သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း အမေရိကန် ဒေါ်လာငွေဈေး ထိုးကျ


မြန်မာနိုင်ငံတွင်း အမေရိကန် ဒေါ်လာငွေဈေး ထိုးကျ

မြန်မာနိုင်ငံမှာ ဒေါ်လာဈေး ကျနေပြီး ဈေးနှုန်း မတည်မငြိမ် ဖြစ်နေတာတွေဟာ နိုင်ငံရဲ့ ဗဟိုဘဏ် ထိန်းချုပ်မှု အားနည်းတာကြောင့် ဖြစ်တယ်လို့ စီးပွားရေး ပညာရှင် တယောက်က သုံးသပ်ပါတယ်။ ဒီကနေ့မှာလည်း ဒေါ်လာနဲ့ ရွှေဈေးတွေ ထပ်ကျသွားသလို ဒီလိုမျိုး ဈေးနှုန်းတည်ငြိမ်မှု မရှိတာဟာ နိုင်ငံအတွက် စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေမှာ အောင်မြင်ဖို့ ခက်ခဲတယ်လို့လည်း ဆိုပါတယ်။ ဒီနေ့ ဒေါ်လာဈေးတွေ ဘယ်လောက်ကျသွားသလဲ ဆိုတာနဲ့ ဘာကြောင့် ဒီလိုအခြေအနေတွေ ဖြစ်ရတာလဲဆိုတာ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်လာနဲ့ ရွှေဈေးတွေ ရက်ဆက် ဈေးကျနေပါတယ်။ မနေ့က တဒေါ်လာ ပေါက်ဈေး ကျပ် ၇၇၀ ကနေ ဒီကနေ့တော့ ၇၅၅ ကျပ်ထိ ဈေးထပ်ကျသွားပါတယ်။ ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့အပတ်က ၈၈၀ ကနေ တဖြည်းဖြည်း ဈေးပြုတ်ကျလာတာ ဖြစ်ပါတယ်။ ဒီလို ငွေကြေး ဈေးမတည်ငြိမ်မှုတွေက နိုင်ငံတွေမှာ ကြုံရတတ်ပေမဲ့ ဒီလိုအခြေအနေတွေ ရှိလာပြီ ဆိုရင်တော့ နိုင်ငံရဲ့ ဗဟိုဘဏ်လိုမျိုးကနေ ထိန်းညှိပေးတာမျိုး လုပ်ကြပေမဲ့ မြန်မာနိုင်ငံမှာ ဒီလိုထိန်းချုပ်မှုမျိုး အားနည်းတာကြောင့် ဖြစ်တယ်လို့ ရန်ကုန် စီးပွားရေး တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက သုံးသပ်ပါတယ်။

“ဒီ ဈေးနှုန်းပြောင်းလဲတာကတော့ အခိုက်အတန့် အားဖြင့်ကတော့ ဘယ်မှာပဲဖြစ်ဖြစ် ဖြစ်နေမှာပဲ။ ဖြစ်နေတဲ့ အခါမှာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းပေါ့၊ အထူးသဖြင့် ဗဟိုဘဏ်တို့ ဘာတို့က ၀င်ရောက်ပြီး လှည့်ပတ်နေတဲ့ ငွေကြေး သိပ်များနေတယ်ဆိုရင် များနေတဲ့ဟာကို ပြန်ပြီးတော့ သိမ်းယူတာမျိုးပေါ့။ ကြားက အာဏာပိုင် အဖွဲ့အစည်းကနေပြီးတော့ ညှိနှိုင်းပေးတာမျိုး ရှိတယ်ဆိုရင်တော့ ဈေးနှုန်း အပြောင်းအလဲ လုပ်တဲ့ဟာ သက်သာမယ်။

“တိုင်းပြည်ရဲ့ မူဝါဒအရ ဈေးနှုန်းတည်ငြိမ်မှု ရှိဖို့ရာအတွက် ဗဟိုဘဏ်အနေနဲ့ လက်နက်ကိရိယာတွေပေါ့၊ လှည့်ပတ်နေတဲ့ ငွေကြေးက များနေတယ်ဆိုရင် ဒီငွေကြေး အသုံးပြုဖို့ရာအတွက် Security ၀ယ်မယ်၊ ရွှေတွေကို ၀ယ်မယ်၊ ပြီးတော့ အတိုးနှုန်းနဲ့ တဆင့် ပြန်ပြီး လုပ်နိုင်တယ်။ မြန်မာနိုင်ငံ အနေနဲ့ အဲဒီလိုဟာမျိုး လုပ်တာ နည်းလို့သာ ဒီလိုဖြစ်တာနေမှာပေါ့။”

အထူးသဖြင့်ကတော့ ဒေါ်လာဈေးကွက်ထဲမှာ ၀ယ်သူမရှိဘဲ ရောင်းတဲ့သူ များနေလို့ ဖြစ်တယ်လို့ ရန်ကုန် ဒေါ်လာ အရောင်းအ၀ယ်လုပ်သူ တဦးက ပြောပါတယ်။

“၇၅၅ ကျပ်နဲ့ ၀ယ်ချင်ပေမဲ့ အခု ဈေးကွက်က ပိတ်ပါတယ်။ ပြီးတော့ ဆက်တက်လာဖို့လည်း အလားအလာ သိပ်မမြင်ကြဘူး။ လုပ်ငန်းထဲက လူတွေက ဈေးဆက်ကျမယ်လို့ မှန်းနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်လာတွေချည်းပဲ ဈေးကွက်ထဲ လှိမ့်ဝင်လာတယ်လို့ ပြောကြတယ်။ Export Earning များများရှိတဲ့လူတွေ၊ ဥပမာ ကျောက်မျက်သမားတွေလို ဟာမျိုးပေါ့၊ နိုင်ငံခြားငွေနဲ့ အရောင်းအ၀ယ်လုပ်တဲ့သူ အတော်များများ နိုင်ငံခြားငွေ ကိုင်မထားနိုင်တော့ဘဲနဲ့ ငွေဖော်စရာရှိတဲ့ အခါမှာ တခြားလည်း ၀င်ငွေ ထပ်မရနိုင်တော့ ရှိတဲ့ငွေတွေ ထုတ်ရောင်းပြီး ဖော်ကြတယ်လို့ သုံးသပ်ကြပါတယ်၊ ဈေးကွက်ထဲက။

“ဒီမှာ ဈေးကွက်က ဒီလိုပဲ၊ သတင်းတခုခု ကြားတာနဲ့ လန့်ပြီးတော့ ကြောက်ရောင်း ကြောက်ဝယ်ပေါ့၊ ကျောက်ရောင်း ကျောက်ဝယ် မဟုတ်ဘူး၊ ကြောက်ရောင်း ကြောက်ဝယ်တွေ လုပ်ကြတာ များပါတယ်။”

ဒီလို ဒေါ်လာတွေ ဈေးကွက်ထဲ အများအပြား ၀င်လာတာဟာ နိုင်ငံတော်ကနေ လုပ်နေတဲ့ ကျောက်မျက်ရတနာ ရောင်းချပွဲတွေကြောင့်ရော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနည်းငယ် တက်လာတာကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။

အခုဆိုရင် ဒေါ်လာဈေးသာမက ရွှေဈေးဟာလည်း ဒီတပတ်တွင်းမှာကိုပဲ ၃၀,၀၀၀ ကျော် ကျသွားပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ဒေါ်လာဈေးကျတဲ့ ဂယက်ကြောင့် ဖြစ်တယ်လို့ ရွှေဆိုင်ပိုင်ရှင်တဦးက ဆိုပါတယ်။

“အရင်တုန်းက ၆၆၀,၀၀၀ ကျော်က အခု ၃၀,၀၀၀ လောက် ပြုတ်ကျတာပေါ့။ ဒေါ်လာဈေးတင် မဟုတ်ဘူး၊ ဒီမှာက တရုတ်ငွေဈေးလည်း တန်ဖိုးကျသွားတယ်၊ ဒေါ်လာငွေဈေးလည်း တန်ဖိုးကျတယ်။ ရွှေဈေးကတော့ ပြည်တွင်းဈေးကွက် အနေနဲ့ကတော့ ကျနော်တို့ ဒီဘက်က အရောင်းအ၀ယ်လုပ်တဲ့ သူတွေကလည်း ကမ္ဘာ့ဈေး ကြည့်ပြီးတော့မှ ပြင်ပ ဒေါ်လာပေါက်ဈေးနဲ့ တွက်ပြီးတော့ ငွေဈေး အတက်အကျပေါ် မူတည်ပြီးတော့ ကျနော်တို့ဆီမှာလည်း အတက်အကျ ဖြစ်တာပဲ။”

အခုလို ရွှေဈေးကျပေမဲ့ အရောင်းအ၀ယ်တွေ မကောင်းဘူးလို့လည်း ရွှေဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ရှိလာတယ် ဆိုရင်လည်း ဒီလိုပဲ ဈေးအတက်အကျ အပြောင်းအလဲတွေကလည်း ဖြစ်နေကျပါ။

အခု ဒေါ်လာဈေးတွေ ကျတာဟာ နိုင်ငံခြား ပို့ကုန်လုပ်ငန်းတွေမှာ အကြီးအကျယ် ထိခိုက်နေသလို ပို့ကုန်လုပ်ငန်းတွေနဲ့ ဆက်စပ်နေသမျှ လုပ်ငန်းတွေ အားလုံးမှာလည်း ဒီဂယက် ရိုက်ခတ်နေတာပါ။ ဒါဟာ နိုင်ငံတနိုင်ငံအတွက် ဘယ်လောက် ကောင်းမွန်တဲ့ စီးပွားရေး စီမံကိန်းတွေ ချထားပါစေ၊ အောင်မြင်ဖို့ မလွယ်ကူနိုင်ဘူးလို့ ရန်ကုန် စီးပွားရေး တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက သုံးသပ်ပါတယ်။

“ဈေးနှုန်း အပြောင်းအလဲ ရှိတော့ စီးပွားရေး လုပ်ငန်းတွေအဖို့ လုပ်ကိုင်တဲ့ နေရာမှာ အခက်အခဲ တွေ့တာက မုချ အမှန်ပါပဲ။ ဈေးနှုန်းက ပြောင်းလဲနေတာဆိုရင် လုပ်ငန်း လုပ်ကိုင်တဲ့အခါမှာ ကြိုတင်ပြီး အစီအမံတွေ ပြုလုပ်ဖို့ရာအတွက် Planning Assumption ခေါ်တာပေါ့လေ၊ အဲဒီဟာ ချမှတ်ဖို့ရာအတွက် တော်တော်ခက်ပါတယ်။ လုပ်ငန်း လုပ်ကိုင်ရတဲ့ အခါမှာ လုပ်ရကိုင်ရ ခက်ခဲတယ်၊ လုပ်ရကိုင်ရတဲ့ အခါမှာ အပြောင်းအလဲတွေနဲ့ အမြဲတမ်း ထိတွေ့ပြီးတော့ အခက်အခဲတွေ့တယ်။ လုပ်ငန်း အောင်မြင်ဖို့ရာအတွက် ခက်ခဲတာတော့ အမှန်ပါပဲ။

“အဲဒီအတိုင်းအတာ အထိကတော့ စီးပွားရေး လုပ်ငန်းတွေ အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ အဲဒီတော့ ပုဂ္ဂလိကပိုင်ကဏ္ဍ စီးပွားရေး ကဏ္ဍမှာ လုပ်ငန်း လည်ပတ်မှုက နှေးကွေးသွားတယ်၊ နှောင့်နှေးသွားတယ်၊ အလုပ်မဖြစ်တော့ဘူးဆိုရင် တိုင်းပြည်ရဲ့ ၀င်ငွေလည်း မုချ ထိခိုက်တာပေါ့။ တိုင်းပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ ၀င်ငွေပေါ်မှာ ထိခိုက်ပြီးတော့ တိုင်းပြည်အပေါ်မှာလည်း အများကြီး ထိခိုက်ပါတယ်။”

ရန်ကုန် စီးပွားရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဟောင်း ဦးမော်သန်း ရှင်းပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ အခုလို ဒေါ်လာဈေးတွေ ကျနေပေမဲ့ အခြေခံ စားကုန်ဈေးတွေကတော့ တဖြည်းဖြည်း ဈေးတက်နေတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG