သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တွေ့ဆုံဆွေးနွေးမှုများအပေါ် အမေရိကန် သံတမန် အကောင်းမြင်


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်။ စက်တင်ဘာ ၁၂၊ ၂၀၁၁။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်။ စက်တင်ဘာ ၁၂၊ ၂၀၁၁။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ သွားရောက် တွေ့ဆုံခဲ့တဲ့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) က ဒီခရီးစဉ်အတွင်း တွေ့ဆုံ ဆွေးနွေးမှုတွေဟာ အပြုသဘော ဆောင်တယ်လို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုက မြန်မာ့ဒီမိုကရေစီရေးအတွက် ထောက်ခံ အားပေးနေတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကလည်း အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဒဲရက်ခ် မစ်ချဲလ်ရဲ့ မြန်မာပြည် ခရီးစဉ်အတွက် သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက ရန်ကုန်မြို့ကနေ တိုက်ရိုက် သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရက်ခ် မစ်ချဲလ်ဟာ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံတုန်းက အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပတ်သက်ပြီး အခုလို တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

“လွှတ်ပေးမယ်၊ မပေးဘူး ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ ကျနော်တို့ရဲ့ အမှာစကားကတော့ ရှင်းလင်း ပြတ်သားပါတယ်။ မြန်မာနိုင်ငံမှာ လောလောဆယ် တွေ့နေရတဲ့ လှုပ်ရှားမှုတွေကို အဘက်ဘက်က ခြုံကြည့်ရင် အပြုသဘောဆောင်တာ တွေ့ရပါတယ်။ ဒါကြောင့် တာဝန်သိသိနဲ့ တာဝန်ယူ ဆောင်ရွက်သွားလိမ့်မယ်လို့ ယူဆတဲ့အကြောင်း။” ပြောပြသွားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD CEC ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံအပြီးမှာ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်က အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်နဲ့ တွေ့ဆုံရတဲ့ အခြေအနေဟာ အရင်က အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) လာတုန်းက နိုင်ငံရေး အခင်းအကျင်းနဲ့ ကွာခြားမှု ရှိတယ်လို့ အခုလို ပြောပါတယ်။

“အခုပြောရတဲ့ ပုံစံကတော့ နည်းနည်းကွာတာပေါ့။ အခြေအနေက ဘာလဲဆိုတော့ ပြောင်းလဲတဲ့ အခြေအနေပေါ်မှာ ဟိုဘက်ကလည်း သိချင်တာ ရှိသလို ဒီဘက်ကလည်း သူတို့အမြင်ကို သိချင်တယ်။ အများလည်း သိပြီးသား ဖြစ်သလို အမေရိကန် ပြည်ထောင်စုကတော့ ဒီမိုကရေစီ အရေးကို အမြဲပဲ ထောက်ခံပါတယ်။”

အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်နဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို မှတ်ချက်ချ ပြောဆိုပါသေးတယ်။

“အမေရိကန် ပြည်ထောင်စုကတော့ အစကတည်းက မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာနဲ့ လျှောက်သွားတဲ့ အခါကျရင် အမျိုးမျိုး ကူညီချင်တဲ့ စိတ်ဓာတ်တွေ ရှိတယ်ဆိုတာတော့ သူတို့လည်း ဖော်ပြပြီးသားကိစ္စ ဖြစ်ပါတယ်။ ဒါတွေကိုလည်း ပြန်ပြီးတော့ ပြောတာပါပဲ။”

မြန်မာ့နိုင်ငံရေး နယ်ပယ်မှာရော ပြည်ပရောက် အကဲခတ်တွေ ကြားထဲမှာပါ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေတယ်လို့ ပြောဆိုကြတဲ့ အပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

“မေးတဲ့ မေးခွန်းက အသုံးချခံနေရမှာ စိုးတယ်တဲ့။ အဲဒီတော့ အန်တီပြောတာက အန်တီကိုယ်တိုင်ကတော့ အသုံးချခံနေရတယ်လို့ မထင်ဘူးပေါ့။ ဒါပေမဲ့ အသုံးချတယ် ဆိုရင်လည်း ကိုယ့်တိုင်းပြည်အတွက် အသုံးချတယ်ဆိုရင် ဘာဖြစ်လဲ၊ ချပေါ့။”

သမ္မတ ဦးသိန်းစိန်က ပြည်ပရောက် မြန်မာတွေ ပြန်လာဖို့ ကြိုဆိုတယ်လို့ ပြောခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားက ပြန်လာလိုကြတဲ့ မြန်မာတွေ ပြန်လာရေးနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား အမြင်က ဒီလိုပါ။

“ပြည်ပရောက် မြန်မာတွေကလည်း မြန်မာတွေပဲ။ အားလုံး ဒီတိုင်းပြည်က အရေးကို စိတ်ဝင်စားမှာပေါ့။ အန်တီတို့ မြင်တာကတော့ ပြည်ပနဲ့ ပြည်တွင်းက ခြေလှမ်းညီမှ ကောင်းမှာပါ။ ညီညီညွတ်ညွတ်နဲ့လုပ်မှ ပိုကောင်းမှာပါ။ ပြည်ပက တမျိုးလုပ်၊ ပြည်တွင်းက တမျိုးလုပ်ရင် ဘယ်အဆင်ပြေမလဲ။ အားလုံးအတူတူပဲဟာ၊ ညီညီညွတ်ညွတ်နဲ့ လုပ်ကြရမယ်။”

ပြည်ပရောက် မြန်မာတွေရော ပြည်တွင်းက မြန်မာတွေပါ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ရဲ့ အကျိုးအတွက် တက်ညီလက်ညီ လက်တွဲ ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားတာပါ။

အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတဲ့ နောက်ပိုင်းမှာ ဒဂုံမြို့နယ်ရှိ အမေရိကန်စင်တာမှာ ကျင်းပတဲ့ 9/11 ဆယ်နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို မြန်မာပြည်ရောက် အမေရိကန် နိုင်ငံသားများနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ဟာ မနက်ဖြန် အင်္ဂါနေ့မှာတော့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုက ခေါင်းဆောင်တွေအပြင် တခြား အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

XS
SM
MD
LG