သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်၁၆၀ ကယူသွားတဲ့ မြန်မာရှေးဟောင်း ပစ္စည်းတွေ နယူဇီလန်နိုင်ငံသား ပြန်အပ်


ရွှေမော်ဓော ဘုရားကနေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀ ကျော်က ယူဆောင်သွားခံရတဲ့ ရှေးဟောင်း ဆင်းတု တချို့။ (မူရင်း -nzherald' video)
ရွှေမော်ဓော ဘုရားကနေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀ ကျော်က ယူဆောင်သွားခံရတဲ့ ရှေးဟောင်း ဆင်းတု တချို့။ (မူရင်း -nzherald' video)

၁၉ ရာစုခေတ် မြန်မာနိုင်ငံက အင်္ဂလိပ်မြန်မာ စစ်ပွဲတွေမှာ တာဝန်ကျခဲ့ဖူးတဲ့ အင်္ဂလိပ်စစ်ဗိုလ်တွေ အမှတ်တရ ယူသွားခဲ့တဲ့ ရှေးဟောင်း အဖိုးတန် ပစ္စည်းတွေကို လာမယ့်ရက်ပိုင်း အတွင်း မြန်မာနိုင်ငံကို ပြန်လည်အပ်နှံမှာ ဖြစ်ပါတယ်။

အောက်မြန်မာပြည်ကို အင်္ဂလိပ်တွေ သိမ်း ပိုက်စဉ် ပဲခူးမြို့နာမည်ကျော် ရွှေမော်ဓော ဘုရားကနေ အင်္ဂလိပ်စစ်ဗိုလ်တွေ သိမ်းယူသွားတဲ့ ရှေးဟောင်းပစ္စည်းတွေကို နယူးဇီလန်မှာရှိတဲ့ ကျန်ရစ်သူ အင်္ဂလိပ် သားစဉ်မြေးဆက်က ပြန်လည် အပ်နှံမှာဖြစ်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ အင်္ဂလိပ် - မြန်မာစစ်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၈၂၅၊ ၁၈၅၂ နဲ့ ၁၈၈၅ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီထဲက အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲနဲ့ တတိယစစ်ပွဲတွေမှာ ပါဝင်ခဲ့ဖူးတဲ့ အင်္ဂလိပ်စစ်ဗိုလ် ၂ ဦးဟာ ဒီရှေးဟောင်း အဖိုးတန် ပစ္စည်းတွေကို အမှတ်တရ ယူခဲ့တာဖြစ် ပါတယ်။

၁၈၅၂ မှာဖြစ်ပွားတဲ့ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ အတွင်း ပဲခူးမြို့ကို အင်္ဂလိပ်တွေ သိမ်းပိုက်စဉ် အင်္ဂလိပ် စစ်တပ်အရာရှိတွေ ဖြစ်တဲ့ ဗိုလ်မှူး Donald George Angus Darroch နဲ့ အရာခံဗိုလ် George Bodle တို့က ပဲခူးမြို့ရွှေမော်ဓောဘုရား ကနေ အမှတ်တရ သိမ်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒီရှေးဟောင်းလက်ရာ ပစ္စည်းတွေကို လက်ရှိ နယူးဇီလန်နိုင်ငံမှာ နေထိုင်တဲ့ ကျန်ရစ်သူ အင်္ဂလိပ် သားစဉ်မြေးဆက်က ဇူလိုင်လ (၇) ရက်နေ့ ကျရင် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနကို အခမ်းအနားနဲ့ ပြန်လည် အပ်နှံမှာ ဖြစ်ပါတယ်။ ပစ္စည်းတွေ ကိုတော့ မြန်မာနိုင်ငံ ပို့ထားပြီးပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၅ ကျော်လောက်က သူ့ရဲ့ “ဘေးဘီ” တော်သူ အင်္ဂလိပ်စစ်ဗိုလ်တွေက ပဲခူးမြို့ကနေ ယူလာခဲ့တဲ့ ဒီရှေးဟောင်း ပစ္စည်း တွေကို သူတို့သားစဉ်မြေးဆက် သိမ်းဆည်းလာခဲ့တာ ဖြစ်ကြောင်း မြေးမြစ်တီ တော်စပ်သူ အသက် ၆၀ အရွယ် ရှေ့နေ Gareth Bodle က ပြောပါတယ်။

“ဒီ မြန်မာ့ လူ့အသုံးအဆောင် ပစ္စည်းတွေကို ပဲခူးမြို့ကနေ သိမ်းယူလာခဲ့တာ ဆိုတဲ့အကြောင်း ကျနော်တို့ ငယ်ငယ်လေးထဲက အကြိမ်ကြိမ် ကြားခဲ့ ရတာပါ။ တကယ်တမ်း ကျတော့ ဒါတွေက ကျနော်တို့အတွက် ဘာမှလည်း အသုံးမဝင်ပါဘူး ”

ပဲခူးမြို့ရဲ့ အထင်ကရ ရွှေမော်ဓော ဘုရားကနေ သိမ်းဆည်းခဲ့တယ်ဆိုတဲ့ အဲဒီ ရှေးဟောင်း ပစ္စည်းတွေထဲမှာ ဘုရား ဆင်းတုတော်တွေ၊ ကြေးစည်နဲ့ ဟင်္သာတံဆိပ် ပုံဖေါ်ထားတဲ့ ကြေးစည်ထုတူနဲ့ ဘိုးတော်ရုပ်၊ နန်းတွင်း စစ်သားရုပ်၊ လူရုပ်- စတဲ့ရုပ်တုတွေကို New Zealand သံတော်ဆင့် သတင်းဌာနက ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။

တကယ်တော့ ဒီရှေးဟောင်း ပစ္စည်းတွေဟာ မွန်လက်ရာ ပစ္စည်းတွေဖြစ်ပါတယ်။ (၁၀)ရာစု နှစ်လောက်က ဟံသာဝတီနေပြည် တော်လို့် ခေါ်တဲ့ ပဲခူးမြို့မှာ မွန်ဘုရင်တွေ ထီးနန်းစိုက်ခဲ့ကြပြီး ဘုရားကျောင်းကန်ကြီးတွေ တည်ဆောက် ခဲ့ကြတာပါ။ အဲဒီအချိန်က ပဲခူးမှာ မကြာခဏ ငလျှင်လှုပ်တာကြောင့် မွန်ဘုရင်တွေ အကြိမ်ကြိမ် ပြန်တည်ခဲ့ရပါတယ်။ မွန်လူမျိုးတွေဟာ ဟင်္သာရုပ်ကို အမျိုးသားရေး သင်္ကေတအဖြစ် သတ်မှတ် ထိန်းသိမ်းလာခဲ့ပြီး ဒီကနေ့ခေတ် မွန်တိုင်းရင်းသားတွေရဲ့ အလံတွေကြည့်ရင် ဟင်္သာရုပ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မွန်လက်ရာ ရှေးဟောင်းပစ္စည်းတွေ သိမ်းယူခဲ့ကြတဲ့ အင်္ဂလိပ် စစ်ဗိုလ် Darroch နဲ့ Bodle တို့ဟာ စစ်ပြီးချိန်မှာ ဗြိတိန်နိုင်ငံကို ပြန်လာခဲ့ ကြပြီး၊ အဲဒီနောက်ပိုင်းမှာ Darroch ရဲ့သမီး အလီဆာ နဲ့ Bodle သား ဂျော့တို့ အိမ်ထောင်ကျသွားကြပြီး ၁၈၈၅ ခုနှစ်မှာ နယူးဇီလန်နိုင် ငံကိုပြောင်းရွှေ့ အခြေချခဲ့ပါတယ်။ ဂျော့က ဆရာဝန်ဖြစ်လာပြီး အောက်ကလန် တောင်ပိုင်းမှာ တာဝန်ထမ်းဆောင်ရင်း သူတို့နဲ့ တပါတည်း မွန်လက်ရာ ရှေးဟောင်းပစ္စည်းတွေကို သိမ်းဆည်းထားခဲ့တာပါ။

သူတို့ရဲ့မြစ်ဖြစ်သူ အသက် ၆၀ အရွယ် ရှေ့နေ မစ္စတာ Gareth Bodle က သူတို့ရဲ့ဘေး-ဘီတွေ ယူဆောင်ခဲ့တဲ့ ရှေးဟောင်း ပစ္စည်းတွေကို မြန်မာပြည် ပြန်အပ်ဖို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကို စတင်ဆက်သွယ်ခဲ့ပြီး နောက်ပိုင်းမှာ ရှေးဟောင်းသုတေသနဌာနနဲ့ အဆက်သွယ် ရခဲ့ပါတယ်။ ဒေသခံတိုင်းရင်းသားတွေပေါ် စာနာစိတ်နဲ့ ဒီရှေးဟောင်းပစ္စည်းတွေကို ပြန်အပ်ချင်ရတာပါလို့ ရှေ့နေ Bodle က ပြောပါတယ်။

“တကယ်တော့ ကျနော်တို့က ဒီ ပစ္စည်းတွေရဲ့ ပိုင်ရှင် အစစ်အမှန် မဟုတ်ပါဘူး။ သမိုင်းအရ ဆိုရင် ဒါတွေက ဘိုးဘွားပိုင် ပစ္စည်းတွေဖြစ်မယ် လို့ ကျနော်ယူဆပါတယ်။ အခုက ၂၁ ရာစုကို ရောက်နေပါပြီ။ ကျနော်တို့ လုပ်နိုင်တဲ့ နည်းလမ်းအတိုင်း အခြားနိုင်ငံက ပစ္စည်းကို မူရင်းနိုင်ငံ ပြန်ပို့ပေးဖို့ပဲ ဖြစ်ပါတယ်။”

ဒီပစ္စည်းတွေကို ပြန်အပ်သွားမယ်ဆိုပေမယ့် သူတို့မိသားစုက ဘယ်လို ဆုလက်ဆောင်မျိုးကိုမှ မမျှော်လင့်ထားဘူးလို့ မစ္စတာ Bodle ကပြောပါတယ်။

သူတို့ဟာ ဒီပစ္စည်းတွေကို ထိန်းသိန်းစောင့်ရှောက် လာသူတွေအဖြစ် ခံယူထားပြီး တနေ့မှာ မူရင်းနေရာကို ပြန်ပေးချင်တဲ့စိတ် ရှိကြောင်း၊ ဒီပစ္စည်းတွေက သူတို့မိသားစုနဲ့ တောက်လျှောက်ရှိနေပြီး အမြဲဂရုတစိုက် စောင့်ရှောက်လာခဲ့တဲ့ မျိုးဆက်တွေအဖြစ် သူတို့ကို အသိမှတ်ပြု စေချင်တဲ့အတွက် လူကိုယ်တိုင် ပြန်အပ်ချင်တာပါလို့ မစ္စတာ Bodle ကပြောပါတယ်။ မြန်မာနိုင်ငံကို သွားရောက်မယ့် မစ္စတာ Bodle ရဲ့ ခရီးစဉ်ဟာ ၉ ရက် ကြာမြင့်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG