သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်အိုးပင်း တင်းနစ် အမျိုးသားတဦးချင်းပြိုင်ပွဲ Djokovic ဗိုလ်စွဲ


 ပြင်သစ်အိုးပင်း တင်းနစ် အမျိုးသားတဦးချင်းပြိုင်ပွဲ Djokovic ဗိုလ်စွဲ ။ ဂျွန် ၁၁၊ ၂၀၂၃
ပြင်သစ်အိုးပင်း တင်းနစ် အမျိုးသားတဦးချင်းပြိုင်ပွဲ Djokovic ဗိုလ်စွဲ ။ ဂျွန် ၁၁၊ ၂၀၂၃

ဆာဘီးယားနိုင်ငံသား ဂျိုကိုးဗစ်ဟာ ပြင်သစ် အိုးပင်းန်းတင်းနစ်ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်မှာ Casper Ruud ကို အနိုင်ရရှိပြီး သမိုင်းမှတ်တမ်းတင်လိုက်ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့ မှာ ကျင်းပတဲ့ ဒီဖိုင်နယ်ပွဲမှာ ဂျိုုကိုးဗစ် က 7-6 (1), 6-3, 7-5 နဲ့ အနိုင်ရရှိသွားခဲ့တာပါ။ ရှုံးသွားခဲ့တဲ့ Casper Ruud ဟာ မနှစ်တုန်းကလည်း ဖိုင်နယ်တက်ခဲ့ပေမဲ့ ရာဖယ်လ် နဒဲလ်ကို ရှုံးခဲ့ရပါတယ်။ ခုပွဲမတိုင်မီအထိ စပိန်နိုင်ငံသား နဒဲလ် ဟာလည်း ဂျိုကိုးဗစ်နဲ့အတူ တင်းနစ်ကြီး ၄ ကြီး ဆု ၂၂ ဆု နဲ့ ဦးဆောင်နေခဲ့တဲ့သူ ဖြစ်ပါတယ်။ ရွှံစေးကွင်းဘုရင်လို့ လူသိများတဲ့ နဒဲလ် က ဒီ နှစ် ပြင်သစ်အိုးပင်းကို အနာတရ ဖြစ်နေတဲ့အတွက် ဝင်မပြိုင်နိုင်ခဲ့ပါဘူး။

ဒီပွဲကို အနိုင်ရရှိသွားတဲ့အတွက်တင်းနစ် ကြီး ၄ ကြီး တစ်ဦးချင်းပြိုင်ပွဲ ဆုအများဆုံးရသူ အမျိုးသားတင်းနစ်သမားအဖြစ် ဆုပေါင်း ၂၃ ဆု နဲ့ ဂျိုကိုးဗစ်ကို သမိုင်း မှတ်တမ်းတင်လိုက်ပါတယ်။ ဒါပေမဲ့အမျိုးသမီးတင်းနစ် ချန်ပီယံတွေ ကိုပါ ထည့်တွက်မယ်ဆိုရင်တော့ ဂျိုကိုဗစ်ဟာ ၂၃ ဆု နဲ့ ဆရီးနားဝီလျံ နဲ့အတူ ဒုတိယ နေရာမှာပဲ ရှိပါသေးတယ်။ ထိပ်ဆုံးမှာ ရှိနေသူ ကတော့ သြစထြေးလျား အမျိုးသမီး တင်းနစ် ချန်ပီယံ Margaret Court က ၂၄ ဆု နဲ့ ထိပ်ဆုံးမှာ ရှိနေတာပါ။

Novak Djokovic, (ဝဲ) နဲ့ ကစားခဲ့သူ Casper Ruud (ယာ)၊ ဂျွန် ၁၁၊ ၂၀၂၃။
Novak Djokovic, (ဝဲ) နဲ့ ကစားခဲ့သူ Casper Ruud (ယာ)၊ ဂျွန် ၁၁၊ ၂၀၂၃။

ဂျိုကိုးဗစ် ဟာ အမျိုးသား တစ်ဦးချင်း ကြီး ၄ ကြီး တင်းနစ်ပြိုင်ပွဲတွေ မှာ သြစထြေးလျား အိုးပင်း ၁၀ ကြိမ်၊ ပြင်သစ်အိုးပင်န်း ၃ ကြိမ်၊ ဝင်ဘယ်ဒန် ၇ ကြိမ် နဲ့ ယူအက်စ် အိုးပင်းန် ၃ ကြိမ် ဆုရရှိထားပါတယ်။ ကြီး၄ ကြီး တင်းနစ် အမျိုးသားပွဲတိုင်း အနည်းဆုံး ၃ ကြိမ် ချန်ပီယံ ဖြစ်ဖူးသူ (Triple Career Slams) ကလည်း သူ တစ်ယောက်တည်းပဲ ရှိပါသေးတယ်။ တခြား Masters ပွဲ‌တွေလို့သိကြတဲ့ အဓိကတင်းနစ် ပွဲကြီးတွေမှာ ဆုပေါင်း ၃၈ ဆု နဲ့လည်းသူကဦးဆောင်နေပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဂျိုကိုးဗစ် ဟာ အမျိုးသား တင်းနစ် ကမ္ဘာ့အဆင့် ၁ သတ်မှတ်ခံရတဲ့ ၃၈၈ ကြိမ်မြောက်ရက်သတ္တပတ်ကို ဇွန်လ ၁၂ ရက်နေ့ မှာ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။ အဲဒီလို နံပတ် ၁ အဆင့်သတ်မှတ်ခံရတဲ့ ရက်သတ္တပတ်ဒုတိယ အများဆုံးသတ်မှတ်ခံရသူ အမျိုးသား တင်းနစ်သမားကတော့ ရော်ဂျာ ဖယ်ဒါးရား ဖြစ်ပြီး ၃၁၀ နဲ့ ဒုတိယ လိုက်ပါတယ်။ နဒဲလ် က ရက်သတ္တပတ် ၂၀၉ ပတ် ပဲ သတ်မှတ်ခံရတာပါ။

ပြက္ခဒိန်တစ်နှစ်ထဲ တင်းနစ်ကြီး ၄ ကြီး ချန်ပီယံဆုအားလုံးကိုတော့ ၁၉၆၉ ခုနှစ်မှာ Rod Laver ရရှိပြီးကတည်းကဘယ်သူမှ မရသေးပါဘူး။ ဂျိုကိုးဗစ်ဟာ ဒီနှစ်အတွင်း ကြီး ၄ ကြီး ထဲ က သြစေတေးလျ နဲ့ ပြင်သစ် အိုးပင်န်း တွေကိုရရှိပြီးတာမို့ခရီး တစ်ဝက်ကျိုးနေပြီ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်တုန်း က ကြီး ၃ ကြီး ဖလား ရပြီးကာမှာ ယူအက်စ် အိုးပင်းန် မှာ ရှုံးခဲ့ရတဲ့အတွက်ဂျိုးကိုးဗစ် ကပ်လွဲခဲ့ရတာ ဖြစ်ပါတယ်။ ဇူလိုင် ၃ ရက်မှာ ဝင်ဘယ်ဒန်ပွဲ စမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG