သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး သံတမန်နည်း အိုဘားမား ပိုနှစ်သက်


ဆီးရီးယား အစိုးရအနေနဲ့ ဓာတုလက်နက်တွေကို နောက်ထပ် အသုံးမပြုနိုင်အောင် စစ်ရေးထက် သံတမန်ရေး နည်လမ်းတွေကို အသုံးပြုဖို့ သူ့အနေနဲ့ ပိုမို လိုလားတဲ့အကြောင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။

တနင်္လာနေ့ညက အမေရိကန် ရုပ်သံအစီအစဉ် ၆ ခုမှာတော့ ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆတ် (Bashar al-Assad) အစိုးရကို ဖိအားပေးရေး သမ္မတ အိုဘားမားက ပြောဆိုခဲ့တာပါ။

အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမယ့် အစီအစဉ်ကို ရှောင်ရှားနိုင်ဖို့ ဆီးရီးယားရဲ့ ဓာတုလက်နက်တွေကို နိုင်ငံတကာ ထိန်းချုပ်မှုအောက် ထားရှိရေး ရုရှားနိုင်ငံရဲ့ အဆိုပြုချက်ဟာ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတခု ဖြစ်နိုင်ကြောင်းလည်း သမ္မတ အိုဘားမားက PBS ရုပ်သံရဲ့ News Hour အစီအစဉ်မှာ ပြောသွားပါတယ်။ အဆိုပြုချက် အသေးစိတ်ကိုလည်း ရုရှားအစိုးရနဲ့ ဆွေးနွေးဖို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ကို ညွှန်ကြားထားကြောင်း ပြောဆိုခဲ့တာပါ။

ဆီးရီးယားနိုင်ငံက ဓာတုလက်နက်တွေ ဘေးကင်းလုံခြုံမှု ရှိစေရေး ကိစ္စတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကျင်းပခဲ့တဲ့ ရုရှားနိုင်ငံ St. Petersburg မြို့က စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံပေါင်း ၂၀ G-20 အစည်းအဝေးပွဲမှာလည်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) နဲ့ ပြောဆိုဖြစ်တဲ့ အကြောင်း သမ္မတအိုဘားမားကပြောပါတယ်။

ဆီးရီးယား အစိုးရကတော့ ဓာတုလက်နက်တွေကို ဖျက်ဆီးပစ်ဖို့ လွဲှပြောင်းပေးရေး အစီအစဉ်ကို ကြိုဆိုခဲ့ပေမဲ့ ဘယ်လိုလိုက်နာ ဆောင်ရွက်သွားမလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ တိတိကျကျ ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။ ဒီအစီအစဉ်ကိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon ကလည်း ထောက်ခံခဲ့ပါတယ်။
XS
SM
MD
LG