သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးထုတ်ပြန်တဲ့ ကိုပါကြီးဓါတ်ပုံ DKBA ငြင်းဆို


ဓာတ်ပုံသတင်းထောက် ကိုပါကြီး (ခ) အောင်ကျော်နိုင် (ဓာတ်ပုံ/မိုးကျော်)
ဓာတ်ပုံသတင်းထောက် ကိုပါကြီး (ခ) အောင်ကျော်နိုင် (ဓာတ်ပုံ/မိုးကျော်)

မြန်မာ့ကာကွယ်ရေးဦးစီးဌာနက ပေးပို့တဲ့ အလွတ်သတင်းထောက်ကိုပါကြီးနဲ့ပတ်သက်တဲ့ ဒုတိယအကြိမ် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါရှိတဲ့ ဓာတ်ပုံတွေထဲက လက်ကိုင်ထားတဲ့ပုံဟာ ကွယ်လွန်သူ ကိုပါကြီးရဲ့ဓာတ်ပုံမဟုတ်ကြောင်း DKBA က ငြင်းဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်တပ်က ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားကြောင်း သတင်းထုတ်ပြန်ထားခံရသူ အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကတဆင့် ကာကွယ်ရေးဦးစီးဌာနက စက်တင်ဘာ ၂၆၊ ကျိုက်မရောဖြစ်စဉ်ဆိုပြီး ဒုတိယအကြိမ် သတင်းထုတ်ပြန်မှုကို ပေးပို့ခဲ့တာပါ။ အဲဒီအထဲမှာပါတဲ့ ဓာတ်ပုံအတော်များများဟာ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွြေဖ်ပြီး ကိုပါကြီးပုံအဖြစ် ပြထားတဲ့ လက်နက်ကိုင်ထားတဲ့ပုံဟာ DKBA က ရဲဘောတစ်ဦးပုံဖြစ်ပြီး အလွတ်သတင်းထောက် ကိုပါကြီးမဟုတ်ကြောင်း ဒီမိုကရေစီ ကရင့်အကျိုးပြု တပ်မတော် DKBA ရဲ့ ကလိုထူးဘောဗျူဟာ စစ်ဦးစီး ဒုတိယတန်း ဗိုလ်မှူးထွန်းထွန်းက ပြောပါတယ်။

“အဲဒါ ကိုပါကြီးပုံ မဟုတ်ဘူးဗျ။ ကျနော်တို့ဆီက ရဲဘော်ခိုင်လေးပုံပါ။ သိချင်ရင် ပုံနှစ်ပုံကို သေချာအောင် ယှဉ်ကြည့်လိုက်ရင် မျက်နှာပုံ၊ မျက်နှာကျပုံ၊ ဘာညာတွေ ယှဉ်ကြည့်လိုက်ရင် ကိုပါကြီးပုံ မဟုတ်မှန်း သိသာပါတယ်။ သူ့လုပ်ငန်း သဘောသဘာဝအရ သတင်းရှိတဲ့နေရာ သူသွားမှာပဲလေ။ …ဆိုတော့ ကျနော်တို့ DKBA ကြားထဲ ရောက်လာတာ မဆန်းပါဘူး။ ကချင်ဘက်သတင်းရှိရင်လည်း ကချင်ဘက် သူသွားမှာပါပဲ။ KNU ဘက် သတင်းရှိလည်း သူသွားမှာပါပဲ။ သူ့လုပ်ငန်းသဘောသဘာဝအရ သူက ရောက်နေမှာပါပဲ။ ..ဆိုတော့ တွေ့တဲ့ရဲဘော်နဲ့ ဓာတ်ပုံတွဲရိုက်ချင်ရင်လည်း ရိုက်မှာပဲ။ ကိုပါကြီး တပ်ဖွဲ့ဝင် ဟုတ်မဟုတ်ဆိုတာကတော့ ပုံနဲ့ပြပြီးတော့ ပြောလို့တော့ မရပါဘူး။”

ကာကွယ်ရေးဦးစီးဌာနရဲ့ ဒုတိယအကြိမ်ထုတ်ပြန်ချက်ထဲမှာ ကွယ်လွန်သူ ကိုပါကြီးဟာ ရဲနဲ့စစ်တပ်ရဲ့စစ်ဆေးချက်အရ သူ့ကိုယ်သူ DKBA တပ်ဖွဲ့ဝင်ဖြစ်တယ်လို့သာ ထွက်ဆိုတယ်ဆိုပြီး ရေးသားထားပါတယ်။ DKBA ရဲ့ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝငါခဲ့တဲ့အတွက် သူ့ကို ရန်သူတစ်ဦးလိုသာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ သတင်းသမားလို့ ပြောရအောင် သတင်းသမားနဲ့ပတ်သက်တဲ့ပစ္စည်းတွေကို မတွေ့ရဘူးလို့လည်း ရေးသားဖော်ပြထားပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော် လုပ်ထုံးလုပ်နည်းအရ အောက်တိုဘာလ (၂၆) ရက်နေ့က စတင်ပြီး ဗိုလ်မှူးကြီးအဆင့် ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ ဖြစ်စဉ်ကို စိစစ်လျှက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီစာကိုတော့ စာနယ်ဇင်းကောင်စီကတဆင့် သတင်းဌာနတွေကို အောက်တိုဘာလ ၃၁ နေ့က ဖြန့်ဝေပေးခဲ့တာပါ။

ပြီးခဲ့တဲ့အောက်တိုဘာလ (၄) ရက်နေ့မှာ သေဆုံးခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားတဲ့ ကိုပါကြီးအလောင်းကိုတော့ သေမှုသေခင်းအရ စုံစမ်းစစ်ဆေးနိုင်ဖို့ နိုဝင်ဘာလ ၅ ရက်နေ့မှာ အလောင်းတူးဖော်နိုင်ရေး မိသားစုထံကို မနေ့ကပဲ ကျိုက်မရောရဲစခန်းက အကြောင်းကြားခဲ့ပါတယ်။ ကြိုတင်လာဖို့ အကြောင်းကြားတာဖြစ်တဲ့အတွက် မိသားစုက နိုဝင်ဘာ (၄) ရက်နေ့မှာ ခရီးစတင်ပါလိမ့်မယ်။ မိသားစုရဲ့ဆန္ဒအရ အလောင်းသယ်ယူရေးကို နာရေးကူညီအမှုအသင်း (ရန်ကုန်) ကနေ အကူအညီပေးသွားမှာဖြစ်ကြောင်း ကိုပါကြီးရဲ့ဇနီး မသန္တာက ပြောပါတယ်။

“ကျမ ဖုန်းဆက်ပြီး အကြောင်းကြားထားတယ်ပေါ့နော်။ ဆရာဦးရောဘတ်စန်းအောင်ရဲ့ အကူအညီတောင်းမှုနဲ့ပေါ့နော်။ သူတို့ဆီက ကူညီမယ်၊ ဥက္ကဋ္ဌကိုလည်း မေးပြီးသွားပြီပေါ့နော်၊ အအေးခန်းကားနဲ့ကူညီမယ်။ တကယ်လို့ အချိန်ကို ကြိုပြောမယ်ဆိုရင် လိုက်စောင့်ဆိုလည်း စောင့်မယ်၊ တကယ်လို့ ဘယ်နေ့ ဘယ်ရက်၊ ကိုယ်သွားပြီးတော့မှ ဘယ်အချိန် ထွက်လာခဲ့ပါဆိုရင်လည်း သူတို့ ထွက်လာမယ်လို့ ပြောတယ်။”

ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင် ဖွဲ့စည်းစဉ်ကတည်းက ဗဟိုလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး သုံးရောင်ခြယ် အဖွဲ့ဝင် ကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံထုတ် ဂျာနယ်သုံးစောင်လောက်မှာ အောင်ကြီးနာမည်နဲ့ ထိုင်း-မြန်မာနယ်စပ်ကသတင်းတွေကို ပေးပို့နေခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ကို အလွတ်သတင်းထောက်၊ တက်ကြွလှုပ်ရှားသူအဖြစ် လူသိများခဲ့ပြီး KKO အဖွဲ့မှာကော၊ DKBA အဖွဲ့မှာပါ ပါဝင်ခြင်းမရှိကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းကရော မိသားစုကပါ ငြင်းဆိုထားပါတယ်ရှင်။

XS
SM
MD
LG