သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ကခွဲထွက်ဖို့ ဆုံးဖြတ်တာ နောင်တရစရာလား


သူတို့နိုင်ငံ ဥရောသမဂ္ဂအဖွဲ့ဝင်အဖြစ်ကနေနုတ်ထွက်ဖို့မဲပေးခဲ့တဲ့ ဗြိတိန်ပြည်သူတွေ ဟာ သူတို့အနိုင်ရရှိခဲ့ကြတဲ့အတွက် အံအားသင့်နေကြပါတယ်။ အခုလို ဗြိတိန်နိုင်ငံ ဟာ တကိုယ်တော် ရှေ့ဆက်ရတော့မယ့် ခရီးအစအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဗွီအိုအေသတင်းထောက် Luis Ramirez လန်ဒန်မြို့ကနေ သတင်းပေးပို့ထားတာကို အခြေခံပြီး ဦးကျော်ဇံသာက သုံးသပ်တင်ပြပေးထား ပါတယ်။

ဥရောပသမဂ္ဂက ခွဲထွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး နောက်တနေ့ စနေမနက်နိုးလာတော့ အရက်နာကျသလို ခံစားနေရတယ်လို့ ဗြိတိန်နိုင်ငံသားတချို့က နှိုင်းယှဉ် ပြော ဆိုနေကြပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အမှန်တကယ်ပဲ ဘဏ္ဍာရေး၊ နိုင်ငံရေး ငလျင်တခု ရိုက်ခတ်ခဲ့သလိုပဲလို့ သုံးသပ်သူတချို့က ဆိုနေကြတာပါ။ တကယ်တော့ ကြာသပတေးနေ့ ဆန္ဒခံယူပွဲမတိုင်ခင်က ပြုလုပ်ခဲ့တဲ့ လူထုစစ်တမ်းတွေအရ တွဲရေးက အလေးသာနေခဲ့တာဖြစ်ပြီး သောကြာနေ့ရလဒ်မှာ ခွဲရေးဖြစ်လာတဲ့ အတွက် အံ့အားသင့်စရာကောင်းခဲ့ရတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။

တွဲနေဖို့ကို အားပေးခဲ့တဲ့ ဒေသတခုဖြစ်တဲ့ Scotland က လူမှုကွန်ယက် မီဒီယာတွေမှာတော့ မကျေနပ်သံတွေ၊ စိုးရိမ်သံတွေ ပွက်လောရိုက်နေပါတယ်။ တယောက်ကဆိုရင် ကမ္ဘာ့မြေပုံပေါ်မှာ ဗြိတိန်ကျွန်းတခုရဲ့ပုံကိုပဲ ဆွဲထားပြီးတော့ - ကဲ…. အခု ငါတို့ ပြဿနာတွေအတွက် ဘယ်သူ့ကို အပြစ်တင်ကြမလဲ ဆိုပြီး Twitter မှာ တင်ထားတာကို တွေ့ရပါတယ်။

တချို့ကလည်း ခွဲရေးကိုမဲပေးခဲ့တာ နောင်တရတယ်ဆိုတဲ့သဘောနဲ့ Regrexit လို့ ရေးသားထားကြတာ တွေ့ရပါတယ်။ ခွဲထွက်ချင်ခဲ့ရတဲ့ အဓိက အကြောင်း ရင်းတွေကတော့ လူဝင်မှုပြဿနာနဲ့ အချုပ်အခြာအာဏာအတွက် ခံပြင်းတဲ့ကိစ္စပဲ ဖြစ်ပါ တယ်။ အခုအခါ နောင်တရစရာ ဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး လန်ဒန်မြို့ မှာနေထိုင်တဲ့ မြန်မာအမျိုးသမီးတဦးဖြစ်တဲ့ ဒေါ်ဝါဝါစိုးက အခုလို ရှင်းပြပါတယ်။

“အဓိကစိုးရိမ်တာကတော့ အခုလောလောဆယ်မှာ ပေါင်ဈေးကကျပြီးတော့ Current market အခြေအနေပေါ်မူတည်ပြီးတော့ ဘယ်လိုဖြစ်မယ် ဆိုတာ ရယ်၊ နောက်တခုကတော့ အဓိက-က Single market trade deal မှာလည်း Europe ကနေပြီး Britain ကို negotiate လုပ်တဲ့အခါမှာ လွယ်လွယ်ကူကူ မပေးဘဲနဲ့ ဘယ်လို အခက်အခဲတွေပေးမလဲဆိုတာတွေ၊ အဲဒါတွေလည်း စိတ်ပူတယ်။ နောက်တခုက Remain voters တွေကလည်း မကျေ မနပ် ဖြစ်ပြီးတော့ Second Referendum ကိုတောင်းဆိုတယ်။ နောက် Scottland နဲ့ Northern Ireland ကလည်း EU ခွဲထွက်ပြီးတော့ တခုခု vote out လုပ်တဲ့ သူတွေနဲ့ တိုင်းပြည်အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုပြီးတော့ အဲဒါတွေကို စိတ်ပူတာပါ။”

ဟုတ်ပါတယ်။ ခွဲထွက်ရေးဆုံးဖြတ်ချက်ချပြီးတဲ့ ၂၄ နာရီအတွင်းမှာပဲ ဈေးကွက် အခြေအနေ ကျဆင်းသွားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံသုံး ပေါင်စတာလင်ဟာ နှစ်ပေါင်း ၃၀ အတွင်း အနိမ့်ဆုံးကို ရောက်သွားခဲ့တာပါ။ ခိုင်လုံစိတ်ချရမှုလည်း အနုတ် လက္ခဏာကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် Scotland ကဆိုရင် မဲဆန္ဒရှင်တွေက တွဲရေးကို မဲပေးခဲ့ကြပါလျှက်နဲ့ အတင်းခွဲထွက်ရမယ်ဆိုတာ လက်မခံနိုင်ဘူးဆိုပြီး Scotland ဝန်ကြီး Nicola Sturgeon က ပြောနေပါပြီ။ Scotland လွှတ်လပ်ရေးအတွက် ဆန္ဒခံယူပွဲလုပ်ဖို့အစီအစဉ် လုပ်ရမယ်လို့လည်း သူက အခုလို ပြောပါတယ်။

“ဒုတိယဆန္ဒခံယူပွဲသည်သာ ကျမတို့ရဲ့ ဥရောပသမဂ္ဂဆိုင်ရာအနေအထားကို အကာအကွယ်ပေးနိုင်တဲ့နည်းလမ်းဖြစ်တယ်လို့ ပါလီမန်က ဆုံးဖြတ်မယ် ဆိုရင် ကျမတို့ အချိန်အတိုင်းအတာတခု သတ်မှတ်ပြီးတော့ ဒါကို ပြုလုပ်ရမှာဖြစ်ပါတယ်။ ကျမတို့က ဒါကို ဆောင်ရွက်ကြရတော့မှာပါ။ ဒါ့ကြောင့် ပါလီမန်ရဲ့ဆုံးဖြတ်ချက်အရ လွတ်လပ်ရေးဆန္ဒခံယူပွဲလုပ်ဖို့ လိုအပ်ချက်တွေကို ပြင်ဆင်ကြရတော့မှာ ဖြစ်ပါ တယ်။”

ဒါ့အပြင် ဥရောပသမဂ္ဂနဲ့ နယ်စပ်ခြင်းထိတွေ့နေတဲ့ တခုတည်းသောဒေသဖြစ် တဲ့ မြောက်အိုင်ယာလန်နယ်က Sinn Fein ခေါင်းဆောင် Martin McGuinness ကလည်း သူတို့နယ်ကို ဗြိတိန်ကခွဲထုတ်ပြီး အီးယူအဖွဲ့ဝင်ဖြစ်တဲ့ အိုင်ယာလန်နဲ့ ပူးပေါင်းဖို့ ဆန္ဒခံယူပွဲ လုပ်မယ့်ကိစ္စကို စပြောလာပါတယ်။

ဗြိတိန်ခွဲထွက်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် Irish လူထုအနေနဲ့ အိုင်ယာလန် နှစ်ခြမ်း ခွဲခြားနေမှုနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ပြန်လည် ဆက်လက် ရပ်တည်နိုင်ရေး အတွက် ဒီမိုကရေစီနည်းကျတဲ့ ကျယ်ပြန်တဲ့ ဆန္ဒခံယူပွဲ လုပ်ပိုင်ခွင့်ရှိရမှာဖြစ်တယ် လို့ သူက ပြောခဲ့တာပါ။ အခုလို ဥရောပသမဂ္ဂ နုတ်ထွက်တဲ့ကိစ္စမျိုးဟာ ယခင်က တခါမှ မကြုံခဲ့ဘူးတဲ့အတွက် ဘယ်လို ရှေ့ဆက် ဆောင်ရွက်ရမယ်ဆိုတာ လည်းပဲ မေးစရာ ဖြစ်နေပါတယ်။

အောက်တိုဘာလမှာ ရာထူးကနုတ်ထွက်မယ်လို့ ကြေညာထားတဲ့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က တော့ သူ့ကို ဆက်ခံတဲ့ ဝန်ကြီးချုပ်က ဆက်လက်ဆောင်ရွက် သွားမယ့် ကိစ္စသာဖြစ်တယ်လို့ ဆိုထားတာပါ။ သုံးသပ်သူတွေကတော့ ဒီခွဲထွက်ရေးကိစ္စဟာ ပြီးသတ်နိုင်ဖို့အတွက် အနည်းဆုံး ၂ နှစ်လောက် အချိန်ယူရလိမ့်မယ်လို့ တွက်နေကြကြောင်းပါ ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG