သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IMF အကြီးအကဲဟောင်း စထရော့စ်ခန်း နေအိမ်အကျယ်ချုပ်မှ လွတ်


IMF အကြီးအကဲဟောင်း စထရော့စ်ခန်း နေအိမ်အကျယ်ချုပ်မှ လွတ်

မနေ့ ဇူလိုင်လ ၁ ရက်နေ့က နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ဥက္ကဋ္ဌဟောင်း ဒိုမိနစ် စထရော့စ်ခန်း (Dominique Strauss-Kahn) ကို အာမခံနဲ့ အမှုရင်ဆိုင်ဖို့ လွှတ်ပေးထားရာကနေ နယူးယောက်မြို့ မင်ဟတ်တန် (Manhattan) ဒေသ တရားရုံးက အာမခံ မထားရှိတော့ဘဲ ပြန်လွှတ်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလက နယူးယောက်မြို့ ဟိုတယ်ကြီးတခုမှာ မစ္စတာ စထရော့စ်ခန်း တည်းခိုနေစဉ် အသက် ၃၂ နှစ်အရွယ် အာဖရိကတိုက် ဂီနီနိုင်ငံကနေ ရွှေ့ပြောင်းလာသူ ဟိုတယ်အခန်းရှင်း ၀န်ထမ်း အမျိုးသမီးတဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖို့ အကြမ်းဖက် ကြိုးပမ်းခဲ့မှုနဲ့ နယူးယောက် ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးခဲ့ပြီး အမေရိကန်ဒေါ်လာ ၆,၀၀၀,၀၀၀ အာမခံနဲ့ လွှတ်ပေးခဲ့တာပါ။

အဲဒီအမျိုးသမီးကို အစိုးရ ရှေ့နေတွေက မေးခွန်းတွေ ထုတ်ခဲ့တာမှာ ဒီအမျိုးသမီးရဲ့ ထွက်ဆိုချက်တွေဟာ ရှေ့နောက် မညီဘဲ ယုံကြည်ဖို့ရာ အကြောင်းမရှိဘူးလို့ တွေ့ရှိခဲ့ကြတာကြောင့် တရားသူကြီးက မစ္စတာ စထရော့စ်ခန်းကို အာမခံ မထားရှိတော့ဘဲ ပြန်လွှတ်ပေးခဲ့တာပါ။ ဒါပေမဲ့ မစ္စတာ စထရော့စ်ခန်းဟာ သူ့ကို စွဲဆိုထားတဲ့ အမှုတွေကို တရားရုံးမှာ ဆက်ပြီး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဇူလိုင်လ ၁ ရက် နေ့စွဲ နယူးယောက် တိုင်းမ်စ် (The New York Times) သတင်းစာမှာတော့ ဂီနီနိုင်ငံသူ ဒီအမျိုးသမီးဟာ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးဌာနမှာ ခိုလှုံခွင့် လျှောက်ထားသူ ဖြစ်ပြီးတော့ သူမရဲ့ လျှောက်ထားမှုမှာ မှန်ကန်မှုမရှိတဲ့ အချက်တွေ ပါဝင်ပြီး ငွေမည်းကို ငွေဖြူ ခ၀ါချမှုနဲ့ မူးယစ်ဆေး ရောင်းဝယ်မှုတွေနဲ့လည်း ဆက်နွယ်နေဖွယ်ရာ ရှိတာကို အစိုးရ ရှေ့နေတွေက တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ပြင်သစ် ဘဏ္ဍာရေးဝန်ကြီးလည်း ဖြစ်ခဲ့တဲ့ မစ္စတာ စထရော့စ်ခန်းဟာ သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolus Sarkozy) ရဲ့ လှိုက်လှိုက်လှဲလှဲ ထောက်ခံမှုနဲ့ ၂၀၀၇ ခုနှစ်မှာ IMF ရဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

ဝါရင့် နိုင်ငံရေးသမားလည်း ဖြစ်တဲ့ မစ္စတာ စထရော့စ်ခန်းဟာ လာမယ့် ၂၀၁၂ ခုနှစ် ပြင်သစ်သမ္မတ ရွေးကောက်ပွဲမှာ ပြင်သစ် ဆိုရှယ်လစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ထိပ်ဆုံးကနေ ဦးစားပေး စဉ်းစားခြင်း ခံထားရသူလည်း ဖြစ်ပါတယ်။

အသက် ၆၂ နှစ်အရွယ် မစ္စတာ စထရော့စ်ခန်းဟာ သူ IMF ရဲ့ ဥက္ကဋ္ဌဖြစ်စဉ်မှာ ဂရိ၊ အိုင်ယာလန်နဲ့ ပေါ်တူဂီ နိုင်ငံတွေရဲ့ ဘဏ္ဍာရေး ပြိုလဲလု အခြေအနေတွေကို IMF ရဲ့ အကူအညီနဲ့ ပြန်လည် ဆယ်တင်ပေးဖို့ အဓိက အခန်းကဏ္ဍကနေ ဆောင်ရွက်ခဲ့ပါတယ်။

XS
SM
MD
LG