သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်က် မစ်ချဲလ် (Derek Mitchell) ဟာ ဒီကနေ့ မြန်မာနိုင်ငံမှာ ရောက်နေပါတယ်။ သံတမန် မစ်ချဲလ်ဟာ ကြိုတင် ကြေညာမထားဘဲ မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့ဆီ ရောက်သွားတာဖြစ်ပြီး မြန်မာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ နေပြည်တော်ဆီ ဆက်သွားမယ်လို့ ရန်ကုန်မြို့၊ အမေရိကန်သံရုံး တာဝန်ရှိသူတစ်ယောက်က ဗွီအိုအေကိုပြောပါတယ်။

မြန်မာအစိုးရနဲ့ နိုင်ငံတွင်းမှာရှိတဲ့ တခြားလူပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ ပြောဆိုဆွေးနွေးတာတွေ အပါအ၀င် ဆက်ပြီးလုပ်ဆောင်နေတဲ့ မူကိုလက်ကိုင်ထားတဲ့ ထိတွေ့ဆက်ဆံရေးကို တည်ဆောက်သွားနိုင်ရေးအတွက် သံတမန်မစ်ချဲလ်ဟာ မြန်မာနိုင်ငံဆီ မကြာခဏ လာရောက်ဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်မြို့၊ အမေရိကန် သံရုံး ပြောရေးဆိုခွင့်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့၊ အတိုက်အခံတွေ၊ လူနည်းစု တိုင်းရင်းသားတွေနဲ့ ပြောဆို ဆွေးနွေးဖို့၊ နျူကလီးယားမပြန့်ပွားရေးဆိုင်ရာ နိုင်ငံတကာ တာဝန် ၀တ္တရားတွေနဲ့အညီ မြန်မာနိုင်ငံက လုပ်ဆောင်ဖို့နဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် အကြမ်းဖက်တာတွေကို အဆုံးသတ်ဖို့တွေအပါအ၀င် အမေရိကန်ပြည်ထောင်စုရဲ့ အဓိကစိုးရိမ်ချက်တွေကို ရနိုင်တဲ့ အခွင့်အလမ်းမှန်သမျှအသုံးချပြီး မြန်မာ တာဝန်ရှိသူတွေနဲ့ ပြောဆိုသွားမယ်လို့ သံရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မစ္စတာ ဒဲရက်က် မစ်ချဲလ်ဟာ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် စပြီး တာဝန်ထမ်းဆောင်ကတည်း ကဆိုရင် အခုတကြိမ် နှစ်ရက်ကြာမယ့်ခရီးစဉ်ဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလမှာမှ ပထမတကြိမ် သွားရောက်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက မြန်မာ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ရော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

အခုခရီးစဉ်အတွင်း ဘယ်သူတွေနဲ့ တွေ့ဆုံဖို့ရှိတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

XS
SM
MD
LG