သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Divided Heart ဇာတ်ကားမှာ ဒေါ်စုအဖြစ် မီရှဲလ်ယိုး သရုပ်ဆောင်


ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုး မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ရန်ကုန်လေဆိပ်တွင် လိုက်ပါပို့ဆောင်သူများနှင့်အတူ တွေ့ရစဉ်။ ဒီဇင်ဘာ ၇၊ ၂၀၁၀။
ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုး မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ရန်ကုန်လေဆိပ်တွင် လိုက်ပါပို့ဆောင်သူများနှင့်အတူ တွေ့ရစဉ်။ ဒီဇင်ဘာ ၇၊ ၂၀၁၀။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဘဝကို အခြေခံပြီး မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းနေမှုအကြောင်း ရုပ်ရှင်ရိုက်ကူးနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာကနေ သရုပ်ဆောင်မယ့် ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုး (Michelle Yeoh) မနေ့က ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပါတယ်။ တိုင်းပြည်နဲ့ ဒီမိုကရေစီရေးအတွက် ကြီးမားတဲ့ စွန့်လွှတ်မှုတွေနဲ့ ရပ်တည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာကနေ သရုပ်ဆောင်ခွင့် ရတဲ့အတွက် အန်မတန် ဂုဏ်ယူသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တူအောင် ကြိုးစား သရုပ်ဆောင်ထားတယ်လို့လည်း ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုးက NLD ပါတီကို ပြောခဲ့ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဘ၀ အကြောင်းကို အခြေခံပြီး ပြင်သစ် နာမည်ကြီး ဒါရိုက်တာ လူ့ခ် ဘတ်ဆွန် (Luc Besson) က Divided Heart ခွဲခြားထားသော နှလုံးသားလို့ ယာယီ အမည်ပေးပြီး ရုပ်ရှင်ရိုက်ကူးနေတဲ့ ဇာတ်ကားမှာ ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာက သရုပ်ဆောင် ရိုက်ကူးနေတာပါ။

ဒါ့ကြောင့် မနေ့က ရန်ကုန်ကို မင်းသမီး မီရှဲလ်ယိုး ရောက်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှား ပြောဆိုမှုတွေကို တနေ့လုံး စောင့်ကြည့်နေခဲ့သလို သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နေရာကနေ သရုပ်ဆောင်ခွင့် ရတဲ့အတွက် မင်းသမီး မီရှဲလ်ယိုးက ဂုဏ်ယူ ဝမ်းသာမိတယ် ဆိုတာကို ပြောသွားခဲ့တယ်လို့ NLD ပါတီက ဦးဝင်းထိန်က ပြောပါတယ်။

“သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘ၀ တစိတ်တပိုင်းကို မင်းသမီးအဖြစ်နဲ့ တာဝန်ယူပြီး ရိုက်နေတယ်လေ။ ပထမအပိုင်းကတော့ အောက်စ်ဖို့ဒ်မှာ ဒေါ်စု ပညာသင်တဲ့ အပိုင်းကို သူရိုက်တယ်လို့ ပြောတယ်။ ရိုက်ပြီးတော့ မလေးရှားမှာ ဆက်တင်တွေ ဘာတွေ ပြင်ပြီးတော့မှ မြန်မာပြည်မှာ ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည် လှုပ်ရှားမှုတွေကို ရိုက်တယ်။

“သူပြောတာကတော့ ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီခေါင်းဆောင် တယောက်ကို ကိုယ်စားပြုပြီးတော့ သရုပ်ဆောင်ရတာ အင်မတန် ဂုဏ်ယူပါတယ်။ ဒေါ်စုလွတ်လာပြီးမှ အင်တာနက်တို့ Face book တို့မှာ တင်တဲ့ဟာတွေ သူ ကြည့်ပြီးပြီလေ။ ဒေါ်စုရဲ့ အနေအထားက International Icon ဖြစ်နေတဲ့အတွက်ကြောင့် အဲဒီလိုပုဂ္ဂိုလ် တဦးကို ကိုယ်စားပြုပြီး ရုပ်ရှင်ရိုက်ရတဲ့အတွက် အရမ်း ဂုဏ်ယူတဲ့အကြောင်း ပြောသွားတာပေါ့။”

ဒီဇာတ်ကား ရိုက်ကူးဖို့အတွက် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုးဟာ ၃ နှစ်နီးပါးလောက် လေ့လာခဲ့တာကိုလည်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

“ဒါရိုက်တာက အဲဒီဇာတ်ကားနဲ့ ပတ်သက်လို့ အတော်ကြိုးစားတယ်တဲ့။ ဇာတ်လမ်း အနေအထားရော၊ ဇာတ်ညွှန်း အနေအထားရော ၃ နှစ်လောက် လေ့လာတယ်။ လေ့လာပြီးတော့ သူနဲ့သင့်တော်တယ်ဆိုပြီး သူ့ကိုငှားတဲ့အခါမှာ သူတို့ ၂ ယောက်စလုံး ပေါင်းပြီးတော့ ၃ နှစ်လောက် လေ့လာပြီးတော့မှ ဒီဇာတ်ကားကို ရိုက်ကြတာလို့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တူအောင် သူ့ရဲ့ မိန့်ခွန်းတွေ၊ သူ့ရဲ့အမူအယာတွေကို ကြည့်ရတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တူအောင် ဝိတ်ချတာ ၁၀ ပေါင်လောက် ကျသွားတယ်ဆိုပြီး သူပြောပြတာပေါ့။

“ရိုက်တဲ့အခါမှာ သူရိုက်တဲ့ပုံတွေမှာ Blackberry နဲ့ ယူလာတယ်။ ယူလာတော့ သူ့ပုံက ဒေါ်စုလို ဗမာဝတ်စုံနဲ့ ဝတ်ပြီးတော့မှ ပန်းပန်ထားပြီး ဘေးကရိုက်ထားတဲ့ပုံကို ကြည့်ရတာ ကျနော် တော်တော် အံ့သြသွားတယ်။ အရမ်းတူတာပဲ။”

ဒီဇာတ်ကားကို လန်ဒန် အပါအဝင် မလေးရှားနဲ့ ထိုင်းနိုင်ငံတွင်းမှာလည်း ရိုက်ကူးခဲ့ရာမှာ ဒီနိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ပါဝင် သရုပ်ဆောင်ထားပါတယ်။

“အောက်စ်ဖို့ဒ်မှာ ရိုက်တဲ့ အခန်းတွေကျတော့ သူ့သား ကင်မ်က အဲဒီမှာ လိုက်ပြီး ကူညီတော့၊ မလေးရှားမှာ ဆက်တင်တွေနဲ့ လုပ်ပြီးတော့ ရိုက်တဲ့အခါမှာ ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့ဖူးတဲ့လူတွေ တော်တော်များများကို သူတို့က ငှားလိုက်တယ်။ ငှားတဲ့အခါ တချို့တဝက်က ဆန္ဒပြတဲ့ ကျောင်းသားတွေ အမူအယာလုပ်တယ်၊ တချို့တဝက်က သူတို့ကို နှိမ်နင်းတဲ့ အာဏာပိုင် အဖွဲ့အစည်းက လက်နက်ကိုင် အဖွဲ့အစည်းတွေ လုပ်တယ်။

“လုပ်တဲ့အခါမှာ အဲဒီကျောင်းသားတွေက ဘာမှ သင်စရာ မလိုဘူးတဲ့။ မင်းတို့ ဆန္ဒပြတဲ့ကောင်တွေ သွားပြီးတော့ နှိမ်နင်းလို့ ခေါင်းဆောင်က ညွှန်ကြားလိုက်တာနဲ့ အဲဒီကောင်တွေ ရိုက်တာ၊ နှက်တာ၊ ခြေထောက်နဲ့ ပိတ်ကန်တာတွေ၊ သူ လန့်ဖြတ်ပြီး မူးတောင် မူးသွားတယ်တဲ့။”

NLD ပါတီက ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မင်းသမီး မီရှဲလ်ယိုးဟာ ဒီကနေ့မှာတော့ ရန်ကုန်ကနေ စင်ကာပူနိုင်ငံကို လေကြောင်းနဲ့ ပြန်လည်ထွက်ခွာသွားပါပြီ။ ကွဲကွာနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဘ၀ အကြောင်းကို အခြေခံပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် ကြိုးပမ်းမှုအကြောင်း အပါအဝင် စည်းရုံးရေး ခရီးစဉ်မျိုးတွေကိုလည်း ထည့်သွင်း ရိုက်ကူးထားပါတယ်။

အခုဇာတ်ကားကို ရိုက်ကူးတဲ့ ပြင်သစ်ဒါရိုက်တာ လူ့ခ် ဘတ်ဆွန်ဟာ နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာတဦး ဖြစ်သလို မင်းသမီး မီရှဲလ်ယိုး ဆိုရင်လည်း ဂျိမ်းစ်ဘွန်း ဇာတ်ကားတခုဖြစ်တဲ့ Tomorrow Never Dies နဲ့ ဂျပန်ကခြေသည် ဇာတ်ကားတခုဖြစ်တဲ့ Memoirs of Geisha ဇာတ်ကားနဲ့လည်း နာမည်ကြီး သရုပ်ဆောင် ဖြစ်သလို Crouching Tiger, Hidden Dragon ဆိုတဲ့ ဇာတ်ကားမှာလည်း အင်မတန် အောင်မြင်ထင်ရှားတဲ့ ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတဦး ဖြစ်ပါတယ်။

XS
SM
MD
LG