သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အထူးကိုယ်စားလှယ် နိုင်ငံရေး အကျဉ်းသားဟောင်းများနဲ့ တွေ့ဆုံ


အမေရိကန် အထူးကိုယ်စားလှယ် နိုင်ငံရေး အကျဉ်းသားဟောင်းများနဲ့ တွေ့ဆုံ
အမေရိကန် အထူးကိုယ်စားလှယ် နိုင်ငံရေး အကျဉ်းသားဟောင်းများနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံရဲ့ အထူးကိုယ်စားလှယ်နဲ့ မူဝါဒ ညှိနှိုင်းရေးမှူးဖြစ်တဲ့ မစ္စတာ ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ပထမဆုံး မြန်မာပြည် ခရီးစဉ်အဖြစ် စက်တင်ဘာ ၉ ရက်ကနေ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ၅ ရက်ကြာ ရောက်ရှိနေပါတယ်။ မစ္စတာ မစ်ချဲလ်ဟာ စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အပါအဝင် မြန်မာအစိုးရ အဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ စက်တင်ဘာလ ၁၁ ရက် တနင်္ဂနွေနေ့မှာတော့ အမေရိကန် အထူးကိုယ်စားလှယ်ဟာ လူမှုကူညီရေး အသင်းတွေဖြစ်တဲ့ ရုပ်ရှင်မင်းသား ဦးကျော်သူ ဦးစီးတဲ့ နာရေးကူညီမှုအသင်း၊ သုခ ကုသိုလ်ဖြစ် ဆေးခန်းနဲ့ တောင်ဒဂုံမြို့နယ်မှာ မဖြူဖြူသင်း ဦးစီးတဲ့ HIV/AIDS ဝေဒနာသည်တွေ ကူညီစောင့်ရှောက်ရေး ဂေဟာတွေကို သွားရောက် လေ့လာခဲ့ပါတယ်။

စက်တင်ဘာ ၁၂ ရက် မနေ့ကတော့ မစ္စတာ မစ်ချဲလ်ဟာ ရန်ကုန်မြို့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် တွေ့ဆုံပြီး တဆက်တည်း NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင်တွေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင် CRPP အဖွဲ့ဝင်တွေကိုပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ စက်တင်ဘာ ၁၂ ရက် တနင်္လာနေ့မှာပဲ မစ္စတာ မစ်ချဲလ်ဟာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ သီးခြား တွေ့ဆုံပြီး မြန်မာ့ တရားစီရင်ရေး၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှု အခြေအနေကိုလည်း အကျဉ်းချုပ် ပြောခဲ့တယ်လို့ ဖိတ်ကြားခံရသူတွေက ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ဟာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး၊ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေး လှုပ်ရှားဆောင်ရွက်နေသူ ၄ ဦးကို ရန်ကုန်မြို့တော်မှာရှိတဲ့ အမေရိကန် သတင်းနဲ့ ပြန်ကြားရေးဌာန (အမေရိကန် စင်တာ) မှာ သီးခြား ဖိတ်ကြားပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။ ဥပဒေအကြံပေး ဦးအောင်သိန်း၊ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမောင်မောင်လေး၊ မကြာခင်ကမှ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာကြတဲ့ ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော်နဲ့ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ကိုမြတ်သူတို့နဲ့ တွေ့ဆုံခဲ့တာပါ။

ဥပဒေ အကြံပေး ဦးအောင်သိန်းက မစ္စတာ ဒဲရက်ခ် မစ်ချဲလ်နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ တရားစီရင်ခွင့် မရှိတဲ့ တရားရေးမဏ္ဍိုင်အကြောင်း ပြောခဲ့တယ်လို့ အခုလို ပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်လို့ရအောင် ခက်ခဲအောင် လုပ်ထားတဲ့ ၇၅% လွှတ်တော်ကိုယ်စားလှယ်တွေက နေပြီးတော့ သဘောတူမှသာလျှင် ပြင်လို့ရမယ်ဆိုတဲ့ ဥပဒေ ပြဿနာပေါ်မှာ ဒါ မဖြစ်သင့်ဘူး။ ဒါကို ရာခိုင်နှုန်းအားဖြင့် သော်လည်းကောင်း၊ ပယ်ဖျက်၍သော်လည်းကောင်း တခုခုတော့ ပြုလုပ်သင့်တယ်ဆိုတဲ့ သဘောထားကိုတော့ ကျနော် သူ့ကို ပြောပြခဲ့ပါတယ်။

“နောက်တခုကတော့ ကျနော်တို့နိုင်ငံရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ တရားစီရင်ရေး စနစ်ကို ၃ ပိုင်းခွဲပြီး ကျနော် သူ့ကို ပြောပြတယ်။ နိုင်ငံရေး လှုပ်ရှားသူ နိုင်ငံရေးသမားတွေ အမှုတွေမှာတော့ အုပ်ချုပ်ရေး အာဏာပိုင်တွေက တရားစီရင်ရေး အပေါ်မှာ ဝင်ရောက် စွက်ဖက်တာတွေ ရှိပါတယ်။ အဲဒီအချိန်မှာ အုပ်ချုပ်ရေး အာဏာပိုင်ရဲ့ စွက်ဖက်မှုကြောင့် တရားစီရင်ရေးဟာ မလွတ်လပ်ဘူး။ ကျနော် အဓိက ပြောတာက လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်မဖြစ်ဆိုတဲ့ ကိစ္စပေါ်မှာ အခြေခံပြီး ကျနော်က ပြောတာကိုးဗျ။”

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်က ဦးမောင်မောင်လေးကို လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရသစ် ပြောင်းလာပေမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ အခုထက်ထိ အကျဉ်းထောင်တွေမှာ ထောင်ဒဏ်တွေ ကျခံနေရဆဲ ဖြစ်ကြောင်း၊ တိုင်းရင်းသား ဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ တိုးပွားလာတဲ့ အနေအထား၊ ဒုက္ခသည်အရေး၊ မတရား လယ်သိမ်းခံရတဲ့ လယ်သမားတွေရဲ့ လက်ရှိ အခြေအနေ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးအပြင် စိုးရိမ်ဖွယ်ရာ ကလေးစစ်သား ကိစ္စတွေကို ရှင်းပြခဲ့တယ်လို့ ဦးမောင်မောင်လေးက ပြောပါတယ်။

ဒီအပေါ်မှာတော့ မစ္စတာ ဒဲရက်ခ် မစ်ချဲလ်က မှတ်ချက်ပေးတာ မရှိပေမဲ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှု အခြေအနေကို ပြန်ပြီး ရှင်းပြခဲ့တယ်လို့ ဦးမောင်မောင်လေးက အခုလို ပြောပါတယ်။

“ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေရယ်၊ ဖွံ့ဖြိုးတိုးတက်မှု ကိစ္စတွေရယ်၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အဓိက အရေးကြီးတယ်။ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးမှုတရပ် ဆွေးနွေးဖို့ လိုအပ်တယ်ဆိုတာ သူပြောခဲ့တယ်ပေါ့လေ။ အဓိပ္ပာယ်ပြည့်တဲ့ ဆွေးနွေးမှုတရပ် ဆိုတာတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအဝင် ဆွေးနွေးနိုင်ပြီး မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ကျော်လွှားနိုင်တဲ့ အခြေအနေတရပ် ဖြစ်မှသာလျှင် သူတို့ဘက်က ပေါ်လစီ မူဝါဒ ပြောင်းဖို့ကိစ္စ ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်းလေးတွေ သူ့ဘက်က ဆွေးနွေးတင်ပြတဲ့ အခြေအနေပေါ့။”

မကြာခင်ကမှ ထောင်က လွတ်မြောက်လာတဲ့ ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော်လည်း ဒီကနေ့ တွေ့ဆုံပွဲမှာ တက်ရောက်ခဲ့ပါတယ်။ ကိုဇေယျာသော်က သူနဲ့ ပြောဖြစ် ဆိုဖြစ်တဲ့ အကြောင်းကို အခုလို ပြောပါတယ်။

“အခုလက်ရှိ အမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ ၂ ယောက် တွေ့ဆုံခဲ့တဲ့ တွေ့ဆုံမှု အပေါ်မှာ မူဝါဒအားဖြင့် ဆိုရင်တော့ ကျနော်တို့က လက်လည်း လက်ခံတယ်၊ သဘောလည်း ကျတယ်။ တခုရှိတာက ကျနော်တို့တွေ အနေနဲ့ကတော့ လုံး၀ မျက်စိမှိတ်ပြီး ယုံကြည်မှာတော့ မဟုတ်ဘူး။ ယုံကြည်မှုဆိုတာ ဖြစ်လာဖို့အတွက်က နောက်ကွယ်မှာ အတူလက်တွဲ လုပ်ဆောင်ဦးမှပဲ ယုံကြည်မှု တည်ဆောက်နိုင်မှာ ဖြစ်တယ်။”

မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ကတော့ မြန်မာအစိုးရ ဝန်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကနေ အပြုသဘောဆောင်တဲ့ အခြေအနေတွေကို သူ့အနေနဲ့ ကျေနပ်အားရ ဖြစ်ပေမဲ့ လက်တွေ့ လုပ်ဆောင်မှုတွေ ဖြစ်ထွန်းလာတဲ့အထိ စောင့်ကြည့်ဖို့တော့ လိုအပ်သေးတယ်ဆိုပြီး မှတ်ချက်ပေး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့လည်း မြန်မာ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေးတွေကို အချိန်ယူ ဆွေးနွေးသွားပါမယ်လို့လည်း ပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့သူတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG