သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-ရုရှား ထိပ်သီးဆွေးနွေး


အများက မျှော်လင့် စောင့်ဆိုင်းနေကြတဲ့ ရုရှားသမ္မတ Vladimir Putin နဲ့ Helsinki မြို့က တွေ့ဆုံမှုဟာ ကောင်းမွန်တဲ့ အစပျိုးခြင်း ဖြစ်ကြောင်း သမ္မတ Donald Trump က ပြောပါတယ်။

သမ္မတ Putin နဲ့ ၂ နာရီကျော်ကြာ တဦးချင်း တွေ့ဆုံပြီးတဲ့နောက် နှစ်ဘက် ကိုယ်စားလှယ်တွေနဲ့ ထပ်မံပြုလုပ်တဲ့ ဆွေးနွေးမှုအတွင်း သမ္မတ Trump က အဲဒီလို ပြောကြားလိုက်တာပါ။

၂ ဦးထဲ တွေ့ဆုံမှု မစတင်ခင် သတင်း မီဒီယာတွေနဲ့ တွေ့ဆုံခဲ့တာမှာ - လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အမေရိကန်နဲ့ ရုရှား ဆက်ဆံရေးဟာ ကောင်းမွန်ခြင်း မရှိခဲ့ကြောင်း သမ္မတ Trump က ပြောပါတယ်။ ဒါ့အပြင် သူသမ္မတအဖြစ် တာဝန်ထမ်းဆောင်တာ ၂ နီးပါးလောက် ရှိလာပြီဖြစ်ကြောင်း၊ အဆုံးသတ်မှာတော့ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှာဖြစ်ကြောင်း ပြောပါတယ်။

ရုရှားနဲ့ ဆက်ဆံရေးကောင်းမွန်ခြင်းဟာ ကောင်းတဲ့အရာဖြစ်ပြီး မကောင်းတဲ့အရာ အဟုတ်ကြောင်းလည်း သမ္မတ Trump က ဆက်ပြောခဲ့ပါတယ်။

သတင်းထောက်တွေကို အပြင်ကို မထုတ်ခင် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက် စွက်ဖက်ခဲ့တဲ့ကိစ္စကို သတင်းထောက်တွေက အော်ဟစ် မေးတာကိုတော့ ခေါင်းဆောင် ၂ ဦးစလုံးက ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပါဘူး။ အခု ဆွေးနွေးကြမယ့် အကြောင်းအရာတွေကို သတင်းထောက်တွေကို ပြောပြစဉ်က အဲဒီကိစ္စ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

အစောပိုင်းတုန်းကတော့ အမေရိကန်နဲ့ ရုရှားအကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေရတဲ့ အခြေအနေကို လူမှုကွန်ယက်ကတဆင့် သမ္မတ Trump က ဝေဖန် ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG