သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်ခြားစောင့်တပ်သား လက်ပစ်ဗုံးနဲ့ မဲဆောက် UNHCR ရုံးရှေ့ ဆန္ဒပြ


DKBA တပ်သား စောသံမဏိ မဲဆောက် UNHCR ရုံးရှေ့တွင် ဆန္ဒပြနေစဉ်။ ဇန်နဝါရီ ၄၊ ၂၀၁၁။
DKBA တပ်သား စောသံမဏိ မဲဆောက် UNHCR ရုံးရှေ့တွင် ဆန္ဒပြနေစဉ်။ ဇန်နဝါရီ ၄၊ ၂၀၁၁။

ထိုင်း၊ မြန်မာ နယ်စပ် မဲဆောက်မြို့မှာ မြဝတီဘက်ကနေ ကူးလာတဲ့ မြန်မာစစ်အစိုးရရဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် တဦးဟာ လက်ပစ်ဗုံးတွေကို စနက်တံဖြုတ် ကိုင်ဆောင်ပြီး မြန်မာပြည် နိုင်ငံရေးကို ကုလသမဂ္ဂက ဝင်ရောက်ပြီး အသေအချာ ဖြေရှင်းပေးဖို့ တောင်းဆိုရင်း ဆန္ဒပြခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေဘက်က အခြေအနေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ဒီလို လက်နက်နဲ့ ဆန္ဒပြတာကြောင့် ထိုင်းဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ပြောဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ်အဖြစ် အတင်းအကျပ် အသွင်ပြောင်းခိုင်းတာကို လက်မခံနိုင်တဲ့ တိုင်းရင်းသားတွေဟာ လက်နက်ကိုင်ပြီး စစ်အစိုးရနဲ့ တိုက်ပွဲဖြစ်နေတာ ထိုင်း၊ မြန်မာ နယ်စပ် ကရင်ပြည်နယ်မှာ ၂ လနီးပါး ကြာပြီ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူခဲ့တဲ့ DKBA တပ်ဖွဲ့က တချို့ကို နယ်ခြားစောင့်တပ်အဖြစ် အတင်းအကျပ် အသွင်ပြောင်းခိုင်းခဲ့ပေမဲ့ တချို့ကတော့ နယ်ခြားစောင့်တပ်ကို လက်မခံနိုင်ကြောင့် စစ်အစိုးရတပ်တွေနဲ့ ဆက်လက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။

၄ ရက်နေ့ မနက်ပိုင်းမှာတော့ မြဝတီဘက်ကနေလာတဲ့ အရင် DKBA ကိုးသုံးလုံးတပ်က တပ်ဖွဲ့ဝင်ဖြစ်ပြီး အခု နယ်ခြားစောင့်တပ် လုပ်နေရတဲ့ တပ်သား စောသံမဏိဟာ ထိုင်း အငှားဆိုင်ကယ်သမားကို ခေါ်လာပြီး မဲဆောက်က UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံးရှေ့ ရောက်တဲ့ အချိန်မှာတော့ ဆိုင်ကယ်သမားလက်နဲ့ သူ့လက်ကို ပူးတွဲ လက်ထိပ်ခတ်ပြီး လက်ပစ်ဗုံးတွေကို စနက်တံ ဖြုတ်လိုက်ပါတယ်။ သူ့ကို ထိုင်းအာဏာပိုင်တွေက ရှင်းလင်းရေး လုပ်ဖို့အထိ ပြင်ဆင်ခဲ့ပေမဲ့ မဲဆောက်မြို့ပိုင် ရောက်ရှိလာပြီး ညှိနှိုင်းမှုတွေ လုပ်ခဲ့ရာမှာ သူ့တောင်းဆိုချက်တွေကို စောသံမဏိက အခုလို ပြောပြပါတယ်။

သူ့တောင်းဆိုချက်ထဲမှာ စစ်အစိုးရက နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ အတင်းအကျပ် စုဆောင်းနေတာတွေကို လက်မခံနိုင်ကြောင်း၊ စစ်အစိုးရလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံနိုင်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ကြောင်းနဲ့ မြန်မာ့နိုင်ငံရေးကို ကုလသမဂ္ဂက သေချာ ဖြေရှင်းပေးဖို့ တောင်းဆိုသွားပါတယ်။

သူဟာ လက်ရှိ စစ်အစိုးရ ခိုင်းထားတဲ့ နယ်ခြားစောင့်တပ်က တပ်ဖွဲ့ဝင်တဦး ဖြစ်နေတာကြောင့် သူ့ဆန္ဒကို ထုတ်ဖော်သွားခြင်းသာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂက မဖြေရှင်းပေးတဲ့ အပေါ်မှာ သူ့သဘောထားကို ပြောသွားခြင်းသာ ဖြစ်ကြောင်း လက်ရှိ မြန်မာစစ်အစိုးရနဲ့ တိုက်ပွဲဝင်နေတဲ့ DKBA တပ်မှူး ဗိုလ်စန်းအောင်က အခုလို ပြောပါတယ်။

“ကျနော်တို့က ဘယ်လိုမြင်လဲဆိုတော့ သူခံစားရတာတွေ ရင်ဖွင့်တယ်ပေါ့၊ ဒီစစ်ကလည်း ကာလ ကြာရှည်သွားမယ်၊ ဒါကြောင့် UN ရုံးရှေ့မှာ သူ့အနေနဲ့ ရင်ဖွင့်သွားတာ။ ဖြစ်နိုင်ရင် ကုလသမဂ္ဂ အဖွဲ့အစည်းကနေ ဝင်ရောက်ဖြေရှင်းလို့ရရင် အမြန်ဆုံး ဖြေရှင်းပေးဖို့၊ အဲဒီလို တောင်းဆို ဆန္ဒပြတာ၊ အဲဒီလိုပဲ ကျနော်မြင်တယ်။”

အခုဆိုရင် ကရင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်မယ့် အလားအလာတွေ ရှိနေပြီး စစ်တပ်ဘက်က အင်အားတွေ တိုးလာနေကြောင်း ဖလူးကြီး၊ ဖလူးလေးနဲ့ မင်းလက်ပံ ရွာသားတွေကလည်း ပြောပါတယ်။

“မင်းလက်ပံ ရွာထဲကို စစ်ကား ၇ စီးလောက် ထပ်တက်လာတယ်။ ဘယ်တပ်လဲတော့ မသိဘူး။”

အခုဆိုရင် တိုက်ပွဲတွေ ပြီးဆုံးသွားမယ့် အခြေအနေ မဟုတ်ဘဲ အကျဉ်းသားတွေကိုပါ ပေါ်တာတွေအဖြစ် ခေါ်ဆောင်လာတာကို တွေ့ရကြောင်း DKBA ဘက်ကလည်း ပြောပါတယ်။

“တပ်တိုးတယ်၊ အရင်တပ်တွေ ဖြုတ်ပြီးတော့ တပ်ပြန်ချိန်းတယ်။ အခုက စတက်နေပြီ။ ပြီးတော့ တောင်ကလေး ထောင်သားတွေနဲ့ မော်လမြိုင် ထောင်သားတွေကို ဝန်ထမ်းအဖြစ်နဲ့ သုံးဖို့၊ အယောက်ပေါင်း ရာနဲ့ချီပြီး ပါလာတယ်။ လက်ရှိ ရောက်နေပြီ။”

တိုက်ပွဲတွေကြောင့် ပြည်သူတွေ နစ်နာနေရတယ်၊ အိုးအိမ်တွေ စွန့်ခွာခဲ့ရတယ်၊ အတင်းအကျပ် လုပ်အားပေး ခိုင်းစေခံရတယ်၊ တိုက်ပွဲတွေကို မလိုလားဘဲ စစ်တိုက်နေရတာဟာ မြန်မာပြည်မှာ နိုင်ငံရေး ပြဿနာတွေကို သေချာ မဖြေရှင်းနိုင်တာကြောင့်လို့ DKBA က ပြောပါတယ်။ ဒီအတွက် ကမ္ဘာ့ကုလသမဂ္ဂက မြန်မာ့အရေးကို အလေးထား ဖြေရှင်းပေးသင့်တယ်လို့လည်း တောင်းဆိုသွားပါတယ်။

“ကျနော်တို့က မတိုက်ချင်ဘူး။ ကရင်အမျိုးသား အချင်းချင်းလည်း မတိုက်ချင်သလို မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား အချင်းချင်းလည်း လူမျိုးရေး အဓိကရုဏ်း မဖြစ်စေချင်ဘူး။ ဖြစ်နိုင်မယ်ဆိုရင် အခုလက်ရှိ ကုလသမဂ္ဂ အနေနဲ့သော်လည်းကောင်း၊ လုံခြုံရေးကောင်စီ အနေနဲ့သော်လည်းကောင်း ကျနော်တို့ မြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲအတွက် အမြန်ဆုံး ငြိမ်းသွားအောင် ဝင်ရောက် ဖြေရှင်းပေးဖို့၊ အဲဒီလို တောင်းဆိုချင်တာ။”

ထိုင်း၊ မြန်မာ နယ်စပ် မဲဆောက်မြို့က ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးရှေ့မှာ လက်ပစ်ဗုံးတွေ ကိုင်ပြီး ဆန္ဒပြသူ နယ်ခြားစောင့်တပ်သား စောသံမဏိရဲ့ တောင်းဆိုချက်တွေထဲက တခုကတော့ သူ့ကို မြန်မာပြည် ပြန်မပို့ဘဲ နိုင်ငံတကာခုံရုံးကို တင်ပြီး အရေးယူပါလို့ ဆိုပါတယ်။ ထိုင်းအာဏာပိုင်တွေကတော့ ပြဿနာကို အေးဆေးစွာ ဖြေရှင်းနိုင်ခဲ့ပြီး အထိအခိုက် မရှိတာကြောင့် သူ့ကို သက်ညှာစွာ အရေးယူ ဆောင်ရွက်ပေးဖို့ မဲဆောက်မြို့ပိုင်ကလည်း ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ ဝန်ထမ်းတွေကတော့ ဒီဖြစ်ရပ်ကြောင့် အတော်ထိတ်လန့်မှု ဖြစ်ခဲ့ပြီး စောသံမဏိရဲ့ လုပ်ရပ်ကို အံ့သြမှုတွေ ဖြစ်နေကြရပါတယ်။ စောသံမဏိရဲ့ တောင်းဆိုချက်တွေဟာ လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာနဲ့ လိုအပ်ချက်တွေ ဖြစ်တာကြောင့် ကုလသမဂ္ဂက အလေးထား ဆောင်ရွက်ပေးဖို့ သင့်ပြီလို့လည်း မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက မှတ်ချက်ပေး ပြောဆိုနေကြပါတယ်။

XS
SM
MD
LG