ထိုင်း၊ မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ရဲ့ တဖက်ကမ်း မြဝတီမြို့ရဲ့ အခြေအနေတွေက အခုလောလောဆယ် ငြိမ်သက်သယောင် ရှိနေပေမဲ့ မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လက်နက်ကြီးထိလို့ ဒဏ်ရာရသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မနေ့ညကစပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမှာ လက်နက်ကြီးသံတွေ ကြားနေရသလို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖွတ်ဖမြို့နယ်ရဲ့ တဖက်ကမ်း ဝါးလေဆိုတဲ့ နေရာဘက်မှာတော့ ဒီနေ့ နေ့လယ်လောက်ထိ လက်နက်ကြီးသံတွေ ကြားရပြီး အရပ်သားတွေ ထိခိုက်မှု ရှိနေပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။
ထိုင်း၊ မြန်မာနယ်စပ် တာ့ခ်ခရိုင် ဖွတ်ဖမြို့နယ်ရဲ့ တဖက်ကမ်း ဝါးလေဆိုတဲ့ နေရာမှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကို ကြားနေရဆဲ ဖြစ်ပါတယ်။ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် နှုတ်ခမ်းမွေး ရှိနိုင်မယ်လို့ ယူဆရတဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေပါတယ်။ ဖွတ်ဖမြို့နယ်ထဲက ဒေသခံတဦး ပြောပြတာကတော့…
“မနက်ပိုင်းကတော့ လက်နက်ကြီးတွေ ပစ်နေတယ်။ ၁၀ မိနစ်ခြား၊ ၁၅ မိနစ်ခြား တလုံး တလုံး အမြဲတမ်း ပစ်နေတယ်။ နေ့လယ် တနာရီလောက်မှာ နားသွားတယ်၊ လက်နက်ကြီးပစ်တာ။ လက်နက်ကြီးတွေ ပစ်တဲ့နေရာကလည်း ဝါးလေ ရွာထဲရော၊ ရွာပြင်မှာရော ပစ်နေတာ။ ရွာပြင်ကို ပစ်နေတာ တောင်စောင်းတွေက နေပြီးတော့။ ဒီလက်နက်ကြီးကြောင့် ရပ်ရွာထဲမှာနေတဲ့ ရွာသူရွာသားတွေ၊ တောင်ယာတွေ စိုက်ခင်းတွေမှာ ရှိနေတဲ့ ပုန်းအောင်းနေတဲ့ ရွာသူရွာသားတွေ ထိခိုက်တာရှိတယ်။ ထိခိုက်တာတွေ ရှိတဲ့အတွက် အရေးပေါ် လူနာကားတွေ တွေ့ရတယ်။”
လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဒုက္ခသည်တွေ နေ့စဉ် ပြန်လိုက်၊ ပြေးလိုက် လုပ်နေတာတွေလည်း ဝါးလေဆိုတဲ့ နေရာဘက်မှာ ရှိနေပါတယ်။ ပစ်ခတ်မှုတွေကြောင့် ထိုင်းနိုင်ငံဘက်က လုံခြုံရေး တင်းကျပ်စွာ ချထားပြီး ဝါးလေကိုသွားမယ့် နေရာတွေမှာ ဂိတ်တွေနဲ့ အာဏာပိုင်တွေက နေရာယူထားပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးနေဖို့ သွားတဲ့သူ တချို့လည်း လုံခြုံရေး အခြေအနေကြောင့် ကန့်သတ်ခံခဲ့ရပါတယ်။ ဒုက္ခသည်ရှိတဲ့ နေရာကိုသွားခဲ့တဲ့ အလုပ်သမား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုမိုးကြိုး ပြောပြတာက…
“ဆေးရုံကားတွေ အသွားအလာ ရှိတယ်။ နောက် ထိုင်း တာဝန်ရှိ လူကြီးတွေရဲ့ အထူးယာဉ်တန်းတွေ ဖြတ်သန်းတာလည်း တွေ့တယ်။ စစ်ကားတွေ အသွားအလာလည်း ရှိတယ်။ အရပ်သား သွားလို့မရဘူး။ အကူအညီပေးတဲ့ သူတွေကိုလည်း ခွင့်ပြုချက် ပါလားလို့ မေးတယ်။”
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးဘက်မှာလည်း မနေ့ညက လက်နက်ကြီးကျသံတွေ ခပ်စိပ်စိပ် ဖြစ်ပေါ်နေကြောင်း သံဃာတပါးက အခုလို ပြောပြပါတယ်။
“နာရီဝက်အတွင်းမှာ အလုံး ၂၀ ကျော်ပေါ့။ အခု သူတို့ပစ်တဲ့ပွဲက မြို့ပြင်မှာပစ်တဲ့ပွဲပဲ။”
မြန်မာစစ်အစိုးရ တပ်တွေကတော့ မြဝတီမြို့မှာ လုံခြုံရေး အပြည့်ယူထားပြီး နယ်ခြားစောင့်တပ်တွေကို မြဝတီမြို့ လုံခြုံရေးအဖြစ် ချထားလိုက်ပါတယ်။ တချို့ ဒုက္ခသည်တွေကတော့ စစ်အစိုးရတပ်ရဲ့ လက်ချက်ကြောင့် သူတို့ လက်နက်ကြီးမှန်တာလို့ ပြောနေကြပေမဲ့ စစ်တပ်ကတော့ သူတို့အနေနဲ့ အခုထိ ပစ်မိန့်မရသေးပါဘူး ဆိုပြီး လူထုတွေကို ပြောကြားနေတယ်လို့ ဆိုပါတယ်။ မြဝတီမြို့ခံ တဦးက အခုလို ပြောပါတယ်။
“သူတို့က ပစ်မိန့်မရဘူးလို့ ပြောတာပဲ။ ယုံတော့ မယုံပါဘူး။ ဒါပေမဲ့ သူတို့ကတော့ လူတိုင်းကို ရှင်းပြတယ်၊ ပစ်မိန့်မရဘူး ဆိုတဲ့အကြောင်း။ သူတို့လက်နက်တွေ မြင်နေတာပဲ၊ ဒီမှာ အထိုင်ကြီးတွေနဲ့၊ အကြီးကြီးတွေပဲ။ ဂျိန်း ဂျိန်းနဲ့၊ သူတို့ပဲ ဒါတွေ သုံးနိုင်တယ်လေ။ သူတို့ကတော့ ဗြောင်ငြင်းတာ၊ အခုချိန်ထိ ပစ်မိန့်မရသေးဘူးလို့ပဲ ပြောတယ်။”
ထိုင်း၊ မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ၈ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူထုတွေ အနေနဲ့ မငြိမ်သက်သေးသလို DKBA တွေရှိမယ့် နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေသေးတာကြောင့် နေ့စဉ် ဒဏ်ရာရသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မနေ့ကပဲ ဒဏ်ရာပြင်းတာကြောင့် ထိုင်းဘက်ကို ဆေးလာကုသူတွေလည်း ရှိနေပါတယ်။ နယ်စပ် သောင်ရင်းမြစ် နံဘေးမှာနေပြီး မြဝတီမြို့ကို ပြန်သွားလိုက် စိုးရိမ်ရရင် ပြန်လာလိုက် လုပ်နေကြတဲ့ မြဝတီလူထုကို ထိုင်းနိုင်ငံနဲ့ UNHCR တို့က တတ်နိုင်သမျှ အကူအညီ ပေးပေမဲ့ သောင်ရင်းမြစ် နံဘေးမှာ ဒုက္ခသည်တွေ အစုအဝေးနဲ့ ဖြစ်နေမှာကိုတော့ လိုလားပုံ မရပါဘူး။
တကယ် လက်နက်တွေနဲ့ ပစ်ခတ်ရင်၊ တိုက်ပွဲတွေဖြစ်ရင် ပြန်လာနိုင်ကြောင်း ထိုင်းစစ်တပ်နဲ့ တာ့ခ်ခရိုင်ဝန်ကတော့ ဒုက္ခသည်တွေကို ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း အခြေအနေတွေ မတည်မငြိမ် ဖြစ်နေဆဲမို့ ဒုက္ခသည်တွေ အနေနဲ့ စီးပွားရေးတွေလည်း မလုပ်နိုင်၊ အလုပ်အကိုင် ရှာဖွေစားသောက်ဖို့လည်း ခက်ခဲနေတာမို့ အကူအညီ ပေးလာသူတွေရဲ့ စားနပ်ရိက္ခာတွေကို မှီခိုပြီး နယ်စပ်မှာ နေထိုင်နေကြဆဲ ဖြစ်ပါတယ်။