သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီကေဘီအေ တပ်ဖွဲ့ချင်း တိုက်ပွဲဖြစ်


ဒီကေဘီအေ တပ်ဖွဲ့ချင်း တိုက်ပွဲဖြစ်
ဒီကေဘီအေ တပ်ဖွဲ့ချင်း တိုက်ပွဲဖြစ်

မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကြား သဘောထား ကွဲလွဲရာက အခုနောက်ဆုံး လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်ထဲက လက်နက်ကိုင် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) အဖွဲ့တွေ အချင်းချင်းကြား တိုက်ခိုက်မှုတွေ မနေ့တုန်းကပဲ ဖြစ်ပွားခဲ့ပြီးနောက် ဆက်လက် တင်းမာမှုတွေ ကြီးထွားနေခဲ့တာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာအာဏာပိုင်တွေက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ဖိအားပေးတာကို လက်ခံခဲ့တဲ့ DKBA အဖွဲ့တွေနဲ့ လက်မခံဘဲ မြန်မာစစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ အဖွဲ့တွေကြား မကျေမလည်ဖြစ်ရာက တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာပါ။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံထားတဲ့ DKBA တပ်ဖွဲ့တွေရဲ့ ဌာနချုပ် စခန်းရှိရာ ကရင်ပြည်နယ် ကမမောင်းမြို့အနီး မြိုင်ကြီးငူစခန်းကို စီးနင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး လိုင်စင်မဲ့ကားတွေ၊ လက်နက်သိုလှောင်ရာ နေရာတွေ အပါအဝင် နေရာအတော်များများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပြပါတယ်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ လက်ခံတဲ့တပ်ကို လက်မခံလိုတဲ့ DKBA ၃၃၃ တပ်က စနေနေ့ ညနေပိုင်းမှာပဲ စီးနင်းတိုက်ခိုက်ခဲ့တာလို့ နယ်ခြားစောင့် တပ်ဖွဲ့တွေနဲ့ နီးစပ်သူ ဒေသခံ တယောက်က ပြောပြပါတယ်။

“မြိုင်ကြီးငူမှာရှိတဲ့ ရုံးတွေ၊ ဂိုဒေါင်တွေ အကုန်လုံး မီးလောင်သွားတယ်။ မြိုင်ကြီးငူက DKBA ရဲ့ ရုံးချုပ်ပဲ။ သူတို့ဘုန်းကြီး နေတဲ့နေရာ။ စည်းဝေးပွဲထိုင်ပြီး ပြဿနာ ဖြစ်တာပဲ။ ၃၃၃ မှာ ဖြစ်တာလို့ ပြောတယ်။ ဗိုလ်ချုပ်မောင်ကြည်ပေါ့။ ၃၃၃ ရယ်၊ ၉၉၉ ရယ်၊ ၅၅၅ ရယ်၊ အခုက ၃၃၃ မှာဖြစ်တာ။ စည်းဝေးပွဲထိုင်ပြီး ပြဿနာ ဖြစ်တာ။ ၃၃၃ အဖွဲ့က နေပြီးတော့၊ အဲဒီမှာ ဗိုလ်ကျော်သက် လူတွေလည်း ပါတာကိုး။”

မြန်မာအာဏာပိုင်တွေကို တော်လှန်တိုက်ခိုက်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ကနေ ခွဲထွက်ပြီးနောက်ပိုင်း DKBA အဖွဲ့ဟာ ၁၉၉၅ခုနှစ်ကတည်းက မြန်မာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူခဲ့တာပါ။

ဒီနောက်မှာတော့ ကရင်ပြည်နယ်တွင်းမှာ လက်နက်ကိုင် အဖွဲ့တခု အဖြစ်နဲ့ ဆက်လက် ရပ်တည်နေခဲ့တာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ မကျင်းပမီ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေ လက်နက်ချပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးလာရာက တပ်ဖွဲ့တွေကြား သဘောထား ကွဲလွဲမှုတွေ ထွက်ပေါ်ခဲ့တာပါ။ ဒီအထဲက တပ်ဖွဲ့တချို့ဟာ မြန်မာစစ်တပ်နဲ့ ရွေးကောက်ပွဲအတွက် မဲပေးမှုတွေ စတင်တဲ့ နိုဝင်ဘာလကစလို့ ပြန်လည်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ဒီလို နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်မခံတဲ့ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးနဲ့ ဗိုလ်မှူးကျော်သက်တို့ ဦးဆောင်တဲ့ တပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေပေမဲ့ အခုလို DKBA အဖွဲ့တွေကြား အချင်းချင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာကတော့ ဒါဟာ ပထမဆုံးအကြိမ်ပါ။ စနေနေ့က ဖြစ်ပွားခဲ့တဲ့ စီးနင်းတိုက်ခိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ DKBA တပ်သားတဦးကတော့ အခုလို ပြောပြပါတယ်။

“မြိုင်ကြီးငူထဲကို ဗုံးဝင်ကြဲတယ်၊ ကား ၅ စီး ပျက်စီးသွားတယ်။”

တိုက်ပွဲဖြစ်ပွားချိန်မှာတော့ DKBA ဌာနချုပ် စခန်းရဲ့ အကြီးအကဲ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ဆေးကုသမှု ခံယူဖို့ အဝေးကို ရောက်နေတဲ့အချိန် ဖြစ်တယ်လို့လည်း တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ စနေနေ့က တိုက်ခိုက်မှုအတွင်း ထိခိုက် သေဆုံးမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ် နေပေမဲ့လည်း သီးခြား အတည်ပြုလို့တော့ မရပါဘူး။ တိုက်ပွဲတွေ ဖြစ်ပြီးတဲ့ နောက်မှာတော့ အခုနောက်ဆုံး ဒေသထဲမှာ အခြေအနေတွေ တင်းမာနေပြီး ဒေသခံတွေကြား လုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်နေကြရ တယ် လို့လည်း ပြောကြပါတယ်။

XS
SM
MD
LG