သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုန်းတော်ကြီး Desmond Tutu မြန်မာနိုင်ငံလာမည်


တောင်အာဖရိကနိုင်ငံသား နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး။
တောင်အာဖရိကနိုင်ငံသား နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး။
တောင်အာဖရိကနိုင်ငံက Nobel ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu ဟာ ဖေဖော် ဝါရီလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ကျရင် ရန်ကုန်မြို့ အမေရိကန်Center မှာ စကားပြောဖို့ရှိပါတယ်။ အရပ်သားအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေအတွက် တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ခဲ့သူ ဘုန်းတော်ကြီး Desmond Tutu ဟာ Semester At Sea လို့ခေါ်တဲ့ ကမ္ဘာပတ်ပြီး ပညာသင်ယူတဲ့ သင်္ဘောကြီးနဲ့ ရန်ကုန်မြို့ကို တနင်္လာနေ့မှာ ရောက်ရှိလာမှာဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ အမေရိကန်ပြည်ထောင်စုတက္ကသိုလ်တွေက ပါမောက္ခတွေနဲ့အတူ တောင်အာဖရိကနိုင်ငံက ဘုန်းတော်ကြီး Desmond Tutu ဟာ ကထိကတာဝန်နဲ့ ပါလာမှာဖြစ်ပါတယ်။

Semester At Sea အစီအစဉ်နဲ့ မြန်မာနိုင်ငံကို ပညာသင်သင်္ဘောကြီး ၂၀၀၆ ခုနှစ်မတိုင်ခင်က လာခဲ့ဖူးပေမဲ့ အဲဒီနောက်ပိုင်းမှာ ဘုန်းတော်ကြီး Desmond Tutu ရဲ့ ပန်ကြား ချက်ကြောင့် မြန်မာနိုင်ငံကို သွားတာကို ရပ်ခဲ့ပြီး အခုမှ ပြန်သွားတာဖြစ်တယ်လို့ Semester At Sea အစီအစဉ်ကြီးကြပ်ရေးဌာန ဒုတိယ ဥက္ကဋ္ဌ Michael Zoll က VOA မြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့ဘုတ်အဖွဲ့ဝင်တယောက်လည်းဖြစ်၊ မိတ်ဆွေကောင်း တယောက်လည်းဖြစ်တဲ့ တောင် အာဖရိက-က ဘုန်းတော်ကြီး Desmond Tutu က ကျနော်တို့ ပြန်သွားသင့်လောက်တဲ့ အထိ မြန်မာနိုင်ငံမှာ သိသိသာသာ ပြောင်းလဲနေပြီလို့ ခံစားရတဲ့အကြောင်း ပြောတာကြောင့်ရော၊ သမ္မတ Barack Obama နဲ့ နိုင်ငံခြားရေး ဌာန တို့ရဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကိုသွားနေတဲ့ အခြေအနေတွေ တိုးတက်နေပြီဆိုတဲ့ ပြောကြားချက်တွေ ကြောင့်ရော၊ နောက် ကျနော်တို့ရဲ့ သုံးသပ်ချက်တွေကြောင့် ပြန်သွားရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက အကောင်းဘက် ဦးတည်နေတဲ့ အခြေအနေတွေကို ကျနော်တို့အနေနဲ့ တနည်း တလမ်း အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ Semester At Sea အစီအစဉ် ကြီးကြပ်ရေးဌာန ဒုတိယ ဥက္ကဋ္ဌ Michael Zoll ကပြောခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်နေ စဉ်အတွင်း သင်္ဘောပေါ်မှာပါလာတဲ့ ဆရာတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ ဟာ ရန်ကုန်မြို့အပြင် မန္တလေး၊ စစ်ကိုင်း၊ မေမြို့၊ ကလော၊ အင်းလေး၊ ပုဂံ၊ ပင်းဒယ၊ ငွေဆောင်၊ တွံတေး စတဲ့မြို့တွေ ကိုလည်း သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။

Semester at Sea အစီအစဉ်နဲ့ ကမ္ဘာပတ် ပညာသင်နေတဲ့ သင်္ဘောကြီးဟာ မြန်မာနိုင်ငံ အပါ အဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံ မြို့ပေါင်း ၁၆ မြို့ကို လှည့်လည်ပြီး ပညာသင်ယူနေကြတာ ဖြစ်ပါတယ်။ စင်္ကာပူကနေ မြန်မာနိုင်ငံကို ရောက်လာမဲ့ သင်္ဘောကြီးဟာ မြန်မာနိုင်ငံ ခရီးစဉ်ပြီးသွားရင် အိန္ဒိယနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။
XS
SM
MD
LG