သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ထုတ်ပယ်မှု ပြည်တွင်း မတည်ငြိမ်မှုတွေ ထင်ဟပ်နေ


တရုတ်နိုင်ငံခြားရေးဝန်ကြီးတာဝန်က ဖယ်ရှားခံရတဲ့ Qin Gang
တရုတ်နိုင်ငံခြားရေးဝန်ကြီးတာဝန်က ဖယ်ရှားခံရတဲ့ Qin Gang

တရုတ် နိုင်ငံခြားရေးဝန်ကြီး Qin Gang ဟာ လူမြင်ကွင်းကတလ လောက်ပျောက်ပြီးနောက်ပိုင်း ရာထူးက ထုတ်ပယ်ခံလိုက်ရတာက တရုတ် နိုင်ငံရဲ့ သံတမန်ရေးမှာ မတည်ငြိမ်မှုတွေကို ထင်ဟပ်စေတယ်လို့ လေ့လာသူတွေ သုံးသပ်နေကြပါတယ်။ တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံတွေ ထိတွေ့ဆက်ဆံမှုအပေါ် အပျက် သဘောဆောင်တဲ့ သက်ရောက်မှုတွေလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

လက်တွေ့မှာ အာဏာမရှိတဲ့ လွှတ်တော်မှာ Qin Gang ကိုထုတ်ပယ်ပြီး သူ့အစား အရင်က နိုင်ငံခြားရေး ဝန်ကြီး တာဝန်ယူခဲ့ဖူးတဲ့ Wang Yi ကို ပြန်လည်ခန့်အပ်ဖို့ အင်္ဂါနေ့က မဲခွဲဆုံးဖြတ်ခဲ့ကြတာပါ။ အသက် ၅၇ နှစ်အရွယ် Qin Gangဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ ယုံကြည်စိတ်ချရတဲ့ မဟာမိတ်တွေထဲက တဦးအဖြစ် ကာလကြာရှည် ရှုမြင်ခံခဲ့ရသူဖြစ်ပါတယ်။ သူဟာ COVID-19 ကပ်ရောဂါကာလအတွင်း အမေရိကန်ဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းပြီးနောက် မနှစ်ဒီဇင်ဘာလမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာပေမယ့် အခု ၇ လ မပြည့်ခင်မှာပဲ ရာထူးက ဖယ်ရှားခံလိုက်ရတာ ဖြစ်ပါတယ်။

Qin Gang ကို ဇွန်လ ၂၅ ရက်က သီရိလင်္ကာ၊ ဗီယက်နမ်နဲ့ ရုရှားနိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာနောက်ဆုံး လူမြင်ကွင်းမှာ တွေ့မြင်ခဲ့ရတာပါ။ ခုလို ရာထူးက ဖယ်ရှားခံရတာနဲ့ သူ လူမြင်ကွင်းက ပျောက်ကွယ်နေတဲ့ဖြစ်ရပ် ဆက်နွှယ်နေတဲ့ ကောလာဟလတွေကလည်း တရုတ် ထိပ်တန်းခေါင်းဆောင်တွေကြား မသေချာမရေရာမှုတွေ မြင့်မားနေတာကို ထင်ဟပ်နေကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။

တဖက်မှာလည်း ဝါရင့် သံတမန် Wang Yi ကို ရာထူး ပြန်ခန့်တာက အကဲဆတ်တဲ့ အခြေအနေကို ထိခိုက်မှု လျော့နည်းအောင် လုပ်ဆောင်တာအဖြစ်ရှုမြင်ကြပြီး Wang Yi ကမရေမရာ အခြေအနေတွေကို ရှောင်ရှားနိုင်ဖို့ လုပ်ဆောင်ချက် အဖြစ် သုံးသပ်ကြပါတယ်။

၂၀၁၃ ကနေ ၂၀၂၂ ခုနှစ် အထိ နိုင်ငံခြားရေး ဝန်ကြီးတာဝန်ယူခဲ့တဲ့ ဝမ်ယီ (Wang Yi) ဟာ အခု ဆိုရင် တရုတ် ကွန်မြူနစ်ပါတီရဲ့ နိုင်ငံခြားရေးဒါရိုက်တာနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ရာထူးနှစ်ခုလုံးကို ပူးတွဲ ရယူမှာ ဖြစ်ပြီး ဒါဟာ နိုင်ငံခြားရေးမူဝါဒ အကောင်အထည်ဖော်မှုပိုင်းမှာ ရလဒ်တွေမကောင်းနိုင်ဘူး လို့လည်း ကျွမ်းကျင်သူအချို့က သုံးသပ်ကြပါတယ်။ Wang Yi ကို ခန့်အပ်မှုက ယာယီသဘော အသွင်ကူး ပြောင်းရေးအစီအစဉ်အဖြစ် ရှုမြင်နိုင်ပေမယ့် ဒါဟာတရုတ်နိုင်ငံရဲ့ နိုင်ငံတကာဖြန့်ကျက်မှုအပေါ် သက်ရောက်မှုတွေရှိလာနိုင်ကြောင်း တရုတ် နိုင်ငံအရေး စောင့်ကြည့်သူတွေက ထောက်ပြထားပါတယ်။

အခု ရာထူးက ထုတ်ခံခဲ့ရတဲ့ Qin Gang ဟာ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူ အဖြစ်ကမ္ဘာက ရှုမြင်လေ့ ရှိပြီး သူဟာအခုလတ်တလော အမေရိကန်နဲ့တရုတ်ကြား ဆက်သွယ်ရေး ပြန်လည်ထူထောင်ရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

Qin Gang ရာထူးတွေ အလျင်အမြန် တိုးလာခဲ့တာက ရှီကျင့်ဖျင်ရဲ့ တကိုယ်တော်သဘောနဲ့ ပုဂ္ဂိုလ်ရေး ရာထူးခန့်ထားမှု စနစ်ကို ထင်ဟပ်နေသလို တဖက်မှာလည်း ရှီကျင့်ဖျင်ရဲ့ ဗဟိုချုပ်ကိုင်မှုဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်ဟာ ကွန်မြူနစ်ပါတီတွင်း အရင်က ကျင့်သုံးတဲ့ အပြန်အလှန်ထိန်းကျောင်းမှုစနစ်ကို အားနည်းသွားစေပါတယ်။ တရုတ်နိုင်ငံပိုင်မီဒီယာတွေမှာ Qin Gang ရာထူးကနေ ဖယ်ရှားခံရတာနဲ့ ပတ်သက်ပြီး အသေးစိတ်ဖော်ပြခြင်းမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG