သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်အရေး ကူညီ ဖြေရှင်းပေးဖို့ ဒဲရစ်မစ်ချဲလ်ကို မွန်ပါတီများတိုက်တွန်း


A woman casts her vote at a polling site in the upscale Zamalek district of Cairo, May 27, 2014.
A woman casts her vote at a polling site in the upscale Zamalek district of Cairo, May 27, 2014.
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်မစ်ချဲလ် နဲ့အဖွဲ့ဟာ မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ် ဒေသတွေအတွင်း အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို လေ့လာဖို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပါတယ်။ အမေရိကန် သံအမတ်ကြီးရဲ့ မွန်ပြည်နယ်ခရီးစဉ်မှာ ဒေသတွင်း မွန်နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင် မွန်ပြည်သစ်ပါတီ အဖွဲ့အစည်းတွေရဲ့ အနေအထားကို မေးမြန်းခဲ့သလို မွန်ပါတီတွေဘက်ကလည်း ကချင်ဒေသ ပဋိပက္ခအရေးကို အမေရိကန်အစိုးရက ကူညီ ဖြေရှင်းပေးဖို့ တိုက်တွန်းခဲ့တယ်လို့ မွန်ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ မြန်မာအစိုးရရဲ့ လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သံသယဝင်စရာ အနေအထားမှာ ရှိနေကြောင်း သံအမတ်ကြီးက ပြောဆိုခဲ့တယ် လို့ မွန်ပါတီခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်ဂျေမစ်ချဲလ်နဲ့ အဖွဲ့ဟာ မွန်ပြည်နယ် မော်လမြိုင် မြို့ကို ရောက်လာပြီးတော့ ဇန်နဝါရီလ ၁၂ နေ့ညပိုင်းမှာ မွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ မွန်ပြည်သစ်ပါတီ တို့နဲ့ အတ္တရံဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။ မနေ့ညပိုင်းက တွေ့ဆုံမှုမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချဲလ် ကနေ မွန်နိုင်ငံရေးပါတီတွေရဲ့ အခြေအနေကို မေးမြန်းခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် နိုင်တလညီ က အခုလို”ပြောပါတယ်။

“အဓိက သူပြောတာကတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီနဲ့ဆိုရင်တော့ ကျနော်တို့ ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အနေအထားရယ်၊ နောက်ပြီးတော့ ကျန်တဲ့ မွန်ဒေသလုံးဆိုင်ရာပါတီနဲ့ နောက်တော့ မွန်ဒီမိုကရေစီပါတီတွေက ကိုယ်စားလှယ်တွေကိုလည်း ပါတီရဲ့ အနေအထားကို လည်း မေးတာပေ့ါနော်။”

ဒီတွေ့ဆုံမှုကနေ လက်ရှိတိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ ကချင်ဒေသအရေးကို အမေရိကန် အစိုးရကနေဖြေရှင်းပေးဖို့ အမေရိကန် သံအမတ်ကြီးကို မွန်နိုင်ငံရေးပါတီတွေက တိုက်တွန်းခဲ့တယ် လို့လည်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် နိုင်တလညီ က အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့အနေနဲ့ အဓိက ကတော့ ကချင်ဒေသမှာဖြစ်နေတဲ့၊ ကေအိုင်အိုနဲ့ ဖြစ်နေတဲ့စစ်ပွဲကို အမေရိကန် အစိုးရဘက်က တတ်နိုင်သမျှ ဝိုင်းဝန်း ဖြေရှင်းပေးဖို့ ကျနော်တို့က ဆွေးနွေးတာပေါ့နော်။ အခုဖြစ်နေတဲ့တာကို သူတို့အစိုးရအနေနဲ့ သူတို့ အနီးကပ်လေ့လာပြီးတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေပါတယ်လို့ ပြောတယ်လေ။”

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီရဲ့ လုပ်ဆောင်မှုအပိုင်းတွေမှာ အားမရတဲ့ အနေအထားမှာ ရှိနေတယ်ဆိုပြီး အမေရိကန်သံအမတ်က ပြောဆိုခဲ့တယ်လို့လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ နိုင်ငွေသိန်း ကပြောပါတယ်။

“ပြောတာပေါ့ဗျာ သူကတော့။ ငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီးတော့ ကျနော်က သံသယရှိတယ်ဗျာတဲ့။ ဦးအောင်မင်းတို့ဟာ ကချင်မှာတမျိုး ဒီမှာတမျိုး၊ ပြီးတော့ ဒီမှာပြောတာတမျိုး၊ နိုင်ငံခြားမှာပြောတာ တမျိုး။ သူကသံသယ အမြဲဖြစ်တယ်တဲ့။ ဒါက ရိုးရိုးသားသား ပြောတာပါ။ ပြောပြပါတယ်။ ဒါတွေကတော့ သည်းခံဖို့ လိုတယ်။ ဒါပဲပေါ့လေ သူက အဲဒီလိုပြောတယ်။”

ဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်ဂျေမစ်ချဲလ်၊ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူး အပါအဝင် အဖွဲ့ဝင် ၃ ဦး တက်ရောက်ခဲ့သလို မွန်ပြည်သစ်ပါတီ ဘက်ကတော့ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် နိုင်တလညီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဥက္ကဋ္ဌ နိုင်ငွေသိန်း၊ မွန်ဒီမိုကရေစီပါတီက ဒုတိယဥက္ကဋ္ဌ နိုင်တင်အောင်တို့ တက်ရောက်ခဲ့ပါတယ်။
မွန်နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီးရင် မွန်သံဃာတော်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အမေရိကန်သံအမတ်ကြီးအနေနဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကရင်ပြည်နယ်ဘက်ကို ရောက်လာခဲ့ပြီး ကရင်နိုင်ငံရေးပါတီတွေ၊ ကရင် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒီခရီးစဉ်ကတော့ မွန်ပြည်နယ်ဘက်နဲ့ ကရင်ပြည်နယ်ဘက်မှာ အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို လေ့လာချင်တဲ့ ခရီးစဉ်တခုလို့လည်း မွန်နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။

အမေရိကန်သံအမတ်ကြီး မစ်ချဲအနေနဲ့ ၂၀၁၂ ခုနှစ် ဇွန်လလောက်မှာ သံအမတ်အဖြစ် စတင်တာဝန်ထမ်းဆောင်တဲ့ ကာလမှာ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်ဘက်ကို သွားရောက် လေ့လာခဲ့သလို ဒုက္ခသည်စခန်းတွေကိုလည်း လူသားချင်းစာနာမှု အကူအညီတွေ ပေးဆောင်ခဲ့ပါတယ်။

အမေရိကန်သံအမတ်အနေနဲ့ တိုင်းရင်းသားပြည်နယ်ဒေသမှာ နေထိုင်သူတွေ တွေ့ကြုံနေရတဲ့ အခြေအနေတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရအကြား အပစ်အခတ် ရပ်စဲရေး အခြေအနေ နိုင်ငံရေးဆွေးနွေးမှု အခြေအနေနဲ့ လတ်တလော ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို ဆွေးနွေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း အမေရိကန်သံရုံး ကနေ ဇန်နဝါရီ ၁၀ ရက်နေ့ ရက်စွဲနဲ့ ကျေညာချက် ထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG