သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ DKBA အကြား တိုက်ပွဲတွေ ထပ်ဖြစ်


မြန်မာစစ်တပ်နဲ့ DKBA အကြား တိုက်ပွဲတွေ ထပ်ဖြစ်
မြန်မာစစ်တပ်နဲ့ DKBA အကြား တိုက်ပွဲတွေ ထပ်ဖြစ်

ကရင်နှစ်သစ်ကူးနေ့ ညမှာပဲ ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင် ဖလူးကြီး၊ ဖလူးလေး ရွာအနီးမှာ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား ၃ နာရီကျော်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ဒီမနက်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ အလုပ်အကိုင်တွေ ရပ်နားခဲ့ကြရပါတယ်။ ညဘက်မှာ ဖြစ်တာကြောင့် ပြေးလွှားချိန် မရဘဲ အိမ်အောက်က ဗုံးခိုကျင်းတွေမှာ နေထိုင်နေခဲ့ကြရပြီး တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဘက်က ရာနဲ့ချီရှိတဲ့ အပြာရောင် ဝတ်ထားတဲ့ အရပ်သား ပေါ်တာတွေကို ၅ ယောက်စီ ကြိုးနဲ့ချည်ပြီး လက်နက်ခဲယမ်း အပါအဝင် စစ်ပစ္စည်းတွေကို ထမ်းခိုင်းနေတာ မြင်ရတယ်လို့ DKBA နဲ့ ဒေသခံတွေက ပြောပြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က စခဲ့တဲ့ ထိုင်း၊ မြန်မာနယ်စပ်က တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဘက်က မနေ့ညနဲ့ ဒီနေ့မနက်မှာ လက်နက်ကြီးများ ပစ်ခတ်နေတာကြောင့် ဒေသခံ ရွာသားတွေ အလုပ်တွေ မလုပ်ရဘဲ အိမ်အောက်တွေက ဗုံးကျင်းတွေမှာ ပုန်းအောင်းနေကြရပြီး အကျဉ်းသား ပေါ်တာ အများအပြားကို သုံးပြီး စစ်ဆင်ရေး လုပ်နေတာကြောင့် တိုက်ပွဲတွေက ရေရှည်နိုင်ဦးမှာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ နေရာက ရွာသားတဦး ပြောပြတာကတော့ …

“ဖြစ်တာက ညဘက် ၁၀ နာရီလောက်၊ လက်နက်ကြီးတွေရော လက်နက်ငယ်တွေရောပေါ့။ ညကြီးဖြစ်တော့ လူတွေလည်း အဆင်ပြေသလို ပုန်းနေကြရတာပေါ့။ မနက်တော့ ငြိမ်နေတော့ ကျီးလန့်စာစားတော့ မရှိဘူး။ နည်းနည်းတော့ ရိုးသွားပြီ။ အိမ်အောက်မှာ ဗုံးကျင်းလုပ်ထားတော့ အိမ်အောက်ထဲ ဝင်နေကြတယ်။ ရွာသားတွေက ခါတိုင်းဆိုရင် အလုပ်သွားလုပ်နေကြ။ အခုတော့ အလုပ်သွားမလုပ်ရဲတော့ဘူး။ သူတို့ ပေါ်တာဆွဲမှာကြောက်လို့။ ရွာသားတွေလည်း အတော်လေးကို စိတ်ညစ်တယ်။ တချို့ဆို တောင်ယာတွေ မရိပ်သိမ်းရသေးတဲ့ နေရာတွေ ပစ်ထားရတာရှိတယ်။

“ပစ်လိုက် နားလိုက်၊ ပစ်လိုက် နားလိုက်ဆိုတော့ ရွာသားတွေလည်း အတော်လေးကို စိတ်ကျပ်လာပြီ။ အတော်များများကတော့ အတော်လေး ကြာဦးမယ်ပေါ့။ DKBA ကလည်း လက်နက်ချမယ့်ပုံ မပေါ်ဘူး၊ အစိုးရကလည်း DKBA ကို လက်နက်ချရင်ချ၊ မချရင် တိုက်မယ်လို့ ကြေညာထားတာကြောင့် ကြာဦးမယ်လို့ ထင်နေတယ်။ စစ်တပ်က အကျဉ်းသားတွေ ခေါ်လာတယ်ဆိုတော့၊ ရှေ့ကို သူတို့ ကားလမ်းကနေ သွားလို့မရရင် ဆွဲလမ်းတွေကနေ သွားရမှာပေါ့။ DKBA စခန်းတွေဘက်ကိုလည်း တက်တိုက်ကောင်း တိုက်နိုင်တာပေါ့။ သူတို့ တက်တိုက်တဲ့ အခါကြရင် အကျဉ်းသားတွေကို ရှေ့ကလည်း ထားရင်ထားမယ်လေ။”

တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ ရှိနေတဲ့ DKBA တပ်မှူး ဗိုလ်မှူး ကျော်သက်ကတော့ မြန်မာစစ်တပ်က တပ်သားတွေဟာ တိုက်ပွဲတွေအတွင်း DKBA တွေထောင်ထားတဲ့ မိုင်းတွေ နင်းမိတာ ရှိနေကြောင်း၊ သူတို့နယ်မြေကို ဝင်ရောက်လာတဲ့အတွက် ပြောက်ကျား ပစ်ခတ်မှုတွေကို လုပ်ခဲ့ရကြောင်း ပြောပြပါတယ်။

“၉ နာရီကျော်ကနေ ၁၂ နာရီအထိ ပစ်တယ်။ နအဖကတော့ နည်းနည်းထိတယ်။ မိုင်းနင်းမိတယ်။ မနေ့ညက ၉ နာရီကျော်မှာ သူတို့နေရာကို ကျနော်တို့ ပြောက်ကျားဝင်ပစ်တယ်။ သူတို့လည်း လက်နက်ကြီးနဲ့ပစ်တယ်။”

တိုက်ပွဲတွေအတွင်း အကျဉ်းသား ပေါ်တာတွေ အများအပြား အသုံးပြုနေကြောင်း၊ ပေါ်တာတွေကို ထွက်မပြေးအောင် ၅ ယောက်တတွဲ၊ ၄ ယောက်တတွဲစီ ကြိုးတွေ ချည်ထားကြောင်း DKBA ဘက်က ပြောပါတယ်။

“သူတို့ ပေါ်တာ အတော်များတယ်။ ၂ ယောက်တတွဲ ကြိုးနဲ့ချည်တယ်။ အထုပ်အပိုးတွေ ပိုးခိုင်းတယ်။ ထောင်သမားတွေဆိုတော့ ပြေးမှာလည်း ကြောက်လို့ပေါ့။”

မြန်မာစစ်တပ်ဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အင်းစိန်ထောင်နဲ့ နယ်ထောင်တွေက အကျဉ်းသားတွေကို ကားတွေနဲ့ အပြင်ထုတ်သွားတာတွေကို မြင်ခဲ့ရကြောင်း၊ ဒီထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါမပါ မသိနိုင်ပေမဲ့ ရာဇဝတ် အကျဉ်းသားတွေတော့ ပါနိုင်ကြောင်း အကျဉ်းထောင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခုတိုက်ပွဲတွေအတွင်း ဒေသခံတွေကို အတင်းအကျပ် ပေါ်တာဆွဲတာ လုပ်ခဲ့ပေမဲ့ ရွာသားတွေက ရွာတွေကနေ ရှောင်ပြေးပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှာ လာရောက် နေထိုင်နေတာကြောင့် ပေါ်တာရရှိဖို့အတွက် မြန်မာစစ်တပ်ဘက်က ခက်ခဲနေပါတယ်။ အခုဆိုရင် ထိုင်း၊ မြန်မာနယ်စပ်က ၂ လကြာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၈,၀၀၀ ကျော်ဟာ အိုးအိမ်တွေကို စွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှာ တရားမဝင် နေထိုင်နေရပြီး သူတို့ကို အစိုးရမဟုတ်တဲ့ အဖွဲ့တွေနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက စားစရာနဲ့ အဝတ်အစားတွေကို အကူအညီ ပေးနေရဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းကတော့ ကယ်ဆယ်ရေး စခန်းတွေကို ကြာရှည်မထားဘဲ နေရပ်ရင်းကိုပဲ ပြန်ဖို့ ပြောခဲ့တာကြောင့် နောက်ထပ် ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် အခက်အခဲတွေ ကြုံနေရဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG