တောင်အာဖရိကနိုင်ငံက အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုရဲ့ သူရဲကောင်းတယောက် ဖြစ်သူ ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tu Tu) က ဒီနှစ်ကုန်ပိုင်းကစပြီး ရာထူးတာဝန်တွေကို လျှော့တော့မယ်လို့ ကြေညာလိုက်ပါတယ်။
သူ့အသက် ၇၉ နှစ်ပြည့်မယ့် အောက်တိုဘာလ ၇ ရက်နေ့ကစပြီး ရာထူးကနေ အနားယူတော့မယ် ဆိုတာကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်လည်း ဖြစ်သူ၊ အင်ဂလီကန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးက ပြောခဲ့တာပါ။
လေဆိပ်တွေ၊ ညီလာခံတွေမှာ အချိန်ကုန်နေရမယ့်အစား မိသားစုအတွက် အချိန်ပိုပေးနိုင်ဖို့ တာဝန်တွေကို လျှော့ချဖို့ အချိန်တန်ပြီလို့ ပြောပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ သီးခြား လွတ်လပ်တဲ့ The Elders အဖွဲ့ရဲ့ လုပ်ငန်းတွေကိုတော့ ဆက်လုပ်သွားမှာ ဖြစ်ပေမဲ့ တက္ကသိုလ်မှာ တာဝန်ယူထားတဲ့ ရာထူးကနေ အနားယူမှာ ဖြစ်သလို သတင်းမီဒီယာတွေကိုလည်း အင်တာဗျူး မပေးတော့ဘူးလို့ ပြောပါတယ်။
သူ့ကို မဆက်သွယ်ကြနဲ့၊ သူကပဲ ဆက်သွယ်မယ်လို့ ဘုန်းတော်ကြီးက သတင်းထောက်တွေကို ရယ်ရယ်မောမော ပြောခဲ့ပါတယ်။
ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တက်တက်ကြွကြွ ပြောဆိုလှုပ်ရှားသူ တယောက်လည်း ဖြစ်ပါတယ်။