သုံးရလွယ်ကူစေသည့် Link များ

အောက်လွှတ်တော်အမတ် Devin Nunes ကော်မတီမှ နုတ်ထွက်မည်မဟုတ်


အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဥက္ကဋ္ဌ Devin Nunes

၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲကို ရုရှားကကြားဝင်စွက်ဖက်ခဲ့မှုကို စုံစမ်းစစ်ဆေးနေတဲ့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီကနေ ထွက်ဖို့ အစီအစဉ်မရှိကြောင်း ကော်မတီဥက္ကဋ္ဌ Devin Nunes က တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လူတွေကြားမှာ အမျိုးမျိုးပြောဆိုနေတာသာ ဖြစ်တဲ့အကြောင်း၊ ရာထူးက နှုတ်ထွက်ပေးဖို့ ကော်မတီဝင် တဦးဖြစ်တဲ့ ဒီမိုကရက် ပါတီ အောက်လွှတ်တော်အမတ် Adam Schiff က ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပြီးနောက်မှာပဲ ကော်မတီဥက္ကဋ္ဌ Nunes က သတင်းထောက်တွေ ကို ပြောဆိုခဲ့တာပါ။

ဒီမိုကရက်အောက်လွှတ်တော်အမတ် Schiff ကတော့ နှစ်ပေါင်းများစွာ အတူလက်တွဲ အလုပ်လုပ်ခဲ့တဲ့ ကော်မတီဥက္ကဋ္ဌကို ထွက်ပေးဖို့ တိုက်တွန်းချက်ကို လွယ်လွယ်နဲ့ ဆုံးဖြတ်ခဲ့တာမဟုတ်ကြောင်းနဲ့ ကော်မတီဥက္ကဋ္ဌ တဦးအနေနဲ့ စုံစမ်းစစ်ဆေးမှုကို မှန်မှန်ကန်ကန်နဲ့ ဦးဆောင်မှုမပေးနိုင်ရင် အများပြည်သူ အနေနဲ့ ယုံကြည်မှုရှိမှာ မဟုတ်ဘူးလို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

သမ္မတ Donald Trump ဟာ အမေရိကန် ထောက်လှမ်းရေးရဲ့ အမှတ်မထင် ကြားဖြတ်ထောက်လှမ်း ခံခဲ့ရကြောင်း ကော်မတီဥက္ကဋ္ဌ Nunes က ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ထုတ်ဖော်မပြောမီ၊ သတင်းအစီရင်ခံမယ့်သူနဲ့ အိမ်ဖြူတော်ဝန်းအတွင်း တွေ့ဆုံခဲ့ကြောင်းလည်း သူ့ရဲ့ပြောခွင့်ရဖြစ်တဲ့ Jack Langer က ပြောဆိုထားပါတယ်။ အစီရင်ခံတင်ပြတဲ့ သတင်းတွေကို လေ့လာကြည့်ရှုဖို့ လုံခြုံတဲ့နေရာအဖြစ် အိမ်ဖြူတော် မှာ တွေ့ဆုံခဲ့တာဖြစ်ကြောင်း လည်း ကော်မတီဥက္ကဋ္ဌရဲ့ ပြောခွင့်ရက မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

အစောပိုင်းမှာတုန်းကတော့ ကော်မတီဥက္ကဋ္ဌ Nunes က တွေ့ဆုံခဲ့တဲ့ နေရာကို ထုတ်ဖော်ပြောဆိုတာ မရှိသလို၊ သတင်းအစီရင်ခံသူ ဘယ်သူဆိုတာကိုလည်း အခုအထိ ထုတ်ဖော်ပြောဆိုတာမျိုး မရှိပါဘူး။ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Peter King ကတော့ ကော်မတီဥက္ကဋ္ဌရဲ့ လုပ်ရပ်တွေမှာ အမှားအယွင်းမရှိကြောင်း ဗွီအိုအေကို ပြောပါတယ်။

ဒီမိုကရက် အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Chuck Schumer ကတော့ ကော်မတီဥက္ကဋ္ဌ Nunes နေရာမှာ လူစားထိုးဖို့ လွှတ်တော်ဥက္ကဋ္ဌ Paul Ryan ကို တောင်းဆိုထားသလို၊ ဒီမိုကရက်ပါတီ အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် Nancy Pelosi ကတော့ အနည်းဆုံး အဆင့်အနေနဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှုတွေကို စုံစမ်းစစ်ဆေးမှုတွေမှာ မပါသင့်ဘူးလို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG