အပြစ်အနာအဆာ လုံးဝကင်းစင်ပြီး ရှားပါးလှတဲ့ ၈၈.၂၂ carat ရှိ ဘဲဥပုံ သွေးထားတဲ့ စိန်တုံးကြီးကို Soetheby ရဲ့ ဟောင်ကောင် လေလံတင် ရောင်းချပွဲမှာ ကျောက်မျက်ရတနာ စုဆောင်းသူ ဂျပန်အမျိုးသားတဦးက အမေရိကန်ဒေါ်လာ ၁၁ သန်းကျော် ပေးပြီး အင်္ဂါနေ့က ၀ယ်ယူလိုက်ပါတယ်။
ဟောင်ကောင်မှာပြုလုပ်တဲ့ Sotheby’s Asia အရောင်းပြခန်းမှာ ဟောင်ကောင် ဒေါ်လာ (၉၃) သန်း တန်ဖိုးရှိပြီး၊ အခြားအခတွေနဲ့ ပေါင်းရင် စုစုပေါင်း ဟောင်ကောင်ဒေါ်လာ (၁၀၈) သန်းတန်ဖိုးရှိတဲ့ ဒီ စိန်တုံးကို ခုလို ရောင်းချခဲ့တာပါ။ ဝယ်ယူခဲ့တဲ့ ဂျပန်အမျိုးသားက ဒီစိန်တုံးကြီးကို သူရဲ့ သမီးအကြီးဆုံး နာမည်ဖြစ်တဲ့ Manami လို့ အမည်ပေးမယ်လို့ ဆိုပါတယ်။ ဒီစိန်တုံးကြီးဝယ်ယူသူနဲ့ ပတ်သက်ပြီး ပိုင်ရှင်သစ်ရဲ့ ခွင့်ပြုချက်နဲ့ ခုလိုသတင်းထုတ်ပြန်ပေးတာ ဖြစ်ပြီး၊ ပုံမှန်တော့ ခုလို ဝယ်ယူသူသတင်းကို ထုတ်ပြန်လေ့ မရှိဘူးလို့ ဒီပြပွှဲ ဥက္ကဋ္ဌ Patti Wong က ဆိုပါတယ်။
ကမ္ဘာ့စိန်စုစုပေါင်းရဲ့ ၄၀% နီးပါးကို ထုတ်ပေးနေတဲ့ အာဖရိကနိုင်ငံ ဘော့စဝါနာ မှာထွက် တဲ့ ဒီ စိန်တုံးကြီးဟာ မူလ အလေးချိန် ၂၄၂ carat ရှိရာကနေ ခုလိုအချောသွေးယူခဲ့တာပါ။ အရည်အသွေး အထူးကောင်းမွန်တဲ့ ဒီစိန်တုံးကြီးကို လေလံတင်ရာမှာ (၁၀) မိနစ်ပဲ ကြာလိုက်ပြီး အခုလို အရောင်းအဝယ်ဖြစ်မြောက်သွားခဲ့တာပါ။
၂၀၁၇ ခုကတော့ ၅၉.၆၀ carat ရှိတဲ့ ပန်းရောင်စိန်တုံးကို အမေရိကန်ဒေါ်လာ ၇၁.၂ သန်းနဲ့ ဟောင်ကောင်မှာ ဒေသခံ ပန်းထိမ်လုပ်ငန်းရှင် Chow Tai Fook ကို ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒီပန်းရောင်စိန် ဟာ ကမ္ဘာလေလံဈေးကွက်မှာ စိန် ဒါမှမဟုတ် အဖိုးတန်ကျောက်မျက်ရတနာတွေ အနက် စံချိန်တင်တန်ဖိုးအကြီးဆုံးရောင်းချမှုဖြစ်တယ်လို့ ဆိုပါတယ်။