သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂါနေ့ ပဏာမရွေးကောက်ပွဲများ အပြတ်အသတ်နိုင်ဖို့ Trump မျော်လင့်


ရီပတ်ဘလီကန်ပါတီ အတွက် သမ္မတလောင်းအကြိုရွေးပွဲ မှာ ယှဉ်ပြိုင်နေတဲ့ ဘီလျံနာသူဌေး Donald Trump
ရီပတ်ဘလီကန်ပါတီ အတွက် သမ္မတလောင်းအကြိုရွေးပွဲ မှာ ယှဉ်ပြိုင်နေတဲ့ ဘီလျံနာသူဌေး Donald Trump

အမေရိကန်ပြည်ထောင်စုက ပြည်နယ် ၅ ခုမှာ ဒီကနေ့ အင်္ဂါနေ့ ကျင်းပမယ့် primary ပါတီတွင်း သမ္မတလောင်း အကြိုရွေးပွဲ အားလုံးမှာ ဘီလျံနာသူဌေး Donald Trump ပဲ အနိုင်ရပြီး ရီပတ်ဘလီကန်ပါတီ သမ္မလောင်းဖြစ်ဖို့အတွက် လိုအပ်တဲ့ ပြည်နယ်ကိုယ်စားလှယ် အရေအတွက် ထပ်ပြီး ရလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒီကနေ့ သမ္မတလောင်း အကြိုရွေးပွဲတွေကို Pennsylvania ၊ Connecticut ၊ Delaware ၊ Maryland နဲ့ Rhode Island ပြည်နယ် ငါးခုမှာ လုပ်မှာပါ။ Trump ရဲ့ ပြိုင်ဘက်တွေကတော့ Trump ပါတီသမ္မတလောင်းဖြစ်ဖို့လိုအပ်နေတဲ့ ကိုယ်စားလှယ်အရေအတွက် မရအောင် ဟန့်တားနိုင်ဖို့အတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကြေညာခဲ့ကြတာပါ။

အဲဒီလိုကြေညာ ခဲ့ကြတဲ့ Taxes ပြည်နယ်အထက်လွှတ်တော်အမတ် Ted Cruz နဲ့ Ohio ပြည်နယ်အုပ်ချုပ်ရေးမှူး John Kasich တို့ကို မစ္စတာ Trump က သနားစရာသူတွေလို့ ပြောဆိုလိုက်ပါတယ်။

သမ္မတလောင်းရွေးချယ်မှုအဆင့်ဆင့်မှာ အနိုင်အရှုံး ကွာဟမှုက အရေးပါလှတာနဲ့အမျှ - Trump အနေနဲ့ နောက်ထပ် ကိုယ်စားလှယ်ဦးရေ ပိုရလေလေ ၊ သမ္မတလောင်းအရွေးခံရဖို့ လိုအပ်နေတဲ့ အများစုကိုယ်စားလှယ် ၁၂၃၇ ယောက်ရဲ့ ထောက်ခံမဲ ရဖို့ ပိုနီးကပ်လာလေ ဖြစ်တာကြောင့် ဒီကနေ့ အကြိုမဲပေးမှုတွေရဲ့ အနိုင်အရှုံးကွာဟမှုက အရေးပါနေတာပါ။ Trump အနေနဲ့ သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်အရေအတွက် မပြည့်မီနိုင်ဘူးဆိုရင် မစ္စတာ Cruz နဲ့ မစ္စတာ Kasich တို့အတွက် လာမယ့် ဇူလိုင်လ ပါတီညီလာခံမှာ သမ္မတလောင်းအဖြစ် အရွေးခံရနိုင်တဲ့ အခွင့်အလမ်းတွေ ပေါ်လာမှာဖြစ်ပါတယ်။

ဒီမိုကရက်ပါတီ ဘက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က ဒီကနေ့ အကြိုရွေးပွဲတွေမှာ Rhode Island ပြည်နယ်ကလွဲရင် ကျန်ပြည်နယ်လေးခုမှာ အနိုင်ရနိုင်ဖွယ် ရှိတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြနေပြီး ပြိုင်ဘက် Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ကတော့ Rhode Island တခုတည်းမှာပဲ အသာစီးရနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG