သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောက်ပံ့ကြေးထက် ကုန်သွယ်ရေးကိုသာ လိုလားတဲ့ အမေရိကန် လယ်သမားတွေ အရေး


နိုင်ငံတကာ ကုန်သွယ်ရေး မျက်နှာစာမှာ အောင်မြင်မှု ရရှိရေးက အမေရိကန် လယ်သမားတွေ အတွက် ဦးစားပေး ကိစ္စတခုပါ။ ၂၀၁၆ ခုနှစ်မှာ သမ္မတ Donald Trump ကို အကြီးအကျယ် ထောက်ခံမဲပေးခဲ့ကြတဲ့ အမေရိကန် ပြည်သူတွေကြားက လယ်သမားတွေ အနေနဲ့ လာမယ့်နှစ် သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေချိန် အတွင်း စီးပွားရေး အခက်ကြုံနေကြရပါတယ်။ စိုက်ပျိုး မွေးမြူရေး ကုန်ကျစာရိတ် ကြီးလာမှု၊ အကျိုးအမြတ် နည်းလာတာနဲ့ အတူ ကုန်သွယ်ရေး အဝန်းအဝိုင်းမှာလည်း မရေရာမှုတွေနဲ့ ကြုံတွေ့လာရတာကြောင့် ဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် Kane Farabaugh ရဲ့ သတင်းဆောင်းပါးကို ဒီသတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ တခြား နိုင်ငံ ၁၁ ခုကြား ၂၀၁၆ ခုနှစ်တုန်းက လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပစိဖိတ် သမုဒ္ဓရာ တဖက် တချက် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် TPP အရ အမေရိကန် လယ်သမားတွေ အနေနဲ့ သီးနှံ ရောင်းချနိုင်တဲ့ ဈေးကွက် ပိုရခဲ့တာပါ။ အမေရိကန် ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေ အပေါ် ထိခိုက်မှု အတွက် အကြီးအကျယ် စိုးရိမ်ချက်နဲ့ TPP ကနေ နုတ်ထွက်မယ်လို့ သမ္မတလောင်း Doanald Trump က ကတိပေးခဲ့တာပါ။

TPP ကို လိုလားပေမယ့်လည်း Trump ကို မဲပေးခဲ့သူကတော့ Illinois က လယ်သမား Wendell Shauman ဖြစ်ပါတယ်။ လယ်သမားတဦးလည်း ဖြစ်၊ခေတ် ပညာတတ် တဦးလည်း ဖြစ်၊ ကုန်သွယ်ရေး သဘောတူညီချက်တွေနဲ့ နိုင်ငံတကာ ကုန်သွယ်ရေး သဘောသဘာဝကိုလည်း နားလည်ရဲ့သားနဲ့ Trump ကို မဲပေးခဲ့တာလားလို့ မေးတဲ့ အခါမှာတော့ Shauman က ဟုတ်ပါတယ်လို့ ရီရီမောမောနဲ့ ဖြေကြားခဲ့တာပါ။

၂၀၁၆ နောက်ပိုင်းမှာတော့ အမေရိကန်တို့က TPP က နုတ်ထွက်ရုံတင် မဟုတ်ဘဲ ၁၉၉၄ ခုနှစ် မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ ဒီ အစား အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ ကုန်သွယ်ရေး သဘောတူညီချက် USMCA ကိုတော့ အမေရိကန် လွှတ်တော်က သုံးသပ်နေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ အမေရိကန် သီးနှံတွေကို အများဆုံး ဝယ်သူ တဦးဖြစ်တဲ့ တရုတ်နဲ့လည်း အမေရိကန် အစိုးရက ကုန်သွယ်ရေးစစ် ဆင်နွှဲနေတာပါ။

တရုတ်ရဲ့ သံမဏိနဲ့ အလျူမီနီယံ အပေါ် အမေရိကန်က အခွန်ကောက်တာကို တုံ့ပြန်တဲ့ အနေနဲ့ တရုတ်ဘက်က အမေရိကန်ရဲ့ ပြောင်းနဲ့ ပဲပိစပ်ပေါ်မှာ အခွန် ကောက်ခံထားပါတယ်။ ဒါကြောင့်လည်း အကျိုးအမြတ်ပေါ် ထိခိုက်သက်ရောက်မှု ရှိနေတဲ့ Illinois လယ်သမား Wendell Shauman ကတော့ သမ္မတ Trump ပြန်လည်ရွေးကောက်ခံရရေးကို ဆက်ပြီး ထောက်ခံထားပါတယ်။

" ပြန်ကြားရ သလောက် ဆိုရင်တော့ တဖက်က အဆိုပြုချက်တွေကို ဆန့်ကျင် တုံ့ပြန်ပြီး သမ္မတရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံပါတယ်။"

ဒီမိုကရက် သမ္မတ ဖြစ်လာရင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းကမ်းသစ်တွေ ချမှတ်လာနိုင်ပြီး စိုက်ပျိုးရေး လုပ်ငန်းအပေါ် ထိခိုက်မယ့် အရေး Shauman က စိုးရိမ်ပါတယ်။ ဒီလို စိုးရိမ်နေတာ သူတယောက်တည်းတော့ မဟုတ်ပါဘူး။ Illinois လယ်သမား တဦး ဖြစ်တဲ့ Thomas Titus ကလည်း အခုလို ပြောပါတယ်။

" သမ္မတ အိမ်ဖြူတော်မှာ ရီပတ်ပလီကန် သမ္မတဦး ပြန်လည်ရွေးကောက်ခံရတာ တွေ့လိုပါတယ်။ အခု ရပ်တည်ချက်ကို ကြိုက်ပါတယ်။"

Illinois ပြည်နယ်က နောက် လယ်သမား တဦး ဖြစ်တဲ့ Jim Raben ကလည်း အခုလို ပြောပါတယ်။

" သမ္မတ လုပ်နေတာတွေ မှန်တယ်လို့ ထင်ပါတယ်။"

Illinois ပြည်နယ် Farm Bureau အဖွဲ့က Mark Gebhards ကတော့ အခုလို ပြောပါတယ်။

" ကျနော်တို့ လူတွေရဲ့ အများစုကတော့ သမ္မကို အပြတ်အသတ် ထောက်ခံနေကြတယ်လို့ ထင်ပါတယ်။"

လယ်သမားတွေနဲ့ ဖွဲစည်းထားတဲ့ NGO အဖွဲ့အစည်း Illinois Farm Bureau က Mark Gebhards ကတော့ အမေရိကန် စိုက်ပျိုးရေး ဝန်ကြီးဌာနရဲ့ ဈေးကွက် ပံ့ပိုးရေး အစီအစဉ် ကနေ တဆင့် လယ်သမားတွေကို ငွေကြေး ပံ့ပိုးမှုတွေကနေ တဆင့် သွင်းကုန်ခွန်ကြောင့် သက်ရောက်မှုတွေ လျော့ပါးရေး သမ္မတ Trump ဘက်က လုပ်ပေးခဲ့တယ်လို့ ပြောပါတယ်။ ၂၀၁၈ တုန်းကတော့ ဒီအစီအစဉ်နဲ့ လယ်သမားတွေကို ပံ့ပိုးမှု ပမာဏက အကြမ်းဖျဉ်း ဒေါ်လာ ၁၅ ဘီလျံ ရှိခဲ့ပြီး ဒီနှစ် ၂၀၁၉ မှာတော့ ဒေါ်လာ ၁၆ ဘီလျံလောက် ကျသင့်ပါတယ်။

" ကျနော်တို့ အနေနဲ့ကတော့ ကုန်သွယ်ရေးကို လိုလားပြီး အထောက်အပံ့ လိုချင်တာ မဟုတ်ဘူးဆိုတာကို တလျှောက်လုံး ပြောခဲ့တာပါ။ ဈေးကွက် ပံ့ပိုးရေး ငွေကြေး ထောက်ပံ့မှု နောက်တကြော့ ပြန်ရရေးကို မျှော်လင့်ပြီး နေချင်တာ မဟုတ်ပါဘူး။ တရုတ်နဲ့ သွင်းကုန်ခွန် ကိစ္စ၊ UMSCA၊ ဂျပန်၊ ဥရောပသမဂ္ဂ၊ နောက် ရှိနေတဲ့ တခြား ကိစ္စတွေ အားလုံးတင် မဟုတ်ပါဘူး ကျနော်တို့ တကယ်တန်း လိုအပ်နေတာက ရှေ့ဆက် ဘယ်လို သွားမလဲ ဆိုတဲ့ အပြီးသတ် နည်းလမ်းတခု ရှာဖို့ပါ။"

သမ္မတ Trump ရဲ့ ပထမ သက်တမ်း အတွင်း ကုန်သွယ်ရေးပိုင်းမှာ မည်မည်ရရ ဖြစ်ထွန်းမှု မရှိသေးတဲ့ ကိစ္စက သူ့ကို ထောက်ခံတဲ့ မဲဆန္ဒရှင်တွေကြား စိုးရိမ်စေတဲ့ အချက်ပါ။ Illinois က လယ်သမား တဦးဖြစ်တဲ့ Megan Dwyer က အခုလို ပြောပါတယ်။

" ဒီအလယ်ပိုင်း ပြည်နယ်တွေမှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို သမ္မတ အနေနဲ့ နားမလည်ဘူးလို့ ခံစားရပါတယ်။ စိုက်ပျိုးရေး ကဏ္ဍမှာ ဖြစ်နေတာတွေ အပေါ် သမ္မတ လုပ်နေတာတွေက အန္တရာယ်များ ပါတယ်။"
သမ္မတ Trump ရဲ့ တွစ်တာမှာ ရေးသားချက် အရတော့ ရေနံချက် စက်ရုံတွေ အနေနဲ့ ပြောင်း ကို အခြေခံတဲ့ အီသနောကို အသုံးပြုဖို့ သတ်မှတ်ချက်ကို အစိုးရက ပယ်ဖျက်ပေးမယ်ဆိုတာနဲ့ ကုန်သွယ်ရေး အပေါ် အရောရော အထွေးထွေး ရလဒ်တွေကြောင့် သူ့ကို ထောက်ခံရေး အပေါ်မှာတော့ သက်ရောက်မှု ရှိနိုင်တယ်လို့ Illinois လယ်သမား Megan Dwyer က ပြောပါတယ်။

" စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ လောလောဆယ် ပြောကြားချက်တွေကို စိတ်ပျက်မိပါတယ်။ "

အမေရိကန် လွှတ်တော်မှာ သမ္မတကို အရေးယူရေး စုံစမ်းမှုတွေ လုပ်နေကြချိန်မှာဘဲ ပြီးခဲ့တဲ့ စက်တင်ဘာလထဲ Farm Journal Pulse က လယ်သမား ၁၁၃၈ ဦးကို ကောက်ယူခဲ့တဲ့ စစ်တမ်း အရတော့ ၂၀၂၀ ပြည့်နှစ်မှာ သမ္မတ Trump ကို ဆက်ပြီး ထောက်ခံမယ်သူက ၇၆ ရာခိုင်နှုန်း ရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လကတော့ ၇၉ ရာခိုင်နှုန်း ရှိခဲ့တာကြောင့် ထောက်ခံမှုနှုန်း ကျသွားတာ ဖြစ်ပါတယ်။

" စိတ်ပျက်နေကြသူ အများကြီး ရှိနေပေမယ့် အခြေအနေ အရ ရွေးချယ်ကြမယ်လို့ ထင်ပါတယ်။ အခုအချိန်ထိတော့ လယ်သမားအများစု ထဲမှာတော့ သမ္မတ အနေနဲ့ အများကြီး ဆုံးရှုံးရမယ်လို့ မထင်ပါဘူး။"

(Unicode)

















" ဒီအလယျပိုငျး ပွညျနယျတှမှော ဘာတှေ ဖွဈပကြျနသေလဲ ဆိုတာကို သမ်မတ အနနေဲ့ နားမလညျဘူးလို့ ခံစားရပါတယျ။ စိုကျပြိုးရေး ကဏ်ဍမှာ ဖွဈနတောတှေ အပေါျ သမ်မတ လုပျနတောတှကေ အန်တရာယျမြား ပါတယျ။"

" စိုကျပြိုးရေး လုပျငနျးတှနေဲ့ ပတျသကျပွီး သမ်မတရဲ့ လောလောဆယျ ပွောကွားခကြျတှကေို စိတျပကြျမိပါတယျ။ "



တိုက်ရိုက် လင့်ခ်
XS
SM
MD
LG