သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရားသုံးဆူနယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်


ဘုရားသုံးဆူနယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်
ဘုရားသုံးဆူနယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်

မြန်မာစစ်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ အကြားမှာ တပ်အသွင်ပြောင်းလဲရေး ဖိအားပေး အကျပ်ကိုင်မှုတွေကြောင့် အခြေအနေတွေ တင်းမာနေပါတယ်။ ထိုင်း၊ မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ မနေ့ညနေက နယ်ခြားစောင့်တပ် အသွင်ကို လက်မခံတဲ့ DKBA တပ်ဖွဲ့တွေနဲ့ စစ်ရေးအရ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။ ဒါ့အပြင် အခုဆိုရင် ဘုရားသုံးဆူဒေသမှာ မြန်မာစစ်တပ်ဘက်က စစ်အင်အားတွေ တိုးချထားပြီး လုံခြုံရေး အခြေအနေတွေ တင်းကျပ်ထားသလို တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်လာခဲ့ရင် နှစ်ဦးနှစ်ဘက် အကျိုးမရှိသလို ဒေသခံတွေသာ စစ်ပြေးဒုက္ခသည် အဖြစ်နဲ့ ဒုက္ခရောက်ဦးမှာမို့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း စစ်ရေးအရ ထိုးစစ်ဆင်လာရင် အပြန်အလှန် စစ်ရေးအကူအညီ ပေးဖို့နဲ့ တပ်ပေါင်းစု တည်ဆောက်ပြီး စစ်ရေးပြင်ဆင်နေတဲ့ အခြေအနေတွေကို တွေ့နေရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ DKBA တပ်ဖွဲ့တို့အကြား နိုဝင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းလောက်မှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ တိုက်ပွဲဖြစ်ပွားမှု အခြေအနေတွေကို DKBA တပ်ရင်း ၉၀၆ က ဗိုလ်မှူး စောအေဝမ်းကို ဆက်သွယ် မေးမြန်းခဲ့ရာမှာ အခုလို ပြောပါတယ်။

“ဒီညနေ ၃ နာရီ ၁၅ မိနစ်မှာ နအဖတပ်နဲ့ ကျနော်တို့အဖွဲ့တွေ တဲ ၃ လုံးမှာ ပစ်ကြတယ်နော်။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ရှိတာပေါ့ တိုက်ပွဲဖြစ်တာ။ သူတို့ဘက်က ၁ ယောက်ကျဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်၊ အဲဒီ ၄၀၆ အဖွဲ့တွေပေါ့။ သူတို့ဟာ ဟို ရင်ဘောင်တန်းတက်ပြီး လာတယ်လေ။ အဲဒီရွာ မဝင်ခင်မှာ ကျနော်တို့ဟာ အဲဒီမှာ ပစ်ခဲ့တယ်။ ၁၅ မိနစ်၊ မိနစ် ၂၀ နဲ့ ကျနော်တို့ ပြန်ဆုတ်တယ်။ အခုဟာ သူတို့ အဲဒီ ကျနော်တို့ပစ်တဲ့ ရွာအနားက ဘုန်းကြီးကျောင်းထဲမှာ သူတို့ရှိနေတယ်။ ပြီးတော့ ဒဏ်ရာရရှိတဲ့သူကို ကုသတယ်။”

ဒီတိုက်ပွဲဟာ ဘုရားသုံးဆူမြို့နဲ့ ၁၃ မိုင်ကျော်ကျော် ကြိမ်ချောင်းမရောက်ခင် ဇီးပင်အရှေ့ တဲသုံးလုံးမှာ ခလရ ၄၀၆ တပ်ရင်းကို ဗိုလ်မှူး စောအေဝမ်း ဦးစီးတဲ့ DKBA တပ်ဖွဲ့တွေက ကြိုတင် သတင်းရလို့ ချုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ ဗိုလ်မှူး စောအေဝမ်းက ပြောပါတယ်။ ခလရ ၄၀၆ တပ်ရင်းဟာ လူနာတွေ ထမ်းဖို့အတွက် တဲသုံးလုံးမှာ ပေါ်တာ အထမ်းသမားတွေ လိုက်လံဖမ်းဆီးနေတယ်လို့ မျက်မြင်သက်သေ မော်တော်ဆိုင်ကယ် အငှားသမားတဦးက ပြောပါတယ်။

အဲဒီလို နယ်ခြားစောင့်တပ်ဖွဲ့ကို လက်မခံတဲ့ ဗိုလ်မှူးကြီး စောနော်တရာနဲ့ ဗိုလ်မှူး စောအေဝမ်း ဦးစီးတဲ့ DKBA ၉၀၆ တပ်ရင်းနဲ့ စစ်အစိုးရတို့ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဘုရားသုံးဆူမြို့ အတွင်းမှာ လုံခြုံရေးတွေ အထူးတင်းကျပ်နေတယ်လို့ မြို့ခံတဦးက အခုလို ပြောပါတယ်။

“ညမထွက်ရတော့ မဟုတ်ဘူး၊ သူတို့ ကြေညာထားတာမျိုး အခု ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့၊ ဒီ သူတို့ လုံခြုံရေးအရပေါ့နော်၊ မော်တော်ကားများသည် မသင်္ကာဖွယ်ရာ တကယ်လို့ သည်းညည်းခံဖို့၊ ရပ်ပြီးတော့ အစစ်ဆေးခံဖို့၊ မောင်းမပြေးကြဖို့နော်။ တကယ်လို့ မောင်းပြေးလို့ ဆိုင်ကယ်တွေ ကားတွေ မောင်းပြေးလို့ ပစ်ခတ်မိရင် ဒီတပ်ကနေပြီးတော့ လုံးဝ တာဝန်ယူမှာ မဟုတ်တဲ့ အကြောင်းပေါ့နော် သူတို့ လိုက်ကြေညာတယ်။

“ဥပမာ ချောင်ကြိုချောင်ကြားမှာရှိတဲ့ သွားလာတဲ့ လူတွေလည်း အဲဒီလိုမျိုးပေါ့၊ အစစ်ဆေးခံဖို့၊ တကယ်လို့ မသင်္ကာဖွယ်ရာ ခရီးသွားလာတာတို့ ဖြစ်ရင် သူတို့ ပစ်မယ် ခတ်မယ်ပေါ့၊ သူတို့ တာဝန်မယူဘူးပေါ့။ ဟို ၁၄၄ တော့လည်း မဟုတ်ဘူး။ မသင်္ကာဖွယ်ရာတွေ့ရင် ပစ်ခတ်မယ်ဆိုတဲ့ သဘောပေါ့။ သူတို့ ညပိုင်းတချက်တော့ ကင်းတွေလှည့်တယ်။ ရပ်ကွက်ထဲမှာလည်း သူတို့ရဲဘော်တွေ တွေ့တယ်၊ အမှောင်ထဲမှာ ရဲဘော်တွေ စောင့်နေတယ်။ လေးငါးယောက်တဖွဲ့ အဲဒီလိုမျိုးပေါ့။ ပတ်ပတ်လည် ဝိုင်းပြီးတော့ စောင့်နေတယ်။ ညဘက် စစ်ကား ၃ စီးနဲ့ သူတို့ လှည့်နေတယ်။ ရဲတွေရော ရဲဘော်တွေရော အကုန်လုံးပေါ့။”

ဗိုလ်မှူးကြီး စောနော်တရာ ဦးစီးတဲ့ DKBA တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဘုရားသုံးဆူမြို့ကို ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပြီး စစ်အစိုးရ တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၁၀,၀၀၀ ကျော် ထိုင်းဘက်ခြမ်းနဲ့ တခြား လွတ်မြောက်ရာ ဒေသတွေဘက်ကို တိမ်းရှောင် ထွက်ပြေးနေခဲ့ရပါတယ်။ အခုခါမှာတော့ နယ်မြေ တည်ငြိမ်မှု ရှိစပြုပြီ ဆိုပေမဲ့ လုံးဝ စိတ်ချရတဲ့ အနေအထားမျိုး မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုလို တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အပေါ် ဘုရားသုံးဆူမြို့ခံ တဦးက အခုလို ပြောပါတယ်။

“တိုက်ပွဲတွေ ဖြစ်တော့လည်း ကျနော်တို့ ဒီမှာ သူတို့ပစ်တာက တဘက်နဲ့ တဘက် ထိကြတာ မဟုတ်ဘူး၊ ပြည်သူတွေဘက် သွားကျတယ်။ အခု နဂါးတောင်က ပစ်တာလည်း မြို့ထဲပဲ ပစ်ထည့်တယ်။ DKBA ကလည်း ဝင်တာ မြို့ထဲကိုပဲ။ အကုန်လုံးကလည်း မြို့ထဲကလူတွေပဲ အထိနာနေကြတော့ အကုန်လုံးက စိတ်ပူတယ်။ ဖြစ်လာတော့ အဲဒီလိုပဲ၊ ဖြစ်လာတော့ အကုန်လုံး ပစ်ပြီး ပြေးရတာပဲ ဒီမှာတော့။ ပြေးတဲ့နေရာကလည်း သိပ်ပြီးရှိတာ မဟုတ်ဘူး။ အဲဒါကြောင့်ပေါ့၊ ဖြစ်နိုင်ရင် မဖြစ်စေချင်ဘူး။

“ဘာမှလည်း သူတို့အတွက် အကျိုးရလဒ် သိပ်ရှိတာ မဟုတ်ဘဲ။ ဒီမှာက စီးပွားရေးလုပ် နယ်မြေပဲ။ သူတို့လည်း ထိထိရောက်ရောက် လုပ်ရင်တော့ တမျိုးပေါ့။ တောထဲ တောင်ထဲမှာပစ်ရင် အကြောင်းမဟုတ်ဘူး။ မြို့ထဲမှာပစ်တာ အဲဒါ စိတ်ညစ်ရတယ်၊ ပြေးရ လွှားရတာနဲ့။”

ဒီလို ဘုရားသုံးဆူမြို့ကို ဝင်ရောက် သိမ်းပိုက်တာဟာ နိုဝင်ဘာလ ၇ ရက်က စစ်အစိုးရက ကျင်းပပြုလုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲကို ကန့်ကွက် ဆန့်ကျင်တဲ့ အနေနဲ့ ဝင်ရောက်သိမ်းပိုက်ခြင်း ဖြစ်တယ်လို့လည်း DKBA ဘက်က ပြောပါတယ်။

အခုအနေအထားမှာတော့ ဘုရားသုံးဆူမြို့နဲ့ ပတ်ဝန်းကျင် ဒေသမှာ မြန်မာစစ်အစိုးတပ်ကနေ တပ်အင်အား ၅ ရင်း ထပ်ဖြည့်ထားပြီး ခွဲထွက်သွားတဲ့ DKBA တပ်တွေနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်တွေနောက်ကို လိုက်လံ ထိုးစစ်ဆင်နေတဲ့ အခြေအနေကြောင့် တိုက်ပွဲတွေ ထပ်မံ ပြင်းထန်လာဦးမယ်လို့ ထိုင်းနယ်စပ် စစ်ရေးအကဲခတ်သူတွေက ပြောပါတယ်။

တောတွင်း လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း တောတွင်း ပြောက်ကျားစစ်ဆင်ရေး သာမက မြို့တွင်း ပြောက်ကျားစနစ်ပါ လုပ်ဆောင်လာနိုင်မယ့် အနေအထားမှာ ရှိတဲ့အတွက် မြို့ခံပြည်သူတွေရဲ့ လုံခြုံရေးဟာ အာမခံချက် မရှိနိုင်သေးသလို တကယ်လို့ တိုက်ပွဲပြင်းထန်လာရင် စစ်ပြေးဒုက္ခသည်တွေ ပိုပြီး တိုးလာမယ့် အနေအထားမှာ ရှိနေတယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

အလားတူ မြဝတီမြို့နယ် ဖလူးနဲ့ ဝေါ်လေဒေသတွေ ဘက်မှာလည်း ဗိုလ်မှူးချုပ် စောလားပွယ် ဦးစီးတဲ့ DKBA တပ်ဖွဲ့တွေနဲ့ စစ်အစိုးရတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွာသားတွေ အများအပြား နေရပ်ကို တိမ်းရှောင်ပြီး ထိုင်းနယ်မြေထဲကို ဒုက္ခသည်အဖြစ် ဝင်ရောက်လာမှုတွေ ရှိနေပါတယ်။

ဒါ့အပြင် နယ်ခြားစောင့်တပ်ဖွဲ့ကို လက်မခံ ငြင်းပယ်ခဲ့တဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့ကလည်း စစ်အစိုးရ အနေနဲ့ ထိုးစစ်ဆင်လာရင် အပြန်အလှန် စစ်ရေးအရ အကူညီပေးဖို့ တပ်ပေါင်းစုတခု ဖွဲ့စည်းထားတယ်လို့ တပ်ပေါင်းစုအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။ အခုလို စစ်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြားမှာ သဘောထား တင်းမာလာပြီး စစ်ရေးအရ ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ စစ်ရေးအကဲခတ်သူတွေက သုံးသပ်ထားပါတယ်။

XS
SM
MD
LG