သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဒေါ်လာ ၁ သန်း မြဝတီမှာဖမ်းမိ


အမေရိကန်ဒေါ်လာ ၁ သန်း ၃ သောင်းကျော်နဲ့အတူ ဖမ်းဆီးခံရသူ ၃ ဦး
အမေရိကန်ဒေါ်လာ ၁ သန်း ၃ သောင်းကျော်နဲ့အတူ ဖမ်းဆီးခံရသူ ၃ ဦး

မြန်မာပြည်အတွင်းပိုင်းကနေ သယ်ဆောင်လာတဲ့ အတု - အစစ် မခွဲခြားနိုင်သေးတဲ့ အမေရိကန်ဒေါ်လာ ၁ သန်း ၃ သောင်းကျော်ကို ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ ရဲတွေက ဖမ်းမိခဲ့ပါတယ်။ ဒီကိစ္စကို အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲဘက်က ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မြန်မာပြည်အတွင်းပိုင်းကနေ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထိ ကားနဲ့တင်ဆောင်လာကာ ကော့ကရိတ်မြို့နယ်ကနေ မြဝတီမြို့နယ်ထိ သယ်ဆောင်လာတဲ့ အမေရိကန်ဒေါ်လာ ၁ သန်းကျော်ကို မြဝတီခရိုင် သင်္ကန်းညီနောင်မြို့နယ်က စစ်ဆေးရေးဂိတ်တခုကနေ ဖမ်းမိခဲ့တာပါ။ ဒီငွေဖမ်းမိတာ မှန်ကန်ကြောင်း အတုလား အစစ်လား ဆိုတာတော့ ခွဲခြားလို့ မရသေးကြောင်း စစ်ဆေးဆဲဖြစ်တယ်လို့ မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူ ရဲဝန်ထမ်းတဦးက ပြောပါတယ်။

“မိတော့မိတယ်လေ။ မိတော့ လောလောဆယ်တော့ အမှုတော့ ဖွင့်ထားတယ်ပေါ့။ ငွေက အတုလား၊ အစစ်လားဆိုတာတော့ မသိသေးဘူးပေါ့။ အခုလောလောဆယ် ချိတ်ပိတ်ထားပါတယ်။”

ဒီငွေတွေကို သယ်ဆာင်လာသူနဲ့အတူ မြဝတီမြို့အမှတ် (၄) ရပ်ကွက်မှာ နေထိုင်နေတဲ့ ပိုင်ရှင် အပါအဝင် အားလုံး ၃ ဦးကိုတော့ ရဲတပ်ဖွဲ့က ဖမ်ဆီးထားကြောင်း မြဝတီမြို့ခံတဦးကလည်း ပြောပါတယ်။

“ဒီညီနောင်တံတားမှာ ဖမ်းမိတယ်။ ရန်ကုန်ကနေတက်လာတာ။ ကားနဲ့သယ်လာတာ။ ကော့ကရိတ်ရောက်တော့ ဆိုင်ကယ်လ်နဲ့ သယ်လာပြီးတော့ ညီနောင်တံတားမှာ ဖမ်းလိုက်တယ်။ သူတို့ သေချာ စစ်ဆေးဦးမယ်ပြောတာပဲ အတုလား၊ အစစ်လား ဆိုတာကို။ ပိုက်ဆံက တော်တော်များတယ်။ တရားဝင်ရှင်းပြတယ်ရဲက။ တက္ကဆီသမားရယ်၊ သယ်လာတဲ့သူရယ်၊ နောက်တယောက်ကတော့ ပိုင်ရှင်ရယ်။ ပိုင်ရှင်ကတော့ အမှတ် (၄) က။”

ဒီဖြစ်ရပ်ဟာ နိုင်ငံခြားငွေ ဖမ်းဆီးရမိတာ အများဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ ဖမ်းမိတဲ့ ဒေါ်လာ ၁ သန်းကျော်ဟာ အတု အစစ် ဆိုတာ မခွဲခြားနိုင်သေးပါဘူး။ ထိုင်း-မြန်မာနယ်စပ်မှာတော့ မြန်မာကျပ်ငွေ အတုတွေ မကြာခဏ ဖမ်းမိတာတွေတော့ ရှိခဲ့ပြီး၊ နယ်စပ်က ဈေးဆိုင်တွေကတော့ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေတွေကို သေချာ စိစစ်လေ့ ရှိပါတယ်။ အခုငွေကတော့ အတုလား အစစ်လား မခွဲခြားနိုင်သေးသလို ဒီလောက်များပြားတဲ့ အမေရိကန်ဒေါ်လာတွေဟာ မြန်မာပြည်အတွင်းပိုင်းကနေ လာပြီး ထိုင်းနိုင်ငံဘက်ကို ပို့ဆောင်မယ့် အခြေအနေ ရှိတယ်လို့တော့ မြို့ခံတွေက ပြောဆိုပါတယ်။

XS
SM
MD
LG