သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ခန့်အပ်မှု ဆီးနိတ်အတည်ပြု

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) အဆိုပြုထားသူ ဒဲရက်မစ်ချဲလ် (Derek Mitchell) ကို အထက်လွှတ်တော်က အတည်ပြု ထောက်ခံလိုက်ပါပြီ။ သောကြာနေ့က အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တာ ဖြစ်တဲ့အတွက် မစ္စတာ မစ်ချဲလ် ဟာ ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဖြစ်လာတော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ ညှိနှိုင်းရေးမှုးနဲ့ အမေရိကန်သမ္မတရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် တာဝန်ယူခဲ့ရသူ ဒဲရက်မစ်ချဲလ်ဟာ သူရဲ့တာဝန်တွေကို အထူး ကျေပွန်အောင် ထမ်းဆောင်ခဲ့သူတယောက် ဖြစ်ပြီး သူ့ရဲ့ အတွေ့အကြုံတွေက ဒေသတွင်းအမေရိကန်ရဲ့ အကျိုးစီးပွားကို တိုးမြှင့်နိုင်မယ်လို့ ယုံကြည်ကြောင်း အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပက်ပလီကန် အမတ် မစ်ချ်မက်ကောနဲလ် (Mitch McConnell) က ပြောပါတယ်။

မစ္စတာ မစ်ချဲလ်ကို သံမတ်အဖြစ် ခန့်သင့် မသင့်ကို ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ စစ်ဆေးကြားနာခဲ့စဉ်တုန်းက မစ္စတာ မစ်ချဲလ် က မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုကြား ထိတွေ့ဆက်ဆံရေး မူဝါဒဟာ အကျိုးဖြစ်ထွန်းပြီး ဒီထက်ပို ရှေ့ဆက် လုပ်ဆောင်ဖို့ လိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရဟာ အပြောင်းအလဲတွေ လုပ်ဖို့ သန္နိဌာန်ချထားကြတယ် ဆိုတာ ယုံကြည်တယ်လို့လည်း ကြားနာပွဲမှာ သူက ပြောကြားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် လူထု အုံကြွမှုကြီးကို စစ်တပ်က ရက်ရက်စက်စက် နှိမ်နှင်းခဲ့တာကြောင့်ရော၊ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲ မပေးတာကြောင့်ပါ ၁၉၉၀ ခုနှစ်ကတည်းက စပြီး အမေရိကန်က မြန်မာနိုင်ငံမှာ သံအမတ်ကြီးအဆင့် ထားရှိမှုကို ရပ်စဲခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်အစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့နောက်ပိုင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) ရဲ့ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိဖို့ ပြန်လည် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG