သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DKBA နဲ့ တိုက်ပွဲတွေကြား မြန်မာစစ်တပ် ရွာသားတွေကို ပေါ်တာဆွဲ


DKBA နဲ့ တိုက်ပွဲတွေကြား မြန်မာစစ်တပ် ရွာသားတွေကို ပေါ်တာဆွဲ
DKBA နဲ့ တိုက်ပွဲတွေကြား မြန်မာစစ်တပ် ရွာသားတွေကို ပေါ်တာဆွဲ

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နဲ့ ၄ မိုင်ခန့်သာဝေးတဲ့ ဖလူးကြီး၊ ဖလူးလေးရွာ အနီးမှာ ဖြစ်နေတဲ့ မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲတွေအတွင်း အတင်းအကျပ် ပေါ်တာဆွဲမှု၊ အတင်းအကျပ် ကားတွေကို ချောဆွဲမှုတွေ လုပ်နေကြောင်း၊ ပေါ်တာဆွဲရာမှာ နှိပ်စက်ညှဉ်းပန်းမှုတွေပါ ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာလည်း ပေါ်တာဆွဲတာကြောင့် ပိုပြီး များလာပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

DKBA နဲ့ မြန်မာစစ်အစိုးရရဲ့ တိုက်ပွဲတွေကြောင့်ရော၊ မြန်မာစစ်တပ်ရဲ့ ပေါ်တာဆွဲမှုတွေကြောင့်ရော ဒုက္ခသည် အများအပြား ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာပြီး မနေ့ကတော့ ပေါ်တာဆွဲခံရတဲ့ ရွာသား ၂၀ လောက်ထဲက ၂ ဦး ပြန်လည် ထွက်ပြေးလာကြောင်း ရွာသားတွေက ပြောပါတယ်။

“ကျနော်တို့ ဖလူးကြီးမှာ စစ်တပ်ကနေပြီးတော့ ပေါ်တာဆွဲသွားတယ်။ ပေါ်တာဆွဲသွားတဲ့ အချိန်မှာ ၁၅ ယောက်လောက် ကျနော်တို့ဆီက ဆွဲသွားတယ်။ အခု ၂ ယောက်ကတော့ ဒီဘက် ထွက်ပြေးလာတယ်။ ဖလူးတောင်ထိပ်ကို ဆန်အိတ်တွေ သယ်ခိုင်းတယ်။ ပြီးတော့ ရေတွေ ဆင်းခပ်ခိုင်းတယ်၊ တနေကုန်ကို မနားရအောင် ခိုင်းတယ်။ ဖိနပ်နဲ့ ကန်တာတွေရော၊ လက်သီးနဲ့ ထိုးတာတွေရော၊ တနေ့ကို ထမင်းက တနပ်လောက်ပဲ စားရတယ်။ တခါတလေ နှစ်လုပ် သုံးလုပ်လောက်ပဲ စားရတယ်။ တချို့တွေကျတော့ အိမ်တွေ၊ တောင်ယာတွေမှာ ရှိနေတာ။ အဲဒီကနေပဲ ခေါ်သွားတယ်။ တောင်ယာတဲတွေမှာ ရှိနေတဲ့ သူတွေပေါ့။”

အခုဆိုရင် တောတောင်တွေထဲ အလုပ်လုပ်နေသူတွေလည်း မနေရဲတော့ဘဲ ထွက်ပြေးလာကြောင်း၊ စပါးတွေ ပြောင်းတွေ သယ်ပိုးရာမှာ အသုံးပြုတဲ့ ထော်လာဂျီတွေလည်း ချောဆွဲခံနေရကြောင်း ဆက်ပြောပြပါတယ်။

“တော်တော်ကို ကြောက်နေကြတယ်။ ထွက်ပြေးတဲ့လူတွေလည်း ပြေးကြတယ်။ ယောက်ျားလေးဆိုရင် ထိုင်းဘက်ကမ်းကို အကုန်လုံး ကူးလာကြတယ်။ မနေ့တုန်းကဆိုရင် ဟိုဘက်ကမ်းမှာ သုံးနေတဲ့ ထော်လာဂျီပေါ့၊ ထိုင်းဘက်ကမ်းကို အကုန်လုံး ကူးပြီးတော့၊ ချောဆွဲမှာ ကြောက်လို့ပေါ့။ သူတို့က ချောဆွဲပြီး ဆန်အိတ်တွေ ဘာတွေ ဖလူးတောင်ခြေအထိ ပို့ခိုင်းတယ်။ မနေ့ကဆိုရင် ကား လေးငါးရှစ်စီးလောက် ချောဆွဲပြီး ရိက္ခာတွေ ပို့ခိုင်းတယ်။”

စစ်ပွဲတွေ ဖြစ်နေတဲ့အတွက် ပြေပြေလည်လည်နဲ့ ဖြေရှင်းကြဖို့ ရွာသားတွေက လိုလားနေကြပါတယ်။ မြန်မာစစ်အစိုးရဘက်က ပြဿနာကို အေးအေးချမ်းချမ်းနဲ့ တွေ့ဆုံဆွေးနွေး ဖြေရှင်းနည်းကို သုံးစေလိုကြောင်း ရွာသားတွေက ဆိုပါတယ်။

“ကျနော့်အနေနဲ့ ပြောချင်တာ ဒီလို ရွာသားတွေအပေါ် နိုင့်ထက်စီးနင်း အနိုင်ပြုကျင့်တာတော့ မလုပ်စေချင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ စစ်ဖြစ်လို့လဲ ရှောင်ရ ရှားရနဲ့ ဆုံးရှုံးရတာတွေလည်း အများကြီး။ အခုလို အနိုင်ကျင့်ပြီးတော့ ခိုင်းတာတွေကလည်း တော်တော်လေးကို အရုပ်ဆိုးတယ်။ ဒါကြောင့် ဒီဟာတွေကို မလုပ်စေချင်ဘူး။

“ကျနော့်အနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုပဲ ပြောချင်တယ်၊ ကျနော်တို့ ဖလူးဒေသမှာ ရှိနေတဲ့ ပြည်သူတွေဆိုရင် အတော်လေးကို စစ်ဘေးစစ်ဒဏ် သင့်နေတယ်၊ တော်တော်လေးကို ခံစားနေရတယ်။ အဲဒါကြောင့် ကိုယ့်အာဏာ တည်မြဲရေးအတွက် တော်လှန်တဲ့လူတွေကို အမြစ်ပြုတ် ချေမှုန်းရေး မလုပ်ဘဲနဲ့ အားလုံး တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပြီး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းလိုက်တာ တပ်မတော်အတွက်လည်း ကောင်းတယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေ အတွက်လည်း ကောင်းတယ်၊ ကျနော်တို့ ပြည်သူတွေ အတွက်လည်း အဆင်ပြေတယ်ပေါ့။ အခုဆို ကျနော်တို့မှာ ပိုက်ဆံတွေလည်း ဆုံးရှုံးတယ်၊ မိသားစုတွေလည်း ထွက်ပြေးရနဲ့ တော်တော်ကြီးကို ဒုက္ခရောက်နေတယ်။”

ပစ်ခတ်မှုတွေအတွင်း လက်နက်ကြီးစ ထိမှန်သူတွေလည်း ရှိသလို ကိုယ့်ရွာပြန်ပြီး ကျန်ခဲ့တဲ့ ပစ္စည်းလေးတွေ သိမ်းယူသူတွေကိုလည်း ပစ်ခတ်မှုတွေ လုပ်ခဲ့ကြောင်း ရွာသားတဦးက ဆက်ပြောပြပါတယ်။

“ဒီနေ့ ကျနော်တို့ မိသားစုတွေ လယ်ထဲမှာ အလုပ်လုပ်နေကြတယ်။ အလုပ်လုပ်နေကြတဲ့အခါ အသိတယောက်က ပြောတယ်၊ တောထဲကလူတွေ ရွာထဲကို ရောက်နေပြီ၊ ပြောင်းရွှေ့ဆိုတော့ ကျနော်တို့ ပြောင်းရွှေ့တယ်။ အဲဒီပြောင်းရွှေ့တဲ့ အချိန်မှာ ကလေးတွေက နည်းနည်းနောက်ကျသွားတယ်။ နောက်ကျသွားတဲ့အခါ အဲဒီမှာ အပစ်ခံရတယ်။ ကျနော့်သားသမီး အားလုံး ၆ ယောက်စလုံးကို ပစ်ကြတယ်။ တယောက်ကတော့ ပခုံးမှာ ဒဏ်ရာရသွားတယ်။

“နောက် ကျနော်က ကလေးတွေ မရောက်လာလို့ ပြန်လိုက်သွားတဲ့အခါမှာ၊ ကလေးတွေ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ကျနော် ပြန်ကောက်ယူတဲ့ အချိန်မှာ ကျနော့်ကိုပါ ၆ ချက်၊ ၇ ချက်လောက် ပစ်တယ်။ အခု ကျနော်တို့ သိရသလောက် ပစ်ခတ်တဲ့နေရာက ဖလူး ကျောင်းထဲကနေ ပစ်နေတာ။ အဲဒီနေရာက စစ်တပ် ထိုင်နေတဲ့ နေရာပါပဲ။ ဘယ်သူပစ်တယ် ဆိုတာတော့ ကျနော် အတိအကျ မပြောနိုင်ဘူး။”

၂ ဘက် တိုက်ပွဲတွေ ဆက်ဖြစ်နေသေးကြောင်း၊ ကရင်ပြည်နယ် ကော့ကရိတ် ဝေါ်လေ မေတ္တာလင်းမြိုင်ဘက်မှာ တိုက်ပွဲတွေ အများအပြား ဖြစ်နေတယ်လို့ DKBA တပ်မှူးတဦးက ပြောပါတယ်။

“မနက်က မေတ္တာလင်းမြိုင်မှာ၊ မြဝတီနဲ့ဆို တမိုင်လောက်ပဲ ဝေးတယ်။ တောက်လျှောက်ပစ်တယ်။ အခုလည်း ပစ်နေတုန်းပဲ။ ပြီးတော့ ကော့ကရိတ်နဲ့ မြဝတီကြားမှာလည်း ၄ နေရာလောက် ပစ်တယ်။”

ရွာသားတဦးကတော့ ထိုင်းဘက်ခြမ်းက ဒုက္ခသည်တွေနေတဲ့ နေရာကပါ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေ ကြားနေရကြောင်းကိုလည်း ဆက်ပြောပြပါတယ်။

“တိုက်ပွဲအခြေအနေကတော့ ဒီနေ့မနက် ၅ နာရီလောက်ကနေ ၆ နာရီလောက်အထိ လက်နက်ကြီးသံတွေ ကြားရတယ်။”

ထိုင်း၊ မြန်မာနယ်စပ်မှာ မြန်မာစစ်အစိုးရ တပ်တွေနဲ့ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ DKBA တပ်တွေ တိုက်ပွဲတွေ ဖြစ်တာဟာ တလပြည်တော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၇ ရက်နေ့ကစပြီး ၂ ဘက် တင်းမာမှုတွေ ဖြစ်ပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့က စခဲ့တဲ့ တိုက်ပွဲတွေကတော့ ဒီကနေ့ထိ ပြီးဆုံးခြင်း မရှိသေးဘဲ ဆက်လက်ဖြစ်ပွားမယ့် အခြေအနေတွေ တွေ့နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG