သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ DKBA ကြား နယ်စပ်တိုက်ပွဲ ပြင်းထန်


မြန်မာစစ်တပ်နဲ့ DKBA ကြား နယ်စပ်တိုက်ပွဲ ပြင်းထန်

အခြေအနေ တင်းမာနေတဲ့ မြန်မာစစ်အစိုးရတပ်တွေနဲ့ ဒီကေဘီအေ တပ်တွေဟာ ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင် ဖလူးကြီးရွာထဲမှာ ဒီကနေ့မနက် ၁၁ နာရီကနေ ညနေ ၃ နာရီကျော်အထိ တိုက်ပွဲဖြစ်နေတာကြောင့် ရွာသားတွေဟာ ဗုံးခိုကျင်းတွေမှာ ပုန်းအောင်း နေကြရသလို ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာသူတွေလည်း ထောင်နဲ့ချီနေပြီဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင်ထဲက ဖလူးကြီးကျေးရွာမှာ မြန်မာစစ်အစိုးရတပ်တွေက တပ်စွဲထားပြီး ရိက္ခာကားတွေနဲ့ စစ်ကူတွေ ထပ်တက်လာတာကြောင့် ဒီကေဘီအေ လို့ခေါ်တဲ့ တိုးတက်သော ကရင်ဗုဒ္ဓသာသာ တပ်တွေနဲ့ ရွာထဲမှာပဲ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့ကြပါတယ်။ ရိက္ခာကားတွေဟာ ၀ါးလေဘက်မှာ ပိတ်မိနေတဲ့ မြန်မာစစ်တပ်အတွက် ပိုဖို့ရည်ရွယ်တာဖြစ်ပြီး ဖလူးကြီးရွာကနေ လမ်းဖောက်ပြီး ဒီကေဘီအေ တွေကို ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ဝါးလေကိုတက်မယ့် လမ်းတလျှောက်မှာတော့ ဒီကေဘီအေတပ်တွေက ပိတ်ဆို့နေရာယူ ထားရာကနေ ဒီနေ့မနက် ၁၁ နာရီ အချိန်လောက်မှာ မြန်မာစစ်တပ်ရဲ့ ရိက္ခာနဲ့ လက်နက်ကျည်တွေ သယ်လာတဲ့ ကားတွေကို ဖျက်ဆီးဖို့အတွက် ဒီကေဘီအေတွေက ဖလူးကြီးရွာထဲကို ၀င်ရောက်လာခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာမှာရှိနေတဲ့ ဒီကေဘီအေ တပ်မှူးတဦး ပြောပြတာက -

“ကျနော်တို့ သူတို့စစ်စခန်းကို ၀င်ကပ်ပြီးတော့ သူတို့ကားတွေကို ဖျက်ဆီးဖို့ ကပ်ထားတယ်။ သူတို့လုံခြုံရေးကလည်း အဲဒီကုန်းနားမှာရှိတော့ ကျနော်တို့ ၀င်ကပ်ပြီး ၀င်ပစ်တယ်နော်။ သူတို့က ကျနော်တို့ကို လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ လက်နက်သေးနဲ့လည်း ပစ်တယ်။ စစ်ကြောင်းက (၂၃၀) စစ်ကြောင်း။ အဲဒီစစ်ကြောင်းက ရိက္ခာလာထုတ်တယ်။ ၁၁ နာရီခွဲကတည်းက ကျနော်တို့ ပစ်တယ်နော်။ ခုနကအချိန်လေးအထိပဲ ၁၀ မိနစ်လောက်ပါပဲရှိဦးမယ် သေနတ်ရပ်သွားတာ။”

မြန်မာစစ်တပ်ဘက်ကတော့ လက်နက်ကြီးတွေနဲ့ နေရာအနှံ့ကို ပစ်ခတ်နေကြောင်းကိုလည်း ပြောပြပါတယ်။

“အနောက်ရော၊ ကျန်တဲ့အရှေ့ရော ဘေးရော ဘယ်ညာ အကုန်ပစ်တာ၊ ဖလူးကြီးရွာ တည့်တည့်မှာနော်။ စခန်းတွေ ပစ်ခတ်မှုဖြစ်တယ်။ သူတို့တွေက လက်နက်ခဲယမ်းတွေနဲ့ပစ်တယ်။”

ဒီလိုပစ်ခတ်မူတွေကြောင့် ညနေပိုင်းမှာတော့ ရွာသားတဦး သေဆုံးသွားပြီး ရွားသားတချို့လည်း ထိခိုက်မူတွေ ရှိနေပြီး ထွက်ပြေးနေရမူတွေ ရှိနေတယ်လို့လည်း ရွာသားတွေက ပြောပြပါတယ်။

“ဖလူးရွာသားပဲ နံမည်က နေလင်းထွန်းတဲ့။ ဗုံးကြီးတလုံးကျတယ်။ လက်မောင်းကို ရှပ်ထိသွားတယ်။ ပြေးနေရတယ်။ အခုလောလောဆယ် မထွက်ရဲတော့ဘူး။ ဗုံးကျင်းထဲမှာ ပုန်းနေရတယ်။ ကျည်ဆံတွေက တောက်လျှောက်ထွက်နေတော့ ပလူပျံနေတယ်ဆိုတော့။ တချို့ ပြေးတဲ့သူတွေကလည်း ပြေးပေါ့။ မပြေးတဲ့သူတွေကတော့ ဗုံးကျင်းထဲမှာ ပုန်းနေရတယ်။ အပြင်ကိုမထွက်ရဲဘူး။ အခုပဲ တလုံးကျတာ ကြားတယ်ခင်ဗျ။ ရွာထဲမှာပဲ ကျနေတယ်။ ရွာအစပ်တွေမှာ အထဲမှာတွေရော၊ အခုပဲ ကွဲပြန်ပြီတလုံး။”

ကားလမ်းတွေမှာ ဒီကေဘီအေတပ်တွေ ပိတ်ဆို့ထားတဲ့အတွက် စစ်တပ်က ရိက္ခာတွေ ထမ်းပိုးဖို့အတွက် ရွာသားတွေကို အသုံးပြုဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။ ရွာသားတချို့လည်း မနေ့က ပေါ်တာအဖြစ် ဖမ်းဆီးခံရတယ်လို့ ပြောပြပါတယ်။

“အခုကတော့ ရွာထဲမှာ ပေါ်တာဆွဲတာတို့ လိုက်ဖမ်းတာတို့ သတင်းကြားတယ်။ သူတို့အဲဒါတွေကို အပေါ်ပို့ဖို့တော့ အစီအစဉ်ရှိတယ်။ ဘယ်သူကမှတော့ လိုက်ရဲမှာမဟုတ်ဘူး။ ဒီမှာပြေးကြမှာပဲ သူတို့ကို ဆွဲရင်တော့။ အပေါ်သွားလို့တော့ရတယ်။ ကားလမ်းတော့ရှိတယ်။ ဒါပေမဲ့ အပေါ်မှာက သိပ်ပြီးတော့ သွားလို့မရဘူး။ ဖမ်းမယ်လို့တော့ အသံကထွက်နေတယ်။ အခုလောလောဆယ်တော့ ဟိုတနေ့က တယောက်ဆွဲတယ်လို့ ကြားတယ်။ အခြေအနေကတော့ အခုဒီမှာ သောင်ရင်းမြစ်ဘေးမှာ ကျနော်တို့ နေနေတယ်။ ကျနော်တို့နဲ့ခပ်လှမ်းလှမ်း ဘုန်းကြီးကျောင်းနားမှာ ကြားနေရတယ် တကျိမ်းကျိမ်းနဲ့။ အလုပ်အကိုင်ကျတော့ ဒီဘက်ကို ထွက်လာတဲ့သူတွေကျတော့ တချို့ကျတော့လည်း သူတို့ဖွင့်ထားပေးတဲ့နေရာမှာ သွားနေကြတယ်။ နောက်ကျတော့လည်း အသိရှိတဲ့သူတွေဆီမှာ သွားပြီးနေကြတာပေါ့နော်။”

ပစ်ခတ်မူတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ထောင်နဲ့ချီရှိတဲ့ ကျေးရွားသားတွေဟာ ဒီကနေ့မှာပဲ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ စစ်တပ်က လက်နက်ကြီးသုံးပြီး ပစ်ခတ်နေပေမဲ့ ဒီကေဘီအေက ပြောက်ကျားနည်းတွေနဲ့ လမ်းတွေကနေ ခြုံခိုတိုက်ခိုက်မူတွေ လုပ်နေတာကြောင့် စစ်တပ်ဘက်က ၀ါးလေကိုတက်နိုင်ဖို့ လမ်းတွေ ပိတ်ဆို့ ပစ်ခတ်ခံနေရပါတယ်။

တိုက်ပွဲတွေအတွင်း ဒီကေဘီအေဘက်က ရှေ့ထွက်မိုင်းတွေနဲ့ ခြုံခိုတိုက်ခိုက်မူတွေကြောင့် မြန်မာစစ်သားတွေ အပြင်းအထန်း ဒဏ်ရာရရှိကြပြီး နယ်စပ်ဆေးရုံဖြစ်တဲ့ မြ၀တိမြို့မှာ လူနာတွေ အများအပြား ရောက်ရှိနေသလို ဘားအံဆေးရုံမှာလည်း လူနာတွေ အများအပြား ရောက်ရှိနေပါတယ်။ ထားဝယ်၊ မြိတ်၊ မော်လမြိုင်က ခွဲစိတ်ဆရာဝန်တွေကိုလည်း နယ်စပ်ကို အကူအညီပေးဖို့ အတင်းအကျပ် စေလွတ်ခံနေရကြောင်း ဆရာဝန်ကြီးတွေရဲ့ မိသားစုတွေက ပြောပါတယ်။ နယ်စပ်မှာ တိုက်ပွဲဖြစ်နေတာကြောင့် တာဝန်ထမ်းဆောင်ရမယ့် ဆရာဝန်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကတော့ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

၃၀ ရက်နေ့က ဖလူးကြီး ဖလူးလေးရွာအနီးမှာ မြန်မာစစ်တပ်က ဖမ်းဆီးခဲ့တဲ့ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်တွေကတော့ အခုထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး အာဏာပိုင်တွေဘက်က ပြန်လည် လွတ်ပေးခြင်းမရှိတာကြောင့် ပစ်သတ်ခံလိုက်ရပြီလို့ ယူဆကြောင်း ငြိမ်းချမ်းရေးကောင်စီကတော့ ပြောဆိုနေပါတယ်။

XS
SM
MD
LG