နယူးယောက်မြို့ ဟိုတယ်က အမျိုးသမီး ဝန်ထမ်းတဦးကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ မေလမှာ ဖမ်းဆီးခံခဲ့ရတဲ့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲဟောင်း ဒိုမိနစ် စထရော့စ်ခန်း (Dominique Strauss-Kahn) အပေါ် တင်ထားတဲ့ စွဲချက်တွေကို ရုပ်သိမ်းပေးဖို့ အမှုလိုက် အရာရှိတွေက တရားသူကြီးထံ လျှောက်ထားလိုက်ပါတယ်။
အဲဒီ စွဲချက်တွေကို ရုပ်သိမ်းပေးဖို့ အမှုလိုက် အရာရှိတွေက နယူးယောက်မြို့ မန်ဟက်တန် (Manhattan) တရားရုံးကို လျှောက်ထားလိုက်တာပါ။ အဲဒီ လျှောက်ထားချက်ကို စထရော့စ်ခန်း ကိုယ်တိုင်တက်မယ့် အင်္ဂါနေ့ ရုံးချိန်းအတွင်း တရားသူကြီးက ကြားနာမယ်လို့ ဆိုပါတယ်။ သူ့ကို ခဏ ဖမ်းဆီးထားရာက ပြန်လွတ်လာပြီးနောက် စထရော့စ်ခန်းဟာ အာမခံနဲ့ အပြင်မှာပဲ နေနေခဲ့တာပါ။
စထရော့စ်ခန်းရဲ့ မတရားပြုကျင့်ခြင်း ခံခဲ့ရတယ်ဆိုတဲ့ တရားလို နာဖစ်ဆာတူ ဒီယာလို (Nafissatou Diallo) ရဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံပြီး မကြာခင်မှာဘဲ အဲဒီအမှု ရုပ်သိမ်းပေးဖို့ လျှောက်ထားချက်ကို အမှုလိုက် အရာရှိတွေက မန်ဟက်တိုင်ခရိုင် တရားရုံးမှာ တင်သွင်းလိုက်ကြတာပါ။
စထရော့စ်ခန်းနေတဲ့ ဆိုဖီတဲလ် (Sofitel) ဟိုတယ် အခန်းကို သန့်ရှင်းရေးလုပ်ဖို့ မေလ ၁၄ ရက်နေ့က သွားခဲ့တဲ့ သူမကို လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်ဖို့ ကြံစည်ခဲ့တာလို့ ဒီယာလိုက စွပ်စွဲ ပြောဆိုနေတာပါ။ သူတို့ ၂ ဦးကြား ဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုတွေဟာ နှစ်ဦးသဘောတူ လုပ်ဆောင်ခဲ့တာတွေ ဖြစ်တယ်လို့ စထရော့စ်ခန်းရဲ့ ရှေ့နေတွေက ချေပချက် ပြန်တင်ထားခဲ့ကြတာ ဖြစ်ပါတယ်။