သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာမည်ကျော်ဒီဇိုင်နာ Kate Spade ကိုယ့်ကိုကိုယ် လုပ်ကြံသေဆုံး


လက်ကိုင်အိတ်တွေနဲ့ နာမည်ကြီးတဲ့ ဒီဇိုင်နာ Kate Spade ကို သူ့နေထိုင်ရာ Park Avenue က တိုက်ခန်းအတွင်း မနေ့ အင်္ဂါနေ့က သေဆုံးနေတာကို တွေ့ခဲ့ရပြီး ရဲကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အဖြစ် ယူဆထားပါတယ်။

ကွယ်လွန်ချိန်မှာ Kate Spade က အသက် ၅၅ နှစ် ရှိပါပြီ။ သူမ သေဆုံးတဲ့ သတင်းကြောင့် ဖက်ရှင်လောက တခုလုံး တုန်လှုပ်ခဲ့ရသလို သူ့ ဒီဇိုင်းတွေကို နှစ်သက်ကြသူတွေကလည်း အောက်မေ့ ဂုဏ်ပြုခဲ့ကြပါတယ်။

အိပ်ခန်းထဲမှာ ကြိုဆွဲချပြီး သေဆုံးနေတဲ့ Kate Spade ကို အိမ်ဖော်တဦးက တွေ့ခဲ့တာလို့ ရဲက ပြောပါတယ်။ စုံစမ်းစစ်ဆေးရေးမှူးတွေကတော့ ကနဦးအဆင့် စုံစမ်း စစ်ဆေးနေကြပြီး စုံစမ်းရေးဌာန အကြီးအကဲ Dermot Shea ကတော့ သက်သေ အထောက်အထားတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုလို့ ရည်ညွှန်းထားတဲ့ ရေးသားချက်လည်း ပါတယ်လို့ ပြောပါတယ်။ ဒီမှတ်တမ်းတိုထဲမှာ ဘာတွေ ရေးထားသလဲ ဆိုတာကိုတော့ Shea က မပြောပါဘူး။

ဒါပေမယ့်လည်း အသက် ၁၃ နှစ် အရွယ် သမီးဖြစ်သူကိုတော့ သူ့ကြောင့်မဟုတ်ပါဘူးလို့ ရေးထားတဲ့ အချက်ပါကြောင်း တာဝန်ရှိသူတွေ အပြောကို ကိုးကားပြီး AP သတင်းက ဖော်ပြပါတယ်။ Kate Spade သေဆုံးရမှု အတွက် မိသားစု အနေနဲ့ ယူကြုံးမရ ဖြစ်ရပါကြောင်း ပြောခွင့်ရက ကြေညာချက်မှာ ပြောဆိုထားပါတယ်။ မိသားစု အတွက် သိပ်ကို ခက်ခဲလှတဲ့ ကာလ အတွင်းမှာ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို လေးစားကြဖို့ ပန်ကြားကြောင်းလည်း ပြောဆိုထားပါတယ်။

Kate Spade သေဆုံးနေတာကို မနေ့ အင်္ဂါနေ့ မနက် ၁၀ နာရီထိုးပြီးချိန်လောက်မှာ တွေ့ခဲ့ကြတာပါ။ အဲဒီအချိန်မှာ ခင်ပွန်းဖြစ်သူ အိမ်မှာ ရှိနေပြီး သမီးဖြစ်သူကတော့ ကျောင်းသွားနေတာပါ။ သူမ တည်ထောင်ခဲ့ပြီးနောက် ရောင်းချလိုက်တဲ့ Kate Spade New York လုပ်ငန်းကြီးကတော့ အမေရိကန် ပြည်ထောင်စု တဝန်းမှာ လက်လီ၊ လက်ကား ဆိုင်ပေါင်း ၁၄၀ ကျော်၊ နိုင်ငံတကာမှာ ဆိုင်ခွဲပေါင်း ၁၇၀ ကျော် ဖွင့်လှစ်ထားပါတယ်။

နာမည်ကျော်ဒီဇိုင်နာ Kate Spade ကိုယ့်ကိုကိုယ် လုပ်ကြံသေဆုံး
please wait

No media source currently available

0:00 0:00:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG