သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၃ နှစ်ကြာ ကချင်စစ်ပွဲကြားက အတိဒုက္ခရောက်ကြရသူများ


ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးက ကချင်စစ်ပြေးဒုက္ခသည်စခန်းတွင်းက ကလေးငယ်များ ( ဇန်နဝါရီ ၄၊ ၂၀၁၃)။
ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးက ကချင်စစ်ပြေးဒုက္ခသည်စခန်းတွင်းက ကလေးငယ်များ ( ဇန်နဝါရီ ၄၊ ၂၀၁၃)။
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA နဲ့ မြန်မာစစ်တပ်တို့ကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာဟာ ၃နှစ်ပြည့်တဲ့အချိန်မှာ စစ်ပွဲတွေက ထွက်ပြေးတိမ်းရှောင် နေရသူပေါင်း ၁ သိန်း ကျော်အထိ ရှိသွားပါပြီ။ ဒုက္ခသည်အများစုဟာ နေထိုင်ရေးအခက်အခဲနဲ့ ရင်ဆိုင်နေရသလို ကလေးတွေပညာရေးအတွက်လည်း ပူပန်နေကြရပါတယ်။ နေရပ်မပြန်နိုင်သေးတဲ့ ကချင်ဒုက္ခသည်တွေကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိရေးကို အထူး လိုလားနေကြပါတယ်။ တကျော့ပြန် ပြန်လည်ဖြစ်ပွားတဲ့ ကချင်စစ်ပွဲ ၃ နှစ် ပြည့်ချိန်မှာ ဒုက္ခသည်တွေ ရင်ဆိုင်ရတဲ့အခက်အခဲနဲ့ လိုလားချက်တွေကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

၁၉၉၄ ခုနှစ်ကနေ ၁၇ နှစ်တိုင်အပစ်အခတ်ရပ်စဲခဲ့ကြတဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်အကြားမှာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ပြီး တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာတာဟာ အခုဆိုရင် ၃ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

၃ နှစ်ကြာဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒုက္ခသည် ၁သိန်းခွဲလောက်ဟာ ကချင်ပြည်နယ်က မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော်၊ မန်စီ စတဲ့ မြို့တွေအပြင် KIA ထိန်းချုပ်ရာဒေသက စစ်ရှောင်စခန်းတွေမှာ ထွက်ပြေး ခိုလှုံနေကြရသလို အခက်အခဲမျိုးစုံနဲ့လည်း ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

မြစ်ကြီးနားမြို့ ဂျမိုင်ကောင် စစ်ရှောင်စခန်းမှာ ခိုလှုံနေသူတွေ လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်း စခန်းနဲ့ပတ်သက်လို့ ကြီးကြပ်ဆောင်ရွက်ပေးနေသူ ဦးအောင်မြတ်က အခုလို ပြောပါတယ်။

“အခုက ကျောင်းသူ ကျောင်းသားတွေ ကျောင်းစတက်တဲ့အချိန် ဖြစ်တဲ့အတွက် ဒီကျောင်းသူ ကျောင်းသားတွေအတွက် စာရေးကိရိယာတွေအားလုံး အဓိက မိဘတွေက ပူပင်နေကြတယ်။ ကျောင်းသုံးကိရိယာပစ္စည်းတွေက ထောက်ပံ့တာ မရှိတော့ဘူး။ တပ်တွေ နောက်ဆုတ်တာမျိုး၊ တချို့တပ်တွေ လျှော့လာတာမျိုး မရှိကြဘူးပေါ့။ စစ်မျက်နှာဇုန်မှာ ကျနေတဲ့သူတွေဆိုတော့ ပြန်ဖို့တော့ မဖြစ်နိုင်သေးဘူး။”

ဂျမိုင်ကောင်စခန်းမှာ စစ်ရှောင်ဒုက္ခသည် ၁,၀၀၀ နီးပါးရှိပြီး သူတို့တွက် ကုလမသဂ္ဂရဲ့ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် WFP အဖွဲ့က ရိက္ခာ ထောက်ပံ့ ပေးထားပါတယ်။ ဒီစခန်းကိုတော့ ၂၀၁၁ ခုနှစ် ဇူလိုင်လတည်းက ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်-မြန်မာနယ်စပ်က ပါကထောင်စခန်းက စစ်ရှောင်ဒုက္ခသည်တဦးကတော့ စခန်းမှာ အခက်အခဲတွေ ရှိပေမဲ့ ငြိမ်းချမ်းဖို့ကိုသာ လိုလားကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့အခြေအနေကြောင့် အခုလောလောဆယ် အိမ်ပြန်ချင်တဲ့စိတ်တွေတော့ မရှိဘူး။ အခုလောလောဆယ် ကျနော်တို့ ဖြစ်ချင်တာ၊ လိုချင်နေတာက တိုက်ပွဲ ငြိမ်းချမ်းဖို့ပေါ့နော်။ အဲဒါတွေပဲ လိုလားနေတယ်။”

တရုတ်-မြန်မာ နယ်စပ်ဒေသက စခန်း ၆ ခုကို ကူညီထောက်ပံ့ပေးနေတဲ့ ဝမ်ပေါင်နိန်းထွဲအဖွဲ့က ဒေါ်မေရီတွမ်ကတော့ စခန်းတွေမှာ အဓိက လိုအပ်နေတာတွေကို အခုလို ပြောပါတယ်။

“အခု မိုးတွင်းရောက်လာပြီပေါ့နော်။ အဓိကကတော့ နမ့်နိမ်းပါကနေ နိုဝင်ဘာ ၂၀၁၃ မှာ ပြောင်းလာတဲ့ ဒုက္ခသည်စခန်းက အခုချိန်ထိ သူတို့က UNHCR ကပေးတဲ့အတိုင်း ရွက်ဖျင်တဲထဲမှာပဲ နေနေရတယ်။ အဲဒီတော့ မနေ့ တနေ့ကစပြီး မိုးက တနေ့လုံးရွာတယ်ဆိုတော့ ကြမ်းပြင်အတွက်ကတော့ အခက်အခဲရှိတယ်။ နေရာထိုင်ခင်းပေါ့။ နောက်ပြီးမှ ကျောင်းတွေပေါ့- ကျောင်းခေါင်က ပြန်ပြီး ပြုပြင်ထိန်းသိမ်းဖို့ ဆိုတာထက် အသစ်ပြန်ဆောက်ရမယ့် အနေအထားမျိုး ဖြစ်သွားတယ်။ အစားအသောက်တွေနဲ့ ပတ်သက်လို့တော့ နည်းနည်းအခက်အခဲရှိတယ်။ -- က -၄-၅-၆ လမှ တစ်ခါရောက်တယ်။ နောက် ၂ လ၊ ၃-၄ လအတွက်ပဲ ရှိတော့တယ်။ နောက် တနှစ်စာအတွက် အဲဒီလို ဂရမ်တီ မရှိသေးဘူး။”

တခြားလိုအပ်တာကတော့ ကျန်းမာရေးကူညီစောင့်ရှောက်မှုနဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတွက် အာဟာရဖြည့်ဆီးပေးဖို့ တွေဖြစ်တယ်လို့ ဆက်ပြောပါတယ်။ ဒုက္ခသည်တွေအိမ်ပြန်နိုင်ဖို့ကတော့ KIA နဲ့ အစိုးရအကြား လက်ရှိဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ်မှာပဲ မူတည်နေတယ်လို့ ဒေါ်မေရီတွမ်က သုံးသပ်ပါတယ်။

“အခု ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့သူတွေက သူတို့ရဲ့နေရပ်ကို ပြန်ဖို့ဆိုတာက ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်ဖို့အပေါ်မှာပဲ အများကြီး မူတည်တယ်။ တကယ် စိတ်ချရတဲ့ အနေအထား ရောက်တဲ့အခါမှာ ကျမတို့က ပြန်ခိုင်းဖို့ အခြေအနေ ဖြစ်မယ်ပေါ့။ ဒီလူတွေအတွက်ကတော့ ပြန်ဖို့ဆိုတာက နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ ငြိမ်းချမ်းရေးစကား ပြောတာ စိတ်ချရပြီဆိုတဲ့ အခြေအနေဖြစ်တဲ့အခါမှ သူတို့ ပြန်ဖို့ကတော့ ဖြစ်လာမှာပေါ့နော်။”

အဓိကတော့ သူတို့ ရွာတွေမှာ စစ်တပ်က လာရောက် တပ်စွဲနေတာနဲ့ မြေမြှုပ်မိုင်းဗုံးတွေ မရှင်းလင်းနိုင်သေးတာကြောင့်လည်း ပြန်ဖို့အတွက် အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။ မြန်မာပြည်တွင်းက ငြိမ်းချမ်းရေးလှုပ်ရှားသူတွေက စစ်ပွဲရပ်ဆိုင်းရေးအတွက် ဟောပြောပွဲွ ဆုတောင်းပွဲနဲ့ ကဗျာရွတ်ဆိုပွဲစတာတွေကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားမြို့တွေမှာ ကျင်းပနေသလို စစ်ရှောင်ဒုက္ခသည် စခန်းအသီးသီးမှာလည်း ဒီမနက်က ဆုတောင်းပွဲတွေ ကျင်းပပါတယ်။

ကချင်ပြည်နယ်မှာ ပြန်လည်ဖြစ်ပွားနေတဲ့ စစ်ပွဲ ၃ နှစ်မြောက်တဲ့နေ့မှာ နိုင်ငံတကာမှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ ၅၅ ဖွဲ့ကလည်း အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုထားသလို စစ်ရှောင်ဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ အကူအညီတွေ အမြန်ဆုံးပေးအပ်ဖို့ကို တောင်းဆိုထားပါတယ်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကတော့ စစ်ပွဲပြန်လည် စတင်တဲ့ ၂၀၁၁က စပြီး မြန်မာအစိုးရစစ်တပ်ဖက်က လူအခွင့်အရေး ချိုးဖောက်မှုတွေ အပါအဝင် လူနာချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တဲ့ မှတ်တမ်းတွေကို ရခဲ့ကြောင်းနဲ့ ဒီအတွက် မြန်မာအစိုးရစစ်တပ်အနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့ ကာကွယ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
XS
SM
MD
LG