သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်ခြားစောင့် လက်ခံတဲ့ DKBA ဌာနချုပ် သိမ်းပိုက်ခံရ


နယ်ခြားစောင့် လက်ခံတဲ့ DKBA ဌာနချုပ် သိမ်းပိုက်ခံရ
နယ်ခြားစောင့် လက်ခံတဲ့ DKBA ဌာနချုပ် သိမ်းပိုက်ခံရ

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA တပ်ဖွဲ့တွေ၊ ကရင်အမျိုးသား လွတ်မြောက်ရေး ပူးပေါင်းတပ်တွေ အင်အား ၆၀၀ ကျော်လောက်ဟာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက မြိုင်ကြီးငူမှာရှိတဲ့ DKBA ဌာနချုပ်ဟောင်း နေရာတခုလုံးကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထိန်းချုပ်ထားလိုက်ပြီးနောက် ကရင်ပြည်နယ် အတွင်းမှာ မြန်မာအစိုးရ တပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရရဲ့နယ်ခြားစောင့်တပ် လုပ်ခိုင်းတာကို မကျေနပ်တာကစပြီး ကရင်ပြည်နယ် တခုလုံးမှာ တိုက်ပွဲသံတွေ ကြားနေရတာ ၇ လခန့်ရှိပြီလို့ ဆိုရမှာပါ။ အခုအခါမှာတော့ အရင်တုန်းက ကရင်အမျိုးသား အချင်းချင်း တိုက်ခိုက်နေတဲ့ အဖွဲ့တွေဖြစ်တဲ့ DKBA၊ KNU နယ်ခြားစောင့်တပ်တွဟာ အတူတကွ
မြိုင်ကြီးငူဒေသမှာ ပူးပေါင်း တပ်စွဲလိုက်ပြီလို့ ဆိုပါတယ်။ DKBA ၉၀၂ တပ်မှူး ဗိုလ်မှူး စောဆန်းအောင် ပြောပြတာကတော့…

“ကျနော်တို့ ဗိုလ်ချုပ် နှုတ်ခမ်းမွေးက တပ်ရင်းတရင်း၊ လက်ရှိ တပ်မဟာ ၇ ဗိုလ်ချုပ် ဂျော်နီက တပ်ရင်းတရင်း၊ နောက် ဗိုလ်ဘိရဲ့ အင်အား ၄၀၀ ကျော်ရှိတယ်၊ စုစုပေါင်းဆိုရင် ၆၀၀ ကျော်မှာရှိတယ်။ မြိုင်ကြီးငူမှာ လက်ရှိ ကျနော်တို့ ဗိုလ်ဘိနဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွေးတပ်နဲ့ ဗိုလ်ချုပ် ဂျော်နီရဲ့ ရဲဘော်ရဲတွေ ပူးပေါင်းပြီးတော့ မြိုင်ကြီးငူဒေသကို ခြေကုတ်ထိုင်ထားတယ်။ မြိုင်ကြီးငူရဲ့ အရှေ့ဘက်ခြမ်း ဘားအံနားမှာ တပ်တွေ အမြောက်အမြား ဖြန့်ထားတယ်။”

ကရင်အမျိုးသား လွတ်မြောက်ရေးတပ် အောက်ခြေတပ်တွေဘက်ကတော့ DKBA နဲ့ စစ်ရေးအရ ပူးပေါင်း တိုက်ခိုက်မှုတွေ ရှိတယ်ဆိုတာ အတည်ပြု ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကပဲ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကို နယ်ခြားစောင့်တပ်တွေကပဲ ဖမ်းဆီးခဲ့တယ်လို့ ဗွီအိုအေက ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။ အခုအခါမှာ ဗိုလ်ချုပ် ကျော်သန်း ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း၊ ဘားအံမှာရှိတဲ့ မြန်မာစစ်တပ်ကို အကူအညီ သွားတောင်းတာတွေ လုပ်နေကြောင်း DKBA ဘက်က ပြောပါတယ်။

“ဗိုလ်ချုပ် ကျော်သန်း ထွက်ပြေး လွတ်မြောက်သွားပြီး ဘားအံမှာ စစ်ကူသွားတောင်းတယ်။ အဲဒီ မြိုင်ကြီးငူ ဒေသကို ဝင်ရောက် ထိုးဖောက် တိုက်ခိုက်ဖို့အတွက် နအဖ တပ်မတော်ကို စစ်ကူသွားတောင်းတယ်။ ဗိုလ်ချုပ် ထွန်းနိုင်ကို ပြန်ဖမ်းမိတယ်၊ နယ်စပ်တနေရာမှာ ထိန်းသိမ်းထားတယ်။”

မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူပြီး ၁၅ နှစ်အကြာ ပြီးခဲ့တဲ့နှစ်ကုန်မှာ နယ်ခြားစောင့်တပ် လုပ်ခိုင်းရာကစလို့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်တွေနဲ့ မြန်မာအစိုးရကြား တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ ၇ လကြာတဲ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တာကြောင့် ဒုက္ခသည် သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံထဲကို ခိုလှုံလာရတာတွေလည်း ဖြစ်ခဲ့ရပါတယ်။

အခုအခါမှာတော့ ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် ကော့ကရိတ်၊ ကနဲလေး၊ ဝါလေ၊ သေဘောဘိုး၊ ခီးသဲလယ် စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ၄ ပွဲထက်မနည်း မနေ့ညနေနဲ့ ဒီနေ့မနက်မှာ ဖြစ်ခဲ့ပါတယ်။ ကော့ကရိတ်က အစိုးရစစ်တပ် တပ်စွဲရာ ကော့ကရိတ် ချက်ပွိုင့်ကို ဝင်ရောက် ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်ဆိုပြီး DKBA က ပြောပါတယ်။

“ဒီနေ့ညနေ ၄ နာရီ ၃၅ မိနစ်မှာ ကော့ကရိတ်ချက်ပွိုင့်၊ ကော့ကရိတ်နဲ့ အောက်ဘိုတဲအကြား စခန်းကို ကျနော်တို့ ဝင်ရောက်တိုက်ခိုက်တယ်။ သူ့တပ်ရင်းကတော့ ခလရ ၅၄၈ တပ်ရင်း။”

ဝါလေနဲ့ သေဘောဘိုး စတဲ့နေရာတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒေသခံတဦး ပြောပြတာကတော့…

“မနေ့ညနေက ၅ နာရီခွဲလောက်ပေါ့၊ သူတို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားတယ်။ DKBA နဲ့ ခလရ ၃၂၁ ပေါ့၊ နအဖဘက်က အရာခံဗိုလ်တယောက် ဆုံးသွားတယ်၊ ၄ ယောက်တော့ ဒဏ်ရာရတယ်။”

အခုအခါမှာတော့ နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့တဲ့ တပ်တွေက သူတို့တပ်မှူးတွေကို ပြန်လည်ပုန်ကန်တဲ့ အနေနဲ့ ဖမ်းဆီးမှုတွေ လုပ်လာခဲ့ပါတယ်။ ဒီလို ဘာကြောင့် လုပ်လာရသလဲ ဆိုတာကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို အောက်ခြေဆန္ဒ မပါဘဲ ခေါင်းဆောင်ပိုင်းက သဘောတူ လက်ခံလာကြတာတွေကနေ တင်းမာမှုတွေ စခဲ့ကြတာပါ။

အရင်က ကရင်တော်လှန်ရေးမှာ ပါခဲ့ကြတဲ့ DKBA ခေါင်းဆောင်တချို့ကို အသက် ၅၀ ကျော်တယ်ဆိုပြီး အနားယူခိုင်းလိုက်တာတွေ၊ အာဏာရ နယ်ခြားစောင့် အဖွဲ့တွေက အနားယူခိုင်းလိုက်တဲ့ ကရင်ခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ အိမ်တွေ ပစ္စည်းတွေကို သွားရောက် သိမ်းယူတဲ့ အဖြစ်တွေ၊ နယ်ခြားစောင့်တပ်ကို လက်ခံတဲ့ ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ စီးပွားရေး အခွင့်အလမ်းတွေ ရရှိပြီး အထက်နဲ့ အောက်ခြေ ကွာဟမှုတွေလည်း ဖြစ်ခဲ့ရပါတယ်။ အောက်ခြေတပ်တွေကတော့ နယ်ခြားစောင့် တပ်စခန်းတွေကို ဆောက်လုပ်ပြီး မြန်မာစစ်တပ်နဲ့ တွဲပြီးထားမယ့် အခြေအနေတွေကို လက်မခံလိုသူတွေလည်း တဖြည်းဖြည်း များလာနေပါတယ်။

DKBA တပ်သားတွေကြား သဘောထား ကွဲလွဲမှုတွေ ရှိလာခဲ့ပြီး အခုအခါမှာတော့ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ ကရင်လက်နက်ကိုင် အင်အားစုတွေဖြစ်တဲ့ KNU နဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA အပြင် နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့တဲ့ ဗိုလ်ဘိ ဦးဆောင်တဲ့ DKBA တွေဟာ အချင်းချင်း ပူပေါင်းသွားကြပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့အတွက် သဘောတူလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG