သုံးရလွယ်ကူစေသည့် Link များ

အကြမ်းဖက်ခံကျောင်းသား ၇ ဦးနဲ့ သတင်းထောက် ၂ ဦး ပြန်လွတ်


ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်စာရင်း -သတင်းဓာတ်ပုံ ပြန်ကြားရေးဝန်ကြီးဌာန

လက်ပံတန်းမြို့ သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရချိန်မှာ ဖမ်းဆီးခံခဲ့ ရသူ ကျောင်းသား (၇)ဦး နဲ့ သတင်းထောက် (၂)ဦးကို ဒီကနေ့ ပြန်လွှတ်ပေး လိုက်ပါတယ်။ သတင်းထောက်နှစ်ဦးကတော့ မြန်မာပို့စ်ဂျာနယ်က အလင်းဒီ (ခေါ်) ညဏ်လင်းထွန်းနဲ့ The Reporter ဂျာနယ်က ဖြိုးအောင်မြင့်တို့ ဖြစ်ကြ ပါတယ်။ ပြန်လွတ်လာတဲ့ ကျောင်းသားတွေက သူတို့ကို အကြမ်းဖက် နှိမ်နှင်းသူတွေ ဟာ ရဲစစ်စစ်တွေမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်နေကြပါတယ်။ စုံစမ်းမေးမြန်း ထားတဲ့ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက အပြည့်အစုံ တင်ပြပေးပါမယ်။

လက်ပံတန်းမြို့က ကျောင်းသားသပိတ်ကို ရိုက်နှက်ဖြိုခွဲပြီးတဲ့နောက် ထိန်းသိမ်းခံရတဲ့ ကျောင်းသားတွေထဲက မတ်လ၁၂ရက်နေ့မှာ လူ၁၇ဦးခန့် ပြန်လွတ်လာသလို မတ်လ ၁၃ရက်နေ့ ညနေအထိ ၇ ဦး ပြန်လည် လွတ်မြောက်လာပြီလို့ ဆိုပါတယ်။

ပြန်လွတ်လာတဲ့ သတင်းထောက်နှစ်ဦး-သတင်းဓာတ်ပုံ ပြန်ကြားရေးဝန်ကြီးဌာန
ပြန်လွတ်လာတဲ့ သတင်းထောက်နှစ်ဦး-သတင်းဓာတ်ပုံ ပြန်ကြားရေးဝန်ကြီးဌာန

ပြန်လည်လွတ်မြောက် လာတဲ့ ကျောင်းသား ကောင်းဇော်ဟိန်း ကတော့-

"ခုန် ခုန်ပြီးတော့ ဗိုက်တွေကို ကန်တယ်။ ခေါင်းတွေကို ရိုက်တယ်။ ခါးတွေကို ရိုက်တယ်။ အဓိက နေရာတွေ ရိုက်တယ် သူတို့။ တယောက်ဆို မျက်လုံးကိုရိုက်လို့ စစရောက်တဲ့နေ့ကဆို မျက်လုံးမဖွင့်နိုင်တဲ့ အခြေအနေအထိ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေအထိ ရိုက်တာတွေရှိတယ်ခင်ဗျ။ ပိုဆိုးတာက ကျနော်တို့ ကျောင်းသားတွေ ကြွေးကြော်သံတွေကိုပြောပြီး ရိုက်တယ်။

ဥပမာ တို့ကျောင်းသားတွေ ညီရဲ့လားဟေ့လို့ ဆိုတာကို သူတို့က ပြန်ဆိုပြီး တို့ကျောင်းသားတွေ ညီရဲ့လားဟေ့ ညီဦး ညီဦး ဆိုပြီး အဲ့လိုပြောပြီး နံပတ်တုတ်တွေနဲ့ရိုက်တယ်။ ခွပ်ဒေါင်းသွေးတွေ နီရဲ့လား ကွ နီဦး နီဦး ဆိုပြီး အဲ့သလိုပြောပြီးကို လွှဲရိုက်တာ။ နောက်ထပ် ပိုဆိုးတာက တို့ရဲတွေ ညီရဲ့လားဟေ့လို့ပြောပြီး ညာသံနဲ့ ချီတက်လာပြီးကို ကျနော်တို့ကို ရိုက်တယ်။ ရိုက်တာတောင် နောက်ထပ် ပိုဆိုးတဲ့ အပြောအဆိုတခုက မင်းတို့ကိုရိုက်ချင်လို့ကို ငါတို့ရဲတွေထဲကို ဝင်တာလို့ အဲ့လိုပြောပြီးတော့ကို ရိုက်တာတွေလည်း ရှိခဲ့တယ်။

ကျနော့်တယောက်တည်းအမြင်ပြောရရင် စွမ်းအားရှင်ကို ယူနီဖောင်းဝတ်ပေးတယ်လို့ ယူဆတယ်။ ကျနော်တို့အစ တိုးနေတုန်းက လူကြီးတွေ အရှေ့ပိုင်းမှာ ။ ဒါပေမဲ့ ကျနော်တို့ ပြသနာဖြစ်ပြီး ဝင်ရိုက်တဲ့အခါမှာတော့ လူငယ်ပိုင်းတွေပဲများတယ်။ ၁၈ ၊ ၁၉၊ ၂၀ အဲ့ဒီ့အရွယ်တွေပဲ။ အဲ့လို ဆယ်ကျော်သက်အရွယ်တွေပဲ များတယ်။ အဲ့ဒီ့အတွက် စီစဉ်ထားတယ်လို့ ကျနော့်အနေနဲ့ယူဆတယ်။ ဝင်ရိုက်ဖို့ဆိုတာ သပ်သပ်မွေးထားတဲ့ စွမ်းအားရှင်ကို စွမ်းအားရှင်လို လက်ပတ်အနီ မလုပ်ပဲနဲ့ ဒီယူနီဖောင်းဝတ်ထားတယ်လို့ ကျနော်မြင်မိတယ်။ "

ကျောင်းသားတွေကတော့ သူတို့ကိုဖြိုခွင်းရမှာ သုံးဖို့အတွက် လက်ပတ်နီလို့ ခေါ်တဲ့ စွမ်းအားရှင်တွေကို အသုံးပြုခဲ့သလား ဆိုတာကို သံသယရှိနေတာပါ။ အစိုးရပြန်ကြားရေး ဝန်ကြီးကတော့ စွမ်းအားရှင်ဆိုတာ မရှိဘူးလို့ ပြောဆို ထားပါတယ်။

ရန်ကုန် မြို့တော်ခန်းမေ၇ှမှာ သပိတ်ဖြိုခွဲဖမ်းဆီးစဉ်တုန်းကတော့ အရပ်သားတွေ ဟာ တာဝန်ဆိုတဲ့ လက်ပတ်နီတွေ ဝတ်ထားပြီး ကျောင်းသားတွေကို ရိုက်နှက်ခဲ့ကြတာပါ။ ဒီအကျိုးဆက်ကြောင့် ဝေဖန်ပြစ်တင်မှုတွေခံရပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စစ်ဆေးဖို့အထိ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီလို လက်ပတ်နီ ဝတ်ဆင်ထားသူတွေနဲပတ်သက်လို့တော့ အစိုးရဘက်က တိတိကျကျဖြေရှင်း တာမျိုးတွေတော့ မရှိသေးပါဘူး။

အခုအခါမှာလည်း ရဲယူနီဖောင်းဝတ်ပြီး တွေ့မြင်သမျှ လူတွေကို အကြမ်းဖက် ရိုက်နှက်တာ၊ ကားတွေကို ဖျက်ဆီးတာတွေ ရှိတဲ့အတွက် ရဲစစ်စစ်တွေမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်မိတဲ့ အကြောင်း လွတ်မြောက်လာတဲ့ ကျောင်းသူ မအေးအေးဟန်က ဆိုပါတယ်။

" နံပတ်တုတ်နဲ့ရိုက်တာတို့၊ ကျမတို့အထဲက မိန်းကလေးတော်တော်များများ ပါးတွေအရိုက်ခံရတယ်။ ရဲတွေကတော့ ကျမကတော့ ကျမစိတ်ထဲမှာ ရဲလို့တောင် မမြင်ဘူး။ အဲ့ဒီ့ရဲတွေကို အညိုးထားပြီး တယောက်နဲ့တယောက် အညိုးနဲ့ကို သတ်နေသလိုပဲ အဲ့လိုပုံစံမျိုးကို မြင်တယ်။ သူတို့ဘက်က ပြောတာတော့ သူတို့က ငါတို့ကိုတဲ့ ရဲမစစ်ဘူးတဲ့ ငါတို့က ရဲစစ်လိုက်တာမှ စစ် စစ် စစ် စစ် လို့တောင် မြည်တယ်တဲ့။ ငါတို့က အကြမ်းဖက်ကနေ အသွင်ပြောင်းထားတာတဲ့။ အဲ့လိုမျိုးတွေ ပြောတယ်။ ကျမကလည်း ကိုကောင်းဇော်ဟိန်းပြောသလိုပဲ မြင်တယ်။ စွမ်းအားရှင်ကို ယူနီဖောင်းဝတ်ပေးထားတယ်လို့ပဲမြင်တယ်။ ပထမ အခင်းဖြစ်တဲ့နေရာမှာ ဟိုဘက် ဒီဘက် တွန်းတော့လေ သူတို့ဘက်က အရက်နံ့တွေ ရတာရှိတယ်။ "

ဒီကနေ့ ပြန်လွတ်လာသူ အတော်များများဟာ ခံဝန်ကတိနဲ့ လက်မှတ်ရေးထိုး ခိုင်းတာတွေကို ငြင်းပယ်ကြပြီး လက်မှတ်မရေးထိုးခဲ့ကြဘူးလို့ ဆိုပါတယ်။ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးလိုက်တဲ့ အတွက် ကျောင်းသားတွေဘက်ကတော့ သူတို့ရဲ့ ရပ်တည်ချက် အတိုင်း ဆုပ်ကိုင်ကာ ဆက်လက် လုပ်ဆောင်သွားဖို့ ခိုင်မာသွားပြီလို့ ပြန်လည် လွတ်မြောက်လာသူ ကျောင်းသူ မအေးအေးဟန်က ဆိုပါတယ်။

" အရင်ကထက်ပိုပြီး လုပ်နိုင်အောင် ကြိုးစားမယ်။ ကျမတို့ ဒီလိုမျိုး လုပ်နိုင်ဖို့က ကျမတို့ကိုယ်တိုင်က ဖိအားပေးတာမဟုတ်ဘူး။ သူတို့ဖိအားပေးလို့ ဒီလိုမျိုး စိတ်ဓာတ်က ပိုပြီးခိုင်မာသွားတာပေါ့။ "

မနေ့ကတော့ ဖမ်းဆီးခံရသူ ၂၀နီးပါးကို ပြန်လည် လွတ်ပေးခဲ့သလို့ ဒီကနေ့မှာတော့ ညနေပိုင်းအထိ ပြန်လွတ်လာသူ ရဦးခန့်ရှိပြီလို့ ဆိုပါတယ်။ သတင်းသမား ၂ဦးနဲ့ အတူ ကျောင်းသားတွေ ကူညီနေကြတဲ့ ဝန်းရံဒေသခံတွေ ကူညီရေးအဖွဲ့ က လူတွေ ဖမ်းဆီးခံထားရဆဲဖြစ်သလို ပျောက်ဆုံးနေတဲ့ ကျောင်းသားတွေ ရှိနေတယ်လို့လည်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

XS
SM
MD
LG