင်ဝင် ပါလာနိုင်ဖို့အထိပါ။ ဒီဟာကတော့ တိုင်းပြည်အတွက်မှာ မြန်မာနိုင်ငံဟာ အထီးကျန် ဖြစ်ခဲ့တာလည်း ကြာပြီ၊ ဂုဏ်သိက္ခာရှိရှိနဲ့ ကမ္ဘာ့မိသားစုဝင် နိုင်ငံတွေ အားလုံးကြားထဲမှာ ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်ဖို့ကို ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ကျနော်တို့ ဆက်ဆံရမှာပါ။ အခု အမေရိကန်နဲ့ EU၊ အထူးသဖြင့် ပြန်လည်ဝင်ရောက်လာတဲ့ ကိစ္စဟာ ကျနော်တို့တိုင်းပြည်ရော၊ ကျနော်တို့ နိုင်ငံသားတွေ အားလုံးအတွက်ရော အကောင်းဘက်က မြင်ပါတယ်။ ”

အမေရိကန်နိုင်ငံမှာရှိတဲ့ အဓိက နိုင်ငံရေးပါတီကြီး နှစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလီကန် ပါတီတို့ဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲပြားမှုမရှိဘဲ အတူ ပူးပေါင်း ကူညီလုပ်ဆောင်ပေးရေးဆိုတဲ့ မူဝါဒကို ချမှတ်ကျင့်သုံးနေတာကြောင့် ပိုပြီး အကျိုးသက်ရောက်မှု ဖြစ်စေမှာ ဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားတွေကတော့ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်ကြ တဲ့နေရာမှာ စီးပွားတခုတည်းကိုပဲ မကြည့်ဘဲနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေး အတွက် သူတို့အနေနဲ့ ဦးတည် လုပ်ဆောင်နေတယ်ဆိုတာကို တင်ပြ ဆွေးနွေးခဲ့တယ်လို့ ကိုဌေးကြွယ်က ဆက်ပြောပြပါတယ်။

“ကျနော်တို့ကတော့ ဒီ ၈၈ ရဲ့ မြန်မာ့နိုင်ငံရေးမှာ ရပ်တည်နေတဲ့ ပုံစံ၊ ပြီးတော့ ကျနော်တို့ လုပ်ဆောင်နေတဲ့ ပုံစံတွေ၊ ပြီးတော့ ကျနော်တို့ မျှော်မှန်းချက်တွေ ပေါ့နော်။ မြန်မာအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ စီးပွားရေးတင် မကဘဲနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြည့် ဝရေးပေါ့။ နိုင်ငံရေး အပိုင်းကိုပါ ကမ္ဘာ့နိုင်ငံကြီးတွေ အားလုံးက ဝင်ရောက်ပြီး ဆောင်ရွက်ဖို့တော့ ကျနော်တို့ ပြောဖြစ်ပါတယ်။”

သံအမတ်ကြီး Derek Mitchell ဟာ ပြဿနာဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေကိုလည်း မကြာခင်မှာ ကိုယ်တိုင် သွားရောက် လေ့လာဖို့ ရှိတယ်လို့ သိရပါတယ်။

ဒါဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ မစ္စတာ Derek Mitchell တို့ အခုမှ တွေ့ကြ တာတော့ မဟုတ်ပါဘူး။ မစ္စတာ Derek Mitchell သံအမတ်အဖြစ် ဇွန်လကုန်ပိုင်းမှာ အမေရိကန် လွှတ်တော်ကနေ တရားဝင် အတည်ပြု ခန့်အပ်ခြင်း မခံရခင်ကလည်း ၈၈ မျိုးဆက် ကျောင်း သားတွေနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

အမေရိကန်သံအမတ်ကြီး Derek Mitchell ဟာ မြန်မာ့ ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့လည်း အကြိမ်ကြိမ် တွေ့ဆုံဖူး သလို နေပြည်တော်မှာရှိတဲ့ အစိုးရပိုင်းက တာဝန်ရှိ သူတွေ၊ အတိုက်အခံအင်အားစုတွေနဲ့လည်း မကြာခန တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး အခြေအနေတွေ ကို ဆွေးနွေးလေ့ ရှိသူတဦးပါ။

သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း လုပ်ဆောင်လာတဲ့ ပြုပြင် ပြောင်းလဲရေးတွေအရ အမေရိကန်ပြည်ထောင်စုဘက်ကလည်း အရင် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို အကန့်အသတ်နဲ့ လျော့ချပေးနေတာကြောင့် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံထဲ သွားပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ကြဖို့ စိုင်းပြင်းနေကြတာပါ။

မြန်မာအစိုးရက အမည်မည်းစာရင်းထဲပါနေသူ ခြောက်ထောင်ကျော်ထဲက နှစ်ထောင်ရဲ့ အမည်စာရင်းကို ပယ်ဖျက်ပေးပြီး မရှေးမနှောင်းမှာပဲ အမေရိကန်ပြည်ထောင်စုကလည်း သမ္မတ ဦးသိန်းစိန်အပါအဝင် မြန်မာအစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တချို့အပေါ် တဦးချင်းစီအလိုက် ပိတ်ဆို့ အရေးယူထားတာနဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်တချို့ကို လျှော့ချပေး လိုက်တဲ့ အကြောင်း ကြေညာခဲ့ပါတယ်။ ဒါကြောင့်လည်း မကြာခင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပဖို့ ရှိနေတဲ့ ကုလသမဂ္ဂ ညီလာခံကို တက်ရောက်ဖို့ စီစဉ်ထားတဲ့ သမ္မတ ဦးသိန်းစိန်အနေနဲ့ အမေရိကန် နိုင်ငံအတွင်း လွတ်လပ်စွာ သွားရောက် လည်ပတ်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။
XS
SM
MD
LG