သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား


မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား
မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက မြန်မာအစိုးရ ထိန်းချုပ်ရာ နယ်မြေထဲအထိ ဝင်ရောက် တိုက်ခိုက်မှုတွေ လုပ်အပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ မွန်ပြည်နယ် မုဒုံမြို့ထဲက အစိုးရ အဆောက်အဦးတခုကို ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ မနေ့က ဝင်တိုက်ခဲ့သလို ဒီကနေ့လည်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ နယ်စပ်ဒေသက လက်နက်ကိုင် ပဋိပက္ခတွေရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက နေပူခံစခန်း၊ အောက်ဗိုလ်တဲစခန်းနဲ့ မြန်မာစစ်တပ် ခမရ ၂၃၀၊ ခမရ ၁၃၁ တပ်တွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်တွေနဲ့ KNU ပူးပေါင်းတပ်တွေဟာ မေလ ၁၅ ရက်နေ့ မနက်မှာပဲ ကော့ကရိတ်မြို့နယ်ထဲက တမိုင်ကုန်းနဲ့ ချောင်းတောင်ဆိုတဲ့ နေရာတွေမှာရှိတဲ့ စစ်တပ်ရဲ့ စခန်းတွေကို ထပ်မံ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ DKBA တပ်မှူး ဗိုလ်မှူး စောဆန်းအောင် ပြောပြတာက…

“ကျနော်တို့ ဒီနေ့ ကော့ကရိတ် တမိုင်ကုန်းမှာ စစ်တပ်တခုရှိတယ်၊ လွန်ခဲ့တဲ့နေ့မှာတော့ မနက် ၅ နာရီခွဲကစပြီး ကော့ကရိတ် နေပူခံစခန်း၊ တောင်ခြေက အောက်ဗိုလ်တဲ၊ ၂၃၀၊ ၁၃၁ တပ်တွေကို ကျနော်တို့ တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်တယ်။”

မနေ့ကဖြစ်ခဲ့တဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်က ကြေးနန်း ဆက်သွယ်ရေးရုံးကို ဝင်ရောက် တိုက်ခိုက်မှုဟာလည်း DKBA နဲ့ KNU မဟာမိတ် တပ်ဖွဲ့တွေရဲ့လက်ချက် ဖြစ်ကြောင်းတွေကိုလည်း ပြောသွားပါတယ်။

“မုဒုံမြို့ကို ဝင်ရောက်တိုက်ခိုက်တာ ကျနော်တို့ရဲ့ တပ်မဟာ ၆ ဗျူဟာမှူးနဲ့ တပ်ရင်း ၁၆၊ တပ်ရင်း ၁၇ တို့ အသီးသီး အောင်နိုင်ကျော်ကြား စစ်ဆင်ရေး စီမံချက်ကို ကျနော်တို့ ရေးဆွဲထားတယ်။ လက်ရှိ အောင်နိုင်ကျော်ကြား စစ်ဆင်ရေးအရ ဆိုရင် ကျနော်တို့က ဝင်ရောက်တိုက်ခိုက်နိုင်တဲ့ အဆင့်ကို ကျနော်တို့ ဝင်ရောက်တိုက်ခိုက်မယ်။ လက်ရှိလည်း မွန်ပြည်နယ် မုဒုံသော်လည်းကောင်း၊ မော်လမြိုင်သော်လည်းကောင်း၊ ဘိတ်၊ ထားဝယ်၊ တနင်္သာရီတိုင်း အသီးသီးပေါ့လေ။”

မနေ့က မုဒုံမြို့က ပစ်ခတ်မှုမှာတော့ ရဲတပ်သားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DKBA ကတော့ တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ မလုပ်သရွေ့ ဆက်လက် တိုက်ခိုက်မှုတွေ ရှိနေဦးမှာဖြစ်ကြောင်း၊ တိုင်းရင်သားတွေရဲ့ ဒေသတွေမှာ မြန်မာအစိုးရ တပ်တွေက အကြမ်းဖက် တိုက်ခိုက်မှု၊ ဒေသခံ ကျေးရွာသားတွေကို ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ ပေါ်တာဆွဲမှု၊ တောင်ယာတွေကို ဖျက်ဆီးမှုတွေ ရှိနေတယ်လို့လည်း စွပ်စွဲ ပြောဆိုနေပါတယ်။ မေလ ၁၁ ရက်နေ့ကတော့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ မြဝတီကားလမ်းကို မနက်ပိုင်းကနေ နေ့လယ်အထိ အာဏာပိုင်တွေဘက်က ယာယီ ပိတ်လိုက်ရပြီး အခြေအနေ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီလထဲမှာ ဖြစ်နေတဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်က ပစ်ခတ်မှုနဲ့ ကရင်ပြည်နယ်တွင်းက ပစ်ခတ်မှုတွေဟာ အစိုးရ ထိန်းချုပ်ရာနေရာ ဖြစ်တာကြောင့် ပြည်သူတွေကတော့ စိုးရိမ် ထိတ်လန့်မှုတွေ ရှိနေပါတယ်။

DKBA အဖွဲ့ဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ နယ်ခြားစောင့်တပ် လုပ်ခိုင်းတာကစလို့ တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ ရွေးကောက်ပွဲကာလမှာ မဲမသမာမှုလုပ်တယ်၊ ပြည်သူတွေကို အတင်းအကျပ် မဲထည့်ခိုင်းတယ်ဆိုပြီး ရွေးကောက်ပွဲလုပ်တဲ့ နောက်တနေ့မှာပဲ မြန်မာအစိုးရ တပ်တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒီကနေ့ တိုက်ပွဲတွေ ဖြစ်နေရတဲ့အထိ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG