သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းရေး သတ်မှတ်ချက်တွေ ပြည့်မီဖို့လို


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် နာရေးကူညီမှု အသင်းသို့ သွားရောက်လေ့လာစဉ်။ စက်တင်ဘာ ၁၁၊ ၂၀၁၁။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် နာရေးကူညီမှု အသင်းသို့ သွားရောက်လေ့လာစဉ်။ စက်တင်ဘာ ၁၁၊ ၂၀၁၁။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မူဝါဒ ညှိနှိုင်းရေးမှူး ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးနိုင်ဖို့အတွက် ဆိုရင် ပိတ်ဆို့ထားရတဲ့ အခြေခံ အကြောင်းရင်းတွေ ပြုပြင်ပြောင်းလဲမှု ရှိမရှိ သူ့အနေနဲ့ ဆန်းစစ်ရမှာ ဖြစ်တယ်လို့ ဒီနေ့ ပြောဆိုလိုက်ပါတယ်။ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်ရဲ့ ခရီးစဉ်ကို လိုက်ပါ သတင်းယူနေတဲ့ ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက ရန်ကုန်မြို့ကနေ တိုက်ရိုက် သတင်းပေးပို့ထားပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းတွေ၊ သမ္မတ အကြံပေးပုဂ္ဂိုလ် တချို့နဲ့ နိုင်ငံရေးပါတီ တချို့ကနေ ပိတ်ဆို့မှု ရုပ်သိမ်းရေး ပန်ကြားနေကြတာနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုရဲ့ ရပ်တည်ချက်ကို ဒဲရက်ခ် မစ်ချဲလ်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ပိတ်ဆို့မှု ရုပ်သိမ်းပေးရေးအတွက် အခြေခံ ပြုပြင်ရမယ့် အချက်တွေ ရှိပါတယ်။ အဲဒီ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကို အရင် ကိုင်တွယ်ဖို့ လိုပါတယ်။ အခုလောလောဆယ် တွေ့နေရတဲ့ အထိုက်အလျောက် ပြုပြင် ပြောင်းလဲမှုတွေ၊ လှုပ်ရှားမှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့်သွားမှာဖြစ်တယ်။”

အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်ဟာ ဒီနေ့မနက် ၈ နာရီက မြောက်ဒဂုံမှာရှိတဲ့ နာရေးကူညီမှု အသင်းကို သွားရောက်လေ့လာခဲ့တဲ့ အချိန်မှာ လိုက်ပါ သတင်းယူခဲ့ရင်းနဲ့ ပိတ်ဆို့မှု ရုပ်သိမ်းရေး အလားအလာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မူဝါဒ ညှိနှိုင်းရေးမှူးတဦး ဖြစ်တဲ့ သူ့အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာအစိုးရကို ထိတွေ့ဆက်ဆံရေး မူဝါဒဟာ တကယ်ပဲ ထိရောက်မှု ရှိမရှိဆိုတာ မေးမြန်းခဲ့ရာမှာ ဒဲရက်ခ် မစ်ချဲလ်က အခုလို ပြောပါတယ်။

“ကျနော် ဒီတာဝန်ကို ယူထားတာ သီတင်းပတ် အနည်းငယ်ပဲ ရှိသေးတော့ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒ ထိရောက်မှုရှိတယ်၊ မရှိဘူးဆိုတာ မှတ်ချက်ပြောဖို့ စောလွန်းပါသေးတယ်။ ဒီခရီးစဉ်မှာတော့ အခုချိန်ထိ ကျနော် တွေ့ရသလောက် အတော်လေး အကျိုးရှိတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံတွင်း ဖြစ်ထွန်းမှုတွေကို အနီးကပ် ဆန်းစစ် လေ့လာခွင့်လည်း ရပါတယ်။ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီးလည်း ဆွေးနွေးဖြစ်ပါတယ်။”

နာရေးကူညီမှု အသင်းလို လူမှုရေး လုပ်ငန်းတွေကို တက်တက်ကြွကြွ စေတနာ့ဝန်ထမ်း လုပ်အားပေးနေကြတာတွေ တွေ့ရလို့ နိုင်ငံအတွက် တိုးတက်ရာ တိုးတက်ကြောင်း တဘက်တလမ်းက ပါဝင် ဖြည့်ဆည်းပေးနေတာကိုလည်း အခုလို မှတ်ချက်ပေးပါသေးတယ်။

“လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ စိတ်ဝင်စားပါတယ်။ သောကြာနေ့ နေပြည်တော်ကို သွားတုန်းက မြန်မာတာဝန်ရှိသူတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပြုပြင်ပြောင်းလဲရေးတွေကို ဘယ်လိုဖော်ဆောင်နေသလဲ ဆိုတာကို ကျနော်သိအောင် ရှင်းပြခဲ့ပါတယ်။ အခု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အစိုးရ ခေါင်းဆောင်ပိုင်း တွေ့ဆုံနိုင်ကြပြီဆိုတော့ အပြုသဘောဆောင်တဲ့ ဖြစ်ထွန်းမှုတွေပဲလို့ ကျနော် မှတ်ချက်ချရမှာဖြစ်တယ်။”

အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်ဟာ ရုပ်ရှင်မင်းသား ကျော်သူ ဦးစီးတဲ့ နာရေးကူညီမှု အသင်းနဲ့ သုခ ကုသိုလ်ဖြစ် ဆေးခန်းကို တနာရီကျော်ကြာ လေ့လာခဲ့ပါတယ်။ အဲဒီကနေ ဆက်လက်ပြီး တောင်ဒဂုံမှာရှိတဲ့ NLD လူငယ် မဖြူဖြူသင်း ဦးစီးတဲ့ HIV/AIDS ဝေဒနာသည်တွေ စောင့်ရှောက်တဲ့ ဂေဟာကိုလည်း သွားရောက်လေ့လာပြီး လူနာတွေကို နှုတ်ဆက် အားပေးခဲ့ပါတယ်။ အဲဒီကနေ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ HIV/AIDS အထူးကု ဆေးရုံကိုလည်း ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။

မနက်ဖြန် စက်တင်ဘာလ ၁၂ ရက်နေ့ တနင်္လာနေ့မှာတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD CEC ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG