သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက် ၂ ဦး အာမခံ လျောက်ထားမှု တရားရုံး ဗုဒ္ဒဟူးနေ့ကြားနာ


အဖမ်းခံနေရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦး ရုံးထုတ်လာစဉ် (ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၈)
အဖမ်းခံနေရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦး ရုံးထုတ်လာစဉ် (ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၈)

အဖမ်းခံနေရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဖေဖေါ်ဝါရီ ၂၁ ရက် ဗုဒ္ဓဟူးနေ့မှာ ၅ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီတခါရုံးချိန်းမှာ သူတို့ ၂ ဦးကို အာမခံပေးမပေး ဆုံးဖြတ်ဖို့ရှိတယ်လို့ ရိုက်တား သတင်းမှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ဗုဒ္ဓဟူးနေ့ ရုံးချိန်းတုန်းက မင်္ဂလာဒုံမြို့နယ်တရားရုံးမှာပြုလုပ်တဲ့ သတင်းထောက်နှစ်ဦးတို့ရဲ့ လေးကြိမ်မြောက် ရုံးချိန်းမှာ အစိုးရသက်သေအဖြစ် ထွက်ဆိုခဲ့သူ ဒုရဲအုပ်မျိုးကိုကိုက သူဟာ ရဲအရာရှိတဦးအနေနဲ့ ရဲလက်စွဲဥပဒေကို မသိရှိကြောင်း ထွက်ဆိုခဲ့သလို ထွက်ဆိုချက်တွေဟာ ရှေ့နောက် ကွဲလွဲမှုတွေ ရှိနေတဲ့အတွက် သူ့ရဲ့ ထွက်ဆိုချက်တွေဟာ ခိုင်လုံမှန်ကန်မှု မရှိဘူးလို့ သတင်းထောက် တွေရဲ့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်တဲ့ ဦးခင်မောင်ဇော်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမှုနဲ့ ပတ်သက်တဲ့ ရဲမှတ်တမ်းတွေကို တရားရုံးကိုတင်ပြဖို့ သတင်းထောက်ရှေ့နေတွေက လျှောက်ထားခဲ့ပေမယ့် တရားလို ရဲအာဏာပိုင်တွေဘက်က ငြင်းဆန်ခဲ့သလို၊ တရားသူကြီး ဦးရဲလွင်ကလည်း ပယ်ချခဲ့တာပါ။

ပြီးခဲ့တဲ့ ရုံးချိန်းမှာပဲ ကိုဝလုံးက သူတို့အနေနဲ့ သတင်းသမားကျင့်ဝတ်နဲ့အညီ လုပ်ကိုင်ခဲ့တာသာဖြစ်ပြီး ဥပဒေချိုးဖောက်မှုမရှိကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မြန်မာ့ဥပဒေရေးရာ ကျွမ်းကျင်သူလည်းဖြစ် ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်ရဲ့ မြန်မာနိုင်ငံတာဝန်ခံ ဦးမင်းလွင်ဦးကတော့ အခုလို ရိုက်တာသတင်းထောက်တွေရဲ့ ဖမ်းဆီးခံရမှုမှာ ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ သက်သေအခိုင်အလုံမရှိဘူးလို့ သုံးသပ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ကိုဝလုံးနဲ့ ၂၄ နှစ်အရွယ် ကိုကျော်စိုးဦး တို့ဟာရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းယူဖို့ လုပ်ရင်း အဖမ်းခံရတာ ဖြစ်ပါတယ်။ သူတို့ကို ဗြိတိသျှ ကိုလိုနီလက်ထက် ၁၉၂၃ ခုနှစ်ကပြဌာန်းခဲ့တဲ့ အစိုးရလျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှုနဲ့ စွဲချက်တင်ထားတာဖြစ်ပြီး ပြစ်မှုထင်ရှားမယ်ဆိုရင် သူတို့ ၂ ဦးဟာ ထောင်ဒဏ် ၁၄ နှစ်ထိ ကျခံရမှာ ဖြစ်ပါတယ်။ သူတို့ကို ပြန်လွှတ်ပေးဖို့ အမေရိကန်၊ ဥရောပသမဂ္ဂ အပြင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကပါ တောင်းဆိုနေတာ ပါ။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးတို့ကို အမေရိကန်ပြည်ထောင်စု New York မြို့အခြေစိုက် သတင်းလွတ်လပ်ခွင့် ဆောင်ရွက်နေတဲ့ PEN America အဖွဲ့က ၂၀၁၈ ခုနှစ် PEN/ Barbey Freedom to Write ဆုပေးဖို့ရွေးချယ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG