သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရားသုံးဆူ ဒုက္ခသည်များ ဖိအားပေးလို့ နေရပ်ပြန်ရ


One World Trade Center in New York is reflected in the Hudson River as seen from Jersey City, New Jersey, May 10, 2013.
One World Trade Center in New York is reflected in the Hudson River as seen from Jersey City, New Jersey, May 10, 2013.

စစ်အစိုးရနဲ့ DKBA တို့ တိုက်ပွဲတွေကြောင့် ထိုင်းနယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ဘုရားသုံးဆူမြို့က စစ်ပြေးဒုက္ခသည် အများစုဟာ နေရပ်ကို ပြန်ကြပြီလို့ ဆိုပါတယ်။ ဒီလို ပြန်ရတာကလည်း ထိုင်း၊ မြန်မာ နယ်ခြားကော်မတီတွေက ဖိအားပေးလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ရေးအခြေအနေ ယာယီအေးချမ်းနေပြီလို့ ဆိုပေမဲ့ အခြေအနေ ရှုပ်ထွေးလာမယ်ဆိုရင် ပြန်လည် တိမ်းရှောင်မယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ထိုင်းဘက်ခြမ်းမှာရှိတဲ့ ဒုက္ခသည်တွေဟာ နေရပ်ကို ပြန်နေပြီ ဆိုပေမဲ့ မွန်ပြည်သစ်ပါတီ အခြေခံစခန်းရှိရာ ကျေးရွာမှာတော့ စစ်ပြေး တိမ်းရှောင်သူတွေ ရှိနေဆဲလို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် DKBA တပ်ဖွဲ့တွေ အနေနဲ့ KNU တပ်တွေနဲ့ ပူးပေါင်းပြီး KNU တပ်မဟာ ၆ နယ်မြေတွေမှာ စစ်အစိုးရကို ပြန်လည် တိုက်ခိုက်သွားဖို့ စစ်ရေးပြင်နေသလို ဒေသခံတွေအတွက် နေရပ်ကနေ တိမ်းရှောင်ဖို့ ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ DKBA တပ်ဖွဲ့တွေနဲ့ စစ်အစိုးရတို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်သူ ဒုက္ခသည် အများစုဟာ အခုဆိုရင် နေရပ်ကို ပြန်ခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။ အိမ်ပြန်ရောက်တဲ့ ဒေသခံတဦးက အခြေအနေ အေးချမ်းနေပြီ ဆိုပေမဲ့ စိုးရိမ်စရာ အနေအထားမှာလည်း ရှိသေးတယ်လို့ ဆိုပါတယ်။

“ဒီသုံးဆူမှာ အခြေအနေတော့ အခုတော့ တိတ်ဆိတ်နေတာပဲပေါ့။ ပုံမှန် အနေအထားတော့ ရှိနေပြီ။ ဒီအချိန်မှာ သေနတ်သံ ဆူညံလာမယ်ဆိုရင် ပြေးမှာပေါ့၊ ရှမ်းဘက်ကိုပဲ ပြေးမယ်။ တကယ်လို့ သူချပြီးဆိုရင် ထိုင်းဘက်က လက်မခံရင်တော့ ဒုက္ခပဲ။ ဒီလိုပဲ အသတ်ခံပြီး အဆုံးရှုံးခံရမှာပေါ့။”

ဘုရားသုံးဆူမြို့ ထိုင်းဘက်ခြမ်းမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည် အများစုဟာ မနေ့ညနေပိုင်းက ထိုင်း၊ မြန်မာ နယ်ခြားကော်မတီတွေရဲ့ ဆွေးနွေးပွဲအပြီးမှာ ထိုင်းဘက်ကမ်းမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက ပြန်ခိုင်းတယ်လို့လည်း ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေ အနေနဲ့ကလည်း အခြေအနေ အနည်းငယ် အေးချမ်းသွားတာကတကြောင်း၊ ဒုက္ခသည်စခန်းမှာ နေထိုင်ရေးတွေ ခက်ခဲတာကြောင့် ပြန်သွားရတယ်လို့ ပြောပါတယ်။ ထိုင်းဘက်ခြမ်းမှာရှိတဲ့ အခြေအနေတွေကို စစ်ပြေးဒုက္ခသည် တဦးက အခုလို ပြောပါတယ်။

“နည်းနည်းပဲ ကျန်တော့မယ် ထင်တယ်။ တချို့တွေလည်း မပြန်လာဘူး။ နည်းနည်း ကြောက်တဲ့လူတွေကျတော့ အပေါ်မှာ နေကြတယ်လေ။ တချို့ လက်လုပ်လက်စားတွေ ကျတော့လည်း မဆင်းလာလို့ မဖြစ်ဘူးလေ။ ဒီမှာကတော့ လုပ်ငန်းကိုင်ငန်းတွေ ရှိနေတော့ လာလုပ်စားကိုင်စား နေကြတာပဲ။ ဘုရားသုံးဆူမြို့မှာကျတော့ အခု ဆိုင် ၁၀ ဆိုင်မှာ တဆိုင်လောက်ပဲ ဖွင့်တယ်။”

ဒါပေမဲ့ မွန်ပြည်သစ်ပါတီ အခြေခံစခန်းကို ရောက်နေတဲ့ စစ်ပြေးဒုက္ခသည်တွေကတော့ တချို့က ပြန်သွားသလို တချို့ကျတော့ မပြန်ရသေးဘူးလို့ အဆိုပါ စစ်ပြေးဒုက္ခသည်က ဆက်ပြောပါတယ်။

“အခု ဂျပန်ရေတွင်းမှာ ကျနော်တို့ မိသားစုတွေ ရှိနေတုန်းပဲ။ ကျန်တဲ့ မိသားစုတွေလည်း ရှိနေတယ်။ ဂျပန်ရေတွင်းမှာပဲ ၄၀ဝ လောက် ကျန်ဦးမယ်။ ဒီမနက်က ပြန်ကြတာပဲ။ ကြံတောမှာလည်း မနည်းဘူး ကျန်တယ်။ ကြံတောမှာ ကျနော့်သူငယ်ချင်းတအုပ် မနက်တုန်းက သူတို့ ရောက်လာပြီးတော့ ချက်ချင်း ပြန်ပြေးသွားတယ်။ များတယ် ကြံတောမှာ၊ သူတို့ ခန့်မှန်းခြေ လေးငါးရာလောက်ရှိမယ်။”

မွန်ပြည်သစ်ပါတီ အခြေခံကျေးရွာတွေ ဖြစ်တဲ့ ကြံခင်းကျေးရွာမှာလည်း ပြန်သွားတဲ့သူတွေ ရှိသလို ကျန်ရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းတွေကနေ ကူညီမှုတွေ ပေးနေတယ်လို့ ကြံခင်းကျေးရွာ အတွင်းရေးမှူးက ပြောပါတယ်။

“မပြန်သေးဘူး၊ ရှိနေပါတယ်။ လူပေါင်း ၃၀ဝ လောက် ရှိတယ်တဲ့၊ ကလေးရော လူကြီးပါနော်။ ရှမ်းဘက်ကလည်း ရှိတယ်ပေါ့လေ၊ အင်္ဂလိပ်လည်း ရှိတယ်၊ မွန်လည်း ပါတာပေါ့လေ။ သူတို့ မမတွေ (ခေါက်ဆွဲခြောက်)၊ ရေဘူးတွေ မုန့်တွေ ထမင်းထုပ်တွေ ဝေနေကြတယ်။ မနက်က သုံးဆူပြန်သွားတဲ့လူ အများကြီးပေါ့လေ။ ကျနော်တို့တွေ့သလောက် လူ ၁,၂၀ဝ၊ ၁၃၀၀ လောက်ရှိတယ်။ သူတို့ လွန်သွားတဲ့ဟာ။”

ဘုရားသုံးဆူမြို့ရဲ့ လက်ရှိ အခြေအနေကတော့ စစ်အစိုးရနဲ့ DKBA ဘက်က မြို့အပြင်ဘက်မှာ လက်နက်ကြီးတွေနဲ့ ဒီမနက်ဘက်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပါသေးတယ်။ အခုဆိုရင် DKBA တပ်တွေနဲ့ KNU တပ်ရင်း ၁၆ နဲ့ ပူးပေါင်းနေပြီး တပ်မဟာ ၆ ရဲ့ မဲကသာခွင်မှာ စစ်မြေပြင်လုပ်ပြီး အစိုးရတပ်ကို ခုခံ တိုက်ခိုက်သွားမယ်လို့ KNU နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ အဲဒီ မဲကသာကျေးရွာ ဒေသခံတွေလည်း နေရာပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြပြီလို့ ဒေသခံတဦးက ပြောပါတယ်။

XS
SM
MD
LG