သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်ခြားစောင့်တပ်နဲ့ DKBA တိုက်ခိုက်မှုဖြစ်


နယ်ခြားစောင့်တပ်နဲ့ DKBA တိုက်ခိုက်မှုဖြစ်
နယ်ခြားစောင့်တပ်နဲ့ DKBA တိုက်ခိုက်မှုဖြစ်

ကရင်ပြည်နယ်မှာ မြန်မာအစိုးရက ဖွဲ့စည်းပေးထားတဲ့ နယ်ခြားစောင့်တပ်နဲ့ မကြာသေးခင်ကမှ အပစ်အခတ်ရပ်စဲရေး ယူထားတဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ် ကလိုထူးဖော ဗျုဟာတို့ မြိုင်ကြီးငူဒေသမှာ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကို မအေးအေးမာက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု ပြန်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တိုးတက်သော ကရင်ဗုဒ္ဓသာသာတပ် ဒီကေဘီ်အေ ကလိုထူးဖော ဗျုဟာ ဟာ မြိုင်ကြီးငူ ဒေသမှာ အခြေစိုက် လှုပ်ရှားခဲ့တာပါ။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာတော့ သူတို့နေရာကို မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့် တပ်တွေက လက်နက်တွေ လာသိမ်းတဲ့အတွက် ပစ်ခတ်မူတွေ ဖြစ်ခဲ့ပြီး သူတို့လက်နက်တွေ ပါသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးစောဆန်းအောင် ပြောပြတာက၊

“လက်ရှိ မြိုင်ကြီးငူဒေသမှာ နယ်ခြားစောင့်တပ်က (၁၀၁၁) ကပေါ့နော် ကျနော်တို့ သေနတ်တွေကို ငါးနေရာ ဝင်သိမ်းတာ။ ကျနော်တို့ဘက်ကလည်း ခုခံပစ်တယ်။ သူတို့စီးလာတဲ့ကားကို ပစ်လိုက်တယ်။ သူတို့ အလောင်းတစ်လောင်း ကျန်တယ်ပေါ့။ သူတို့က ကျနော်တို့လက်နက် ဝင်သိမ်းတဲ့အချိန်မှာ ကားနဲ့လာတာ သူတို့ ကျနော်တို့ကို ပစ်တဲ့အခါကျတော့ ကျနော်တို့ တပ်ကလည်း သူတို့ကို ခုခံပစ်တယ်။”

နယ်ခြားစောင့်တပ်တွေကို မြန်မာအစိုးရဘက်က ဗိုလ်ချုပ်တစ်ဦး ဦးဆောင်ပြီး ဖွဲ့စည်း ပေးခဲ့တာပါ။ အခုလို လက်နက်သိမ်းတဲ့ကိစ္စဟာ မြန်မာအစိုးရဘက်က မရိုးသားမှုအဖြစ် ဒီကေဘီအေ ဘက်က ပြောပါတယ်။

“ကျနော်တို့ နားလည်သွားတာက ဒီ နိုင်ငံတော်က ညွှန်ကြားလို့ သူတို့လုပ်တယ်။ ကျနော်တို့ သိရတာကတော့ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က ဗိုလ်ချုပ် မြင့်အောင်လှိုင် ဒီဘက်ဒေသကို ရောက်လာတယ်။ ဒီဥစ္စာက ကျနော် ထင်တယ်၊ မြင့်အောင်လှိုင်က အမိန့်ပေးတယ် လို့ပဲ ကျနော် သုံးသပ်တယ်။ ဘာကြောင့်လဲဆိုတော့ တပြိုင်တည်း သေနတ် ငါးနေရာကို သူတို့က သိမ်းပြီးပြီကို။ ကျနော့်အမြင်ကတော့ မရိုးသားသလို ဖြစ်တာပေါ့။ တကယ်တမ်း ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် သူ အမိန့်ပေး ညွှန်ကြားစရာ မလိုဘူး။ ဦးသိန်းစိန်ရဲ့ သဘောထား တစ်မျိုး၊ မြင့်အောင်လှိုင်ရဲ့ သဘောထား တစ်မျိုး ဖြစ်နေလို့ ဖြစ်တာပဲ။ သူတို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်လို့ ကျနော်တို့ လာတာပဲ။”

ဒီကေဘီအေ ဘက်က လက်နက်သိမ်းခံထားရတဲ့ နေရာတွေကတော့ မြိုင်ကြီးငူ၊ သကြားစက်၊ ပန်းကုန်းတောင်ခြေ ဝကလယ်ကုန်း၊ တောင်စွန်း၊ ရေပန်းတံတား ဆိုတဲ့နေရာတွေမှာ ဖြစ်ပြီး သူတို့လက်နက်တွေ ပြန်မရဘူးဆိုရင် ပိုပြီး ပြဿနာ ကြီးထွား လာနိုင်တယ်လို့လည်း ဒီကေဘီအေဘက်က ပြောပါတယ်။

မြန်မာအစိုးရနဲ့ ဒီကေဘီအေ တို့ဟာ ၁၆ နှစ်ကြာ အပစ်ရပ်ပြီး ၂၀၁၀ ခုနှစ်မှာ တစ်နှစ်ကြာ ပြန်လည် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၆ ရက်နေ့မှာ အပစ်ရပ်ရေး ပဏာမ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး ဆက်သွယ်ရေးရုံး ထားရှိရေး၊ လက်နက်ကိုင်ဆောင် သွားလာတဲ့အခါ တဘက်နဲ့တဘက် အသိပေးသွားလာရေး၊ နယ်မြေသမှတ်ရေး စတာတွေကို သဘောတူ ထားခဲ့ပါတယ်။ အခုလို လက်နက်တွေကို သိမ်းယူတဲ့ ကိစ္စတွေကိုတော့ သဘောတူထားတာ မရှိပါဘူး။ အခုဆိုရင် အပစ်ရပ်ပြီး ၃ လကျော် ကြာတဲ့အချိန်မှာ ပထမဦးဆုံး တင်းမာမှုလည်း ဖြစ်ပါတယ်။

XS
SM
MD
LG