သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အထူးကိုယ်စားလှယ် နေပြည်တော် ရောက်ရှိ


အမေရိကန်အထူးကိုယ်စားလှယ် နေပြည်တော် ရောက်ရှိ
အမေရိကန်အထူးကိုယ်စားလှယ် နေပြည်တော် ရောက်ရှိ

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ဟာ ဒီကနေ့ပဲ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေနဲ့သာမက ကျင်းပနေဆဲ လွှတ်တော်ထဲက တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ အစိုးရသစ်တက်လာပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့တဲ့ ၅ ရက်ကြာ ခရီးစဉ်ရဲ့ ပထမနေ့အဖြစ် အခုလို တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းရေးမှူးအပြင် အထူးသံတမန်တဦးလည်း ဖြစ်တဲ့ မစ္စတာ ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ဟာ ဒီကနေ့ စက်တင်ဘာလ ၉ ရက် သောကြာနေ့ မနက်မှာ နေပြည်တော်ကို ရောက်ခဲ့ပြီး ပထမဆုံး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က တာဝန်ရှိသူတချို့နဲ့အတူ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ အရင်ဆုံး တွေ့ပါတယ်။ ဒီတွေ့ဆုံမှုအတွင်း လွှတ်တော်ရဲ့ ဥပဒေပြုရေးဆိုင်ရာ အဆင့်ဆင့်နဲ့ပတ်သက်လို့ သူသိချင်တာတွေ မေးမြန်းခဲ့သလို ပါလီမန် ဒီမိုကရေစီစနစ်မှာ ဥပဒေပြုရေးဟာ အရေးကြီးပုံနဲ့ တခြား အကြံပြုချက်တွေကိုပါ ဆွေးနွေးတင်ပြသွားတယ်လို့ မစ္စတာ ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ကို ဒီကနေ့ တွေ့ခဲ့သူထဲက တဦးဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

“သူက လွှတ်တော်ရဲ့ ဥပဒေပြုရေးအဆင့်ဆင့်ကို သိလိုတယ်လို့ မေးပါတယ်။ အဲဒါကို ဒီဘက်က ဥပပေပြုပုံအဆင့်ဆင့်ကို ရှင်းပြပါတယ်။ နောက် မြန်မာနဲ့ အမေရိကန်ရဲ့ တရင်းတနှီး ဆက်ဆံလိုတဲ့ကိစ္စတွေ ရှိကြတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါက အာရှပစိဖိတ်ဒေသမှာ အရေးကြီးကြောင်းလည်း သူတို့က သိပါတယ်။ အဲဒီတော့ မြန်မာပြည်ရဲ့ အခုလက်ရှိ ပြုပြင်ပြောင်းလဲလာတဲ့ အခြေအနေတွေကို သူတို့ တော်တော်လေး စိတ်ဝင်စားတယ်။ ထဲထဲဝင်ဝင် ဆက်ဆံလိုတဲ့သဘောကိုလည်း ပြပါတယ်။ သူတို့ဘက်ကလည်း လွှတ်တော်ရဲ့ ဥပဒေပြုမှုဟာ အားကောင်းနေမှ ပါလီမန် ဒီမိုကရေစီစနစ်မှာ ဒီဥစ္စာက အရေးကြီးတယ်ဆိုတာ ပြောပြပါတယ်။ သူကတော့ အပြုသဘောတွေ့တယ်၊ နောက်လည်း တွေ့ချင်တယ်၊ အခုလို တွေ့ရတာ ဝမ်းသာတယ်။ ဒါကို ဆက်ဆံရေးအသစ် စတဲ့သဘောပါပေါ့ဗျာ။ ဟိုတုန်းကထက် အပြုသဘောနဲ့ ဒီကာလလေးမှာ အပြောင်းအလဲတွေ ဖြစ်လာတယ်။ အပြုသဘောဆောင်တဲ့ဘက်ကို ပို ဦးတည်လာတယ် ဆိုတဲ့အခါကျတော့ သူ လာရတဲ့အကြောင်းရင်းကလည်း အဲဒါတွေပါ။ ဟိုတုန်းကနဲ့ အခုဟာ မတူခဲ့ဘူး။ အတိတ်ဟာ အတိတ်မှာ ကျန်ခဲ့ပြီလေ။ အဲဒီသဘောတွေလည်း ပါတာပေါ့။ ကျနော်တို့ ဆက်ပြီးလုပ်သွားနိုင်တဲ့ အခြေအနေက ရှေ့မှာရှိလာမယ်ဆိုတဲ့ သဘောပါ။ သူအကြံပြုချက်တွေကိုလည်း တလေးတစား နားထောင်ကြတယ်။”

အမျိုးသားလွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့အတူ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌအပြင် လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပါ မစ္စတာ ဒဲရက်ခ်မစ်ချဲလ်ဟာ ၁ နာရီကြာ တွေ့ဆုံခဲ့တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

မစ္စတာ ဒဲရက်ခ် မစ်ချဲလ် ဟာ မနက်ဖြန် စက်တင်ဘာလ ၁၀ ရက်နေ့အထိ နေပြည်တော်မှာရှိမှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးအပြင် နောက်ထပ် အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ မစ္စတာ ဒဲရက်ခ် မစ်ချဲလ် ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်နေတယ်ဆိုတာကိုတော့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက အတည်ပြုပြောကြားပေမဲ့ နောက်ဆက်တွဲ သူ ဘာတွေ လုပ်ဆောင်မလဲ ဆိုတဲ့ အခြေအနေ အသေးစိတ်ကိုတော့ ဖော်ပြခြင်းမရှိပါဘူး။

မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ဟာ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းရေးမှူး ဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ် အလျင်အမြန် ဖော်ဆောင်ရေးကိစ္စ၊ လူ့အခွင့်အရေး အခြေအနေတွေနဲ့အတူ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ဆိုတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ သဘောထားတွေကို အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့တဲ့အခါ ပြောဆိုမှာဖြစ်ပါတယ်။ အဲဒီလိုပဲ မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်ကလည်း တိုးတက်တဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေနဲ့ သူတို့ရဲ့လုပ်ငန်းတွေ၊ ကော်မရှင်တရပ်ဖွဲ့ပြီး လူ့အခွင့်အရေး မြင့်တင်ဖို့ ကြိုးစားချက်တွေကို ပြောပြရင်း အမေရိကန်ဘက်က ပိတ်ဆို့ထားတဲ့ အရေးယူမှုတွေကို ပြန်လည်သုံးသပ်ဖို့ တင်ပြမယ်လို့ အစောပိုင်းမှာ သမ္မတ အကြံပေးအဖွဲ့က ဦးနေဇင်လတ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၂ ရက် တနင်္လာနေ့မှာတော့ မစ္စတာ ဒဲရက်ခ် မစ်ချဲလ် ဟာ ရန်ကုန်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံမှာ ဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီနေ့ နေ့လည်ပိုင်းမှာတော့ အမေရိကန်စင်တာမှာ နောက်ထပ် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ဖိတ်ထားပါတယ်။ အစိုးရမဟုတ်တဲ့ NGO လိုအဖွဲ့တွေနဲ့လည်း လူမှုရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက သူ့ခရီးစဉ်မစခင် အစောပိုင်းက ထုတ်ပြန်တဲ့စာထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူးဖြစ်တဲ့ မစ္စတာ ဒဲရက်ခ်မစ်ချဲလ် ဟာ ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့ကနေ လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့အထိ ၅ ရက်ကြာ မြန်မာနိုင်ငံမှာ ရှိနေမှာဖြစ်ပြီး ဒါဟာ သူ့ရဲ့ ပထမဆုံး မြန်မာပြည်ခရီးစဉ်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG