သုံးရလွယ်ကူစေသည့် Link များ

မြန်မာစစ်တပ်ကို အရေးယူဖို့ ကန် ဆီနိတ်တာ လိုလား


ဘင်္ဂလားနယ်စပ်က ရိုဟင်ဂျာမူဆလင်ဒုက္ခသည်စခန်းများ။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဒေသခံတွေရဲ့ မုန်းတီးမှုဟာ လွန်စွာ ပြင်းထန် နက်ရှိုင်းနေတယ်၊ သံဆူးကြိုးကာရံထားတဲ့ သူ့အခေါ် Prison Camp အကျဉ်းစခန်းတွေမှာ အပြင်နဲ့ အဆက်အသွယ် မလုပ်ဘဲ နေနေကြရတာဟာ ဒုတိယ ကမ္ဘာစစ်က ပိုလန်နိုင်ငံမှာ ဂျူးတွေကို ပိတ်လှောင်ထားတဲ့ Getto အကျဉ်းစခန်းတွေနဲ့ တူညီတယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ်တဦးက ပြောကြားလိုက်ပါတယ်။ Dick Durbin ဟာ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဗွီအိုအေနဲ့ ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အဲဒီလို ပြောကြားလိုက်တာပါ။ ဒီအကြောင်း ဦးကျော်ဇံသာက တင်ပြပေးပါမယ်။

ဟုတ်ပါတယ်။ သူက ရခိုင်ပြည်နယ်မြောက်ပိုင်းကိုရောက်တော့ ဒေသခံတွေ နဲ့တွေ့ခဲ့ရတယ် ဒီဒေသခံတွေဟာ သူ့အခေါ် ရိုဟင်ဂျာမူဆလင်တွေအပေါ်မှာ ဘယ်လောက်ခါးခါးသီးသီး မုန်းတီးနေကြတယ်ဆိုတာကို သူက စပြီးတော့ အခုလိုပြောပါတယ်။

"မြန်မာနိုင်ငံဘက်ကိုလည်း ရောက်ခဲ့ပါတယ်။ ဒီပြသနာဖြစ်ပွားခဲ့တဲ့နေရာက ရခိုင်ဒေသကလူတွေ နဲ့ စကားပြောခွင့် ရခဲ့ပါတယ်။ ဒီလူတွေရဲ့ ရိုဟင်ဂျာတွေအပေါ်မှာ မုန်းတီးမှု ဘယ်လောက်အထိ နက်ရှိုင်းသလဲဆိုတာကိုလည်း သူသိခဲ့ရပါတယ်။ ဒီအခြေအနေတွေဟာ ၂၁ရာစု မှာ ရှိနေသေးတယ်ဆိုတာ မယုံကြည်နိုင်စရာပါပဲ။ စကားပြောနေတာကို ရပ်ခိုင်းပြီးတော့ ရိုဟင်ဂျာဆိုတဲ့စကားကို မသုံးပါနဲ့ ဒီရိုဟင်ဂျာဆိုတာ တကယ်မရှိဘူးဆိုပြီးတော့ ရိုဟင်ဂျာရှိတယ်ဆိုတာကို ငြင်းဆန်ကြပါတယ်။"

ဆက်လက်ပြီးတော့ ဒီမုန်းတီးမှုဟာ ဘာကြောင့် ဒီလောက်တောင်ပြင်းထန် ရသလဲဆိုတာာကို သူက သုံးသပ်ဖို့ ကြိုးစားပါတယ်။ ပြီးတော့ သူက ဒါဟာ တောင်အာဖရိက က Apartheid အသားအရောင်ခွဲခြားမှုထက် ပိုဆိုးရွားတယ်လို့လည်း သူက မှတ်ချက်ချပါတယ်။

" သူတို့ အဲ့ဒီ့မှာ နေနေတာ သိပ်မကြာသေးလို့မဟုတ်ပါဘူး။ မြန်မာပြည်ထဲကသူတွေက သူတို့နဲ့ ထိတွေ့မှု မရှိသလောက်နေခဲ့ကြပါတယ်။ သူတို့တည်ဆောက်ပေးထားတဲ့ Prison Camps အကျဉ်းစခန်းတွေအကြောင်း ပြောရင်း အမျိုးသမီးတယောက်က တောင်အာဖရိကက Apartheid အသားအရောင်ခွဲခြားမှု နဲ့တူတယ်လို့ပြောပါတယ်။ ဒါပေမဲ့ တောင်အာဖရိကမှာတုန်းက လူမည်းတွေဟာ သီးခြားနေထိုင်ခဲ့ကြရပေမဲ့ လူဖြူတွေရှိတဲ့နေရာကို သွားပြီးတော့ အလုပ်လုပ်ကိုင်ခွင့်ရှိပါတယ်။ ဒီရိုဟင်ဂျာတွေ ကတော့ သံဆူးကြိုးတွေ နောက်ကွယ်က စခန်းတွေထဲမှာပဲ နေနေရပါတယ်။ အပြင်ထွက်ခွင့်မရှိပါဘူး။ ဒါဟာ ဒုတိယကမ္ဘာစစ်တုန်းက ဂျူးလူမျိုးတွေကို ပိတ်လှောင်ထားတဲ့ ဝါဆောအကျဉ်းစခန်းတွေနဲ့ ပိုပြီးတော့ တူပါတယ်။"

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်နေကြတာတွေကိုလည်း သူက ဆက်လက်ပြီးတော့ ပြောသွားပါတယ်။

" ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သူ့ရဲ့ရဲစွမ်းတဲ့သတ္တိကို ချီးကျူးမယ့်ဆုံးဖြတ်ချက်ကို ကျနော်တို့ကိုယ်တိုင် ဝမ်းမြောက်ဝမ်းသာ မဲပေးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အခုကိစ္စမှာတော့ သူဟာ အပြောင်းအလဲလုပ်ချင်စိတ် မရှိတာပဲလား။ လုပ်နိုင်တဲ့အင်အားမရှိတာပဲလား။ ဒါတွေကို ကျူးလွန်နေတာက စစ်တပ်ပါ ။ သူ့ကို ဝေဖန်အပြစ်တင်နေကြတာဟာ စစ်အာဏာရှင်စနစ်ကို ၁၅နှစ်လုံးလုံး စွန့်စားအာခံလာသူတယောက်အနေနဲ့ ဒီရိုဟင်ဂျာကိစ္စကို ပိုပြီးတော့ အလေးအနက်မပြောရကောင်းလားဆိုပြီး ဒေါသဖြစ် မွှန်ထူပြီးတော့ လုပ်နေကြတာလို့ထင်ပါတယ်။ ဒီအခြေအနေဆိုးကို သူက ပြောင်းလဲပြုပြင်နိုင်မလား။ မဖြစ်နိုင်ပါဘူး။ သူ့မှာ အာဏာမရှိပါဘူး။ ဒါပေမဲ့ သူ့အနေနဲ့ ပိုပြောသင့်ပါတယ်။ ပိုလုပ်သင့်ပါတယ်။ ဒါက သိပ်ရှင်းပါတယ်။"

သူ့ကိုထောက်ခံသူတွေကတော့ စစ်တပ်ကို မထိန်းချုပ်နိုင်သေးသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီမျိုးစေ့ ဆက်လက်ရှင်သန်နိုင်အောင် ထိန်းသိမ်းနေရတယ်လို့ဆိုကြောင်း ဆီနိတ်တာက ဆက်ပြီးပြောပါတယ်။ ဒီအခြေအနေတွေ အားလုံးအတွက် အဓိက တာဝန်ရှိတဲ့ စစ်တပ်ကို ဖိအားပေး ဒဏ်ခတ်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း သူမမှိတ်မသုန် ယုံကြည်တယ်လို့ဆိုပါတယ်။

" တာဝန်ရှိတဲ့စစ်တပ်ခေါင်းဆောင်တွေအပေါ်မှာ ဖိအားတွေ ပေးဖို့လိုအပ်တယ်လို့ ကျနော် တကယ်ပဲ ယုံကြည်ပါတယ်။ ဒီလိုနည်းနဲ့သာ သူတို့ရဲ့လုပ်ရပ်တွေအတွက် သူတို့မှာ တာဝန်ရှိတယ်ဆိုတာကို ပြသနိုင်မှာဖြစ်ပါတယ်။ "

အမေရိကန်အထက်လွှတ်တော်အမတ် Dick Durbin ဟာ ပုပ်ရဟန်းမင်းကြီး သွားရောက်ခဲ့စဉ်တုန်းက ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်း ကို မသုံးပဲ ရှောင်ကျဉ် သွားခဲ့တာကိုလည်းပဲ မှားတယ်လို့မယူဆကြောင်း ပုပ်ရဟန်းမင်းကြီးဟာ အင်မတန် လိမ်မာပါးနပ်စွာ ကိုင်တွယ်သွားခြင်းသာဖြစ်ကြောင်း သူ့အနေနဲ့ ပုပ်ရဟန်းမင်းကြီးကို လွန်စွာလေးစားကြောင်း ပြောပါတယ်ခင်ဗျာ။

https://www.voanews.com/a/greta-van-susteren-dick-durbin-rohingya-refugees-/4153009.html

XS
SM
MD
LG