သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအပြီး တိုင်းပြည် အခြေအနေ ကောင်းလာဖွယ်မရှိ


ရွေးကောက်ပွဲအပြီး တိုင်းပြည် အခြေအနေ ကောင်းလာဖွယ်မရှိ
ရွေးကောက်ပွဲအပြီး တိုင်းပြည် အခြေအနေ ကောင်းလာဖွယ်မရှိ

မြန်မာစစ်အစိုးရက ရှေ့လထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲက တိုင်းပြည်မှာ ကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ကြပါတယ်။ ဒီမိုကရေစီရေး လိုလားတဲ့ နိုင်ငံရေး အင်အားစုတွေ ပါဝင်ခွင့် မရှိဘဲ ဖြစ်နေရသလို တိုင်းရင်းသား လူမျိုးစုတွေနဲ့ တင်းမာမှုတွေ ကြီးထွားလာနေတာ၊ လူ့အခွင့်အရေး ပြဿနာတွေ ရှိနေဆဲ အခြေအနေတွေဟာ ရွေးကောက်ပွဲ လုပ်ပြီးလို့ အစိုးရအသစ်တရပ် ပေါ်လာရင်တောင် တိုးတက်မယ့် အရိပ်အယောင် မမြင်ရဘူးလို့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်က နှီးနှောဖလှယ်ပွဲအတွင်း ပြောဆိုခဲ့ကြတာပါ။ အကြောင်းစုံကိုတော့ ဂျွန် ဟော့ပ်ကင်းစ် (John Hopkins) တက္ကသိုလ် နိုင်ငံတကာ အဆင့်မြင့် လေ့လာရေးဌာနမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲလွန်ကာလ ရောက်တဲ့အခါ နိုင်ငံရေး၊ လူ့အခွင့်အရေး စတဲ့ အခြေအနေတွေ ပြောင်းလဲနိုင်တဲ့ အလားအလာတွေ ရှိမရှိ ဆိုတာကို ‘အရပ်သား အုပ်ချုပ်ရေး ပြန်ရောက်မှာလား’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြရာမှာ များများစားစား မျှော်လင့်နိုင်မှာ မဟုတ်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုခဲ့ကြတာပါ။ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမယ့် အခြေအနေတွေ အောက်မှာ ကျင်းပပေးမှာ မဟုတ်သလို လွှမ်းမိုးနေဆဲဖြစ်တဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး ပြဿနာတွေဟာလည်း နောက်အစိုးရ ပေါ်လာရင်တောင် ဆက်လက် ခြိမ်းခြောက်နေဦးမှာ ဖြစ်တယ်လို့ ဆိုခဲ့ကြတာပါ။

ရွေးကောက်ပွဲက မျှော်လင့်ချက်တွေ ဆောင်ကြဉ်း မပေးနိုင်ဘူးလို့ ဆိုသူတွေထဲ ၁၉၉၈ ခုနှစ် စီးပွားရေး နိုဘယ်လ်ဆုရှင် အမ်မာတီယာ စန် (Amartya Sen) လည်း တဦးအပါအဝင် ဖြစ်ပါတယ်။

“မြန်မာနိုင်ငံက ဝါဒဖြန့်ချိမှုတွေအပေါ် အချေအတင် ဖြစ်ရတာတွေ၊ လေးနက်တဲ့ အဓိပ္ပာယ်တွေကြောင့် ဒီအတုအယောင် ရွေးကောက်ပွဲကို ထောက်ခံသူတွေ အနေနဲ့လည်း အကြီးအကျယ် စိတ်ရှုပ်စရာ ဖြစ်ကြရပါတယ်။ စစ်အစိုးရက အနိုင်ရဖို့ ကြိုတင်စီစဉ်ထားတဲ့ ရွေးကောက်ပွဲကလည်း ဒီကနေ့ ဒီအချိန် မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စိတ်ပျက်စရာ ရှုပ်ထွေးမှုတွေသာ ထပ်ဖြစ်လာမှာပါ။”

ငယ်စဉ်ဘဝက မြန်မာနိုင်ငံမှာလည်း နေထိုင်ဖူးသူ နိုဘယ်လ်ဆုရှင် အမ်မာတီယာ စန်က မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲဟာ အာဏာပိုင်တွေက ဆိုနေသလိုမျိုး အပြောင်းအလဲတွေကို ဦးတည်စေမှာ မဟုတ်တဲ့အပြင် ဒီမိုကရေစီ ထွန်းကားရေးအတွက် အဟန့်အတားသာ ဖြစ်လိမ့်မယ်လို့လည်း ဆိုခဲ့တာပါ။ ဒီလို အခြေအနေမျိုးမှာ ရှေ့လကျင်းပမယ့် ရွေးကောက်ပွဲကနေ ဘာမှ မျှော်လင့်လို့ မရနိုင်ဘူးဆိုတာ သေချာတယ်လို့ ဆိုခဲ့သူ တဦးကတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ပါမောက္ခ ပေါ်လို ဆာဂျီယို ပီညဲရိုး (Paulo Sergio Pinheiro) ပဲ ဖြစ်ပါတယ်။

“ဒီရွေးကောက်ပွဲဟာ အတုအယောင် အဖြစ်ပဲ ကျနော်ကတော့ သဘောထားပါတယ်။ ရွေးကောက်ပွဲအပြီး ဘာတွေ ဖြစ်လာလေမလဲ စောင့်ကြည့်ဦးမယ်ဆိုရင် ဒါဟာ အင်မတန် မှားယွင်းလိမ့်မယ်လို့လည်း ကျနော် ထင်ပါတယ်။ ကျနော်ကတော့ ရွေးကောက်ပွဲအပြီးမှာ ဘာတွေ ဖြစ်လာမလဲ ကြိုမြင်ပါတယ်။ အာဏာရှင် အုပ်ချုပ်မှု အောက်ကနေ စစ်မှန်တဲ့ အပြောင်းအလဲ ဘာတခုမှ ဖြစ်လာမှာ မဟုတ်ပါဘူး။”

စစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပတော့မယ် ဆိုနေပေမဲ့လည်း နိုင်ငံရေး အင်အားစုတွေ ကျယ်ကျယ်ပြန့်ပြန့် မပါဝင်နိုင်တာ၊ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းလောက်သာ ကျန်တော့တဲ့ အချိန်မှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တင်းမာမှုတွေ ကြီးထွားလာနေတာ တွေကလည်း ရွေးကောက်ပွဲ နောက်ပိုင်းမှာ အလားအလာ ကောင်းတွေတော့ မဟုတ်လှဘူးလို့ အကဲခတ်တွေ၊ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

ဗြိတိန်နိုင်ငံမှာ အခြေစိုက်ပြီး မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့က ဇိုယာဖန်းကတော့ ပြဿနာတွေဟာ အဆိုးဘက်ကိုတောင် ဦးတည်သွားစေနိုင်တယ်လို့ မြင်ပါတယ်။

“အခု ကျမတို့တိုင်းပြည် အခြေအနေကတော့ တော်တော်လေး ဆိုးဝါးနေတယ်လို့ ပြောလို့ရပါတယ်။ အခြေအနေကတော့ တိုးတက်မှု လုံးဝမရှိပါဘူး။ ဒီစစ်အာဏာရှင်တွေ လုပ်နေတဲ့ ရွေးကောက်ပွဲကလည်း ဒီပြဿနာတွေကို လုံး၀ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ သူတို့လုပ်နေတဲ့ ရွေးကောက်ပွဲက ဒီပြဿနာကို ပိုပြီးတော့ ကြီးထွားလာနိုင်တယ်။

“ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အခြေခံဥပဒေကို ကြည့်တဲ့အချိန်မှာ တိုင်းရင်းသား အခွင့်အရေးတွေကို ဘာမှ သူတို့ အာမခံချက် မပေးပါဘူး။ တိုင်းရင်းသား လူမျိုးစုတွေ၊ အလားတူ အခြား အတိုက်အခံ အင်အားစုတွေကိုလည်း သူတို့ လုပ်ထားတယ်၊ ဖိနှိပ်မှုတွေကိုလည်း သူတို့ ဆက်လက်ပြီး လုပ်နေမယ်။ အဲဒါကြောင့် ကျမအမြင်မှာတော့ လာမယ့် ရက်ပိုင်းအတွင်း၊ လပိုင်းအတွင်းမှာဆိုရင် ပဋိပက္ခတွေ ပိုများလာမယ်။ ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ပိုများလာမယ်။”

မြန်မာစစ်အစိုးရက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ တိုင်းပြည်မှာ အရေးပါတဲ့ လုပ်ငန်းစဉ်တရပ် အဖြစ်နဲ့ ဆွေးနွေးသူတွေက ယေဘုယျ လက်ခံကြတာမို့ ဒါကို မျက်ခြည်ပြတ်လို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုကြတာပါ။ မြန်မာစစ်အစိုးရကတော့ တနင်္လာနေ့တုန်းကပဲ ရွေးကောက်ပွဲမှာ ပြည်ပက လေ့လာ အကဲခတ်သူတွေ၊ သတင်းမီဒီယာတွေ လာဖို့မလိုဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒီအတွက်လည်း ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက သံသယ ရှိနှင့်ပြီးသား ဖြစ်နေတဲ့ ရွေးကောက်ပွဲအပေါ် လက်ခံယုံကြည်နိုင်ဖို့ ခက်ခဲစရာ ပိုပြီးဖြစ်ရကြောင်း ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG