သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ် အခြေအနေသွားလေ့လာ


ကချင်စစ်ပြေးဒုက္ခသည်တွေကို ထိရောက်တဲ့ အကူအညီတွေ ပေးအပ်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးမရနိုင်တဲ့ ကချင်ပြည်နယ်တွင်း အခြေအနေတွေကို လေ့လာဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်မစ်ချဲနဲ့အဖွဲ့ဟာ ပထမဆုံးအကြိမ် ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ နှစ်ရက်ကြာ သွားရောက်တဲ့ သူ့ရဲ့ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ဒေသခံအစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ စစ်ဘက် ဆိုင်ရာ တာရှိသူတွေအပြင် လူမှုသင်းဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့သလို စစ်ပြေးဒုက္ခသည် စခန်းတချို့ ကိုလည်း သွားရောက်ခဲ့တာပါ။ ဒီလို သံအမတ်ကြီးနဲ့အဖွဲ့ ကချင်ပြည်နယ်ကို ရောက်နေချိန်မှာပဲ ကချင်ပြည်နယ်တွင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး ဖားကန့်မြို့နယ်တွင်းမှာရှိတဲ့ ရဲစခန်းတခု လည်း တိုက်ခိုက်ခံခဲ့ရတာကြောင့် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ပထမဆုံးအကြိမ် ကချင်ပြည်နယ်ကို သွားရောက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲနဲ့အဖွဲ့ဟာ နှစ်ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ဒီဇင်ဘာလ ၁၇ ရက် တနင်္လာနေ့က မြစ်ကြီး နားမြို့ကို ရောက်ရှိခဲ့ပြီး၊ အဲ့ဒီမှာရှိတဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ကချင် ပြည်နယ်တိုင်းမှူးအပါအဝင် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့ ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေကို သီးခြား စီ တွေ့ဆုံခဲ့ပြီးတော့ လက်ရှိ ကချင်ပြည်နယ်တွင်းက အခြေအနေတွေ၊ မအောင်မမြင်ဖြစ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိစ္စတွေနဲ့ ဒုက္ခသည်အရေး ကိစ္စတွေကို မေးမြန်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့တွေ့ဆုံချိန် မစ္စတာမစ်ချဲအနေနဲ့ ဘာတွေ ပြောဆိုခဲ့သလဲလို့ ကချင်ပြည် နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ -

"မစ္စတာမစ်ချဲလ်ဟာ သူ့အနေနဲ့လာတဲ့ ပထမဦးဆုံး ခရီးစဉ်ဖြစ်တယ်၊ လာရောက် လေ့လာတာဖြစ်ပါ တယ်ဆိုပြီးတော့ ဝိုင်းမော်နဲ့ မြစ်ကြီနားစခန်း သုံးလေခုပဲ သူ ကြည့်ပြီးမှ ပြန်သွားပါတယ်။"

အင်္ဂါနေ့ကတော့ မြစ်ကြီးနားနဲ့ ဝိုင်းမော်မှာရှိတဲ့ ကချင်ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေ ရဲ့ အခြေ အနေတွေကို ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ပြီး သူ့အနေနဲ့ အခုလို လာရောက်တာ ဟာ နယ်စွန် နယ်ဖျားက ဒုက္ခသည်တွေကို ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ဖို့အတွက်ဖြစ်တယ်လို့ ပြော တဲ့အကြောင်း မစ္စတာမစ်ချဲနဲ့ တွေ့ဆုံခဲ့တဲ့ PCG ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင် ဦးယပ်ဇောင်ခေါန်းက ပြောပါတယ်။

"အဓိက ကတော့ ဒီ ဒုက္ခသည်စခန်းက တောထဲတောင်ထဲ နယ်စွန်နယ်ဖျား အရပ်ဒေသ မှာ ဖြစ်တဲ့အခါကျတော့ ကားလမ်းလည်း မပေါက်ဘူးဆိုတဲ့အခါကျတော့ ဘယ်လို ဘယ်ပုံ နည်းနဲ့ ရောက်အောင် ပို့ပေးလို့ဖြစ်မလဲ၊ PCG အနေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ပေးနိုင် မလဲ အဲဒါ စစ်ဘေးဒုက္ခသည်က ဘယ်လောက် ရှိသလဲ၊ ထပ်တိုးတာရှိသလားဆိုတော့ ကျနော်တို့လည်း လောလောဆယ် တိုက်ပွဲအခြေအနေအရ တိုးလာတာရှိပါတယ်လို့ ပြောလိုက်ပါတယ်။"

တနှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးကြရတဲ့ စစ်ပြေးဒုက္ခသည် ဦးရေဟာ အခုဆိုရင် ၁ သိန်းကျော်သွားပြီလို့ ကချင် ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ လူ့အခွင့် အရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့တပတ်ကလည်း KIO ဌာနချုပ်ရှိရာ လိုင်ဇာဘက်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် အဲ့ဒီနား ရွာတွေက ဒေသခံတွေ ထပ်မံထွက်ပြေးခဲ့ကြ ရပါတယ်။ ဒီလို ဒေသခံ ပြည်သူတွေ ဒုက္ခရောက်ကြ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်ရတာကြောင့် နှစ်ဘက် အပစ်အခတ်ရပ်စဲရေး အကြိမ်ကြိမ် ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေကလည်း အခုထိ မအောင်မြင်သေးပါဘူး။ ဒီလို ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေ မအောင်မြင်ရတာ ဘာကြောင့်လဲလို့ မစ္စတာ မစ်ချဲက PCG ကချင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ကို မေးခဲ့သေးတယ်လို့ ဦးယပ်ဇောင်ခေါန်း က ဆက်ပြောပြပါ တယ်။

"ဆွေးနွေးတဲ့နေရာမှာ ဒီလို အကြောင်းတွေကြောင့်မို့လို့ မအောင်မြင်တဲ့အပိုင်းက ဘာလို့ မအောင်မြင်သလဲ၊ ဘယ်လိုဖြစ်သလဲဆိုတဲ့ ကျနော်တို့ရဲ့ သုံးသပ်ချက်တွေကို မေးတာပါ။ ထိုးစစ်ဆင်မှုက နည်းနည်း ပြင်းပြင်းထန်ထန်ဖြစ်တဲ့အခါကျတော့ အခက်အခဲ ဖြစ်နေတယ်။ မကြာခင်တော့ အမြန်ဆုံးတွေ့ဆုံဖို့တော့ ကျနော်တို့လည်း ကြိုးစားပေးနေတာပေါ့လေ။ ထိုးစစ်ဆင်မှုကြောင့် ထိခိုက်တဲ့သဘောပဲလေ-"


ဝန်ကြီးဦးအောင်မင်းကတော့ ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ ဒါမှမဟုတ် ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ထပ်မံ တွေ့ဆုံဆွေးနွေးကြဖို့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က KIO ကို ကမ်းလှမ်းထားပေမဲ့ အခုထိတော့ တုံ့ပြန်မှု မရှိသေးပါဘူး။ အခုလို အမေရိကန်သံအမတ်ကြီး ဒဲရက်မစ်ချဲနဲ့အဖွဲ့ ကချင်ပြည် နယ်ကို ရောက်ရှိနေချိန်မှာပဲ ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေကလည်း ဆက်လက်ဖြစ်ပွားနေ ဆဲ ဖြစ်ပြီး အင်္ဂါနေ့ မနက်ပိုင်းကဆိုရင် ဖားကန့်မြို့အနီးက ကာမိုင်းရဲစခန်းကို လက်နက်ကိုင် အဖွဲ့တဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ လို့ သေဆုံးမှုရှိခဲ့တယ်လို့ မျက်မြင်သက်သေတဦးဖြစ်တဲ့ NLD အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဖားကန့်ခရိုင်အဖွဲ့ဝင် ဦးဟန်မြင့် က ဗွီအိုအေကို ပြောပြပါတယ်။

" နှစ်ယောက်သေပါတယ်။ သုံးယောက်ဒဏ်ရာရပါတယ်။ တပ်ကြပ် စိုးမင်းသူ အသက် (၃၀) ခန့်နဲ့ သူနာပြု ဒေါ်တင်မေအောင် အသက် (၂၈) နှစ်ပါ။ အဲဒါက သေစာရင်းပါ။ တပ်ကြပ်ထွန်းအေး၊ ဒေါ်မေမွှေးစိန်ရယ်၊ နောက် ဒေါ်လှစိန်နုရယ်၊ အဲဒါက သားအမိပါ။ အဲဒါတွေက ဒဏ်ရာရပါတယ်။ အဲဒီသုံးယောက်ရဲ့ အခြေအနေကလည်း မကောင်းပါဘူး။ ဆီးခုံမှာတွေတို့၊ တင်ပါးကနေ ဗိုက်ဖောက်ထွက်တာတို့၊ ဗိုက်ကနေ နောက်ဖောက် ထွက်တာတို့၊ လက်ကျိုးတာတို့ အဲဒီ အနေအထားတွေမှာ ရှိပါတယ်။ အဲဒီအချိန်က ကျနော်လည်း ကားမိုင်းမှာ ညီလာခံကိစ္စနဲ့ ရောက်နေတဲ့အတွက် ကျနော်တို့ကို အဲဒီစခန်းနဲ့ နီးနေလို့ကို အတော်ကို အထိတ်အလန့် ဖြစ်သွားပါတယ်။ မြို့ထဲကလည်း အားလုံး ထိတ်လန့်နေကြတာပေါ့ဗျာ။ မနက်က ကျနော်သွားပြီး ပံ့ပိုးကူညီမှု လုပ်တဲ့အချိန်မှာတော့ အာာဏာပိုင်ဘက်က ဘာမှ လုပ်ဆောင်မှုကို မရှိသေးပါဘူး။ သူတို့ကိုယ်နှိုက်ကိုက အားလုံး ကြောက်နေကြပါတယ်။ အပျက်အစီးတွေဆိုတာကတော့ ဆိုင်ကယ်တွေ- ဒါမျိုးတွေပါ။ တခြားပျက်စီးစရာ အကြီးအကျယ်ကတော့ မရှိပါဘူး။"

ဒါ့အပြင် ဖားကန့်ဘက်မှာလည်း လက်နက်ကြီးပစ်ခတ်သံတွေကြောင့် ဒေသခံတွေ အထိတ်ထိတ် အလန့်လန့်ဖြစ်နေကြပြီး မိုးကောင်းဘက်က ကုန်တင်ယာဉ်တွေ မလာတဲ့ အတွက်လည်း ဖားကန့်မြို့မှာ ကုန်ဈေးနှုန်းတက်မယ့် အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ ဖားကန့်မြို့ခံတွေက ပြောဆိုခဲ့ပါတယ် ရှင်။
XS
SM
MD
LG