သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump အရေးပေါ်အခြေအနေနဲ့ နယ်စပ်တံတိုင်း တည်ဆောက်နိုင်မလား


သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော် နှင်းဆီဥယျာဉ်အတွင်းမှ အရေးအပေါ်အခြေအနေကြေညာစဉ်။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉)
သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော် နှင်းဆီဥယျာဉ်အတွင်းမှ အရေးအပေါ်အခြေအနေကြေညာစဉ်။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉)

အမေရိကန်ပြည်ထောင်စုနဲ့မက္ကဆီကိုနိုင်ငံနယ်စပ်က လုံခြုံရေးအခြေအနေတွေဟာ စိုးရိမ်ရတာကြောင့် နိုင်ငံတော်ရဲ့ အရေးပေါ်အခြေအနေအဖြစ် သမ္မတဒေါ်နလ်ထရမ့်က မနေ့ကပဲ ကြေညာခဲ့ပါတယ်။ သမ္မတမဲဆွယ်ပွဲကာလကတည်းက နယ်စပ်တံတိုင်းကာရံဖို့ သမ္မတထရမ့်က တောက်လျှောက် ပြောလာခဲ့တာပါ။ လွှတ်တော်ကချပေးတဲ့ အသုံးစရိတ် ကို တောင်းခံစရာမလိုဘဲ အရေးပေါ်အခြေအနေကြေညာပြီး တခြားအစိုးရဌာနတွေဆီက အသုံး စရိတ်တွေနဲ့ တံတိုင်းတည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ သမ္မတထရမ့်ရဲ့အစီအစဉ်ဟာ တကယ်ပဲအောင်မြင်နိုင်ပါ့မလား။ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုတောင်ပိုင်းမက္ကဆီကိုနယ်စပ်တကြောမှာ လူဝင်မှု ကြီးကြပ်ရေး ပြဿနာတွေရှိနေတာကတော့ ကြာပါပြီ။ မူးယစ်ဆေးဝါးတွေ၊ လူဆိုးဂိုဏ်းတွေ၊ လူကုန် ကူးမှုတွေနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေအကြီးအကျယ် ရှိနေတာကြောင့် ဒါဟာ နိုင်ငံအတွင်း ဝင်ရောက်ကျူးကျော်မှု ဖြစ်တယ်၊ နိုင်ငံတော်ရဲ့အရေးပေါ်အခြေအနေ အဖြစ် ကြေညာရမယ်လို့ သမ္မတထရမ့်က ယူဆပေမဲ့ လည်း ဒီမိုကရက်လွှတ်တော် အမတ်တွေ ရဲ့ အမြင်မှာ ကတော့ နယ်စပ်က အခြေအနေတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေလို့မြင်ကြပါတယ်။ အထူးသဖြင့် လက်တင်အမေရိကနိုင်ငံတွေအတွင်း ဖြစ်ပွါးနေတဲ့ အကျပ်အတည်း မျိုးစုံကြောင့် အမေရိကန်ပြည်ထောင်စုကို ဖြစ်တဲ့နည်းနဲ့ ဝင်ရောက်ဖို့ အမေရိကန်နဲ့ကပ်လျက် မက္ကဆီကိုနိုင်ငံကိုဖြတ်ပြီး လူတွေ အများအပြား နေ့စဉ်ဆိုသလို ကြိုးပမ်းနေကြတာကြောင့် နယ်စပ်လုံခြုံရေးကိစ္စဟာ အမေရိကန် နိုင်ငံရေးမှာ အရေးကြီးတဲ့ကိစ္စရပ်တခုအဖြစ် ရှိလာခဲ့တာကြာပါပြီ။ အခုတော့ နယ်စပ်မှာ တံတိုင်းခတ်ဖို့ နိုင်ငံတော်ရဲ့အရေး ပေါ်အခြေအနေကြေညာပြီး သမ္မတထရမ့်က ကြိုးပမ်းမယ့် ကိစ္စဟာ သမ္မတရဲ့အာဏာကိုကျော်လွန်ပြီး လုပ်ဆောင်မယ့် ကိစ္စဟုတ် မဟုတ် ဥပဒေကြောင်းအရ စိန်ခေါ်မှုတရပ်ဖြစ်နေပါတယ်။ သမ္မတထရမ့်ကတော့ သူ့ကိုအမှုဖွင့်ပြီး တရားစွဲဆိုလာမယ်ဆိုရင်လည်း အဆုံးသတ်မှာ သူပဲနိုင်မယ်လို့ ဆိုပါတယ်။

“အယူခံတရားရုံးကနေ ကျနော်တို့ကို တရားစွဲကြပါလိမ့်မယ်။ တကယ်တော့ ဒီလို မဖြစ် သင့် ပါဘူး။ အဲဒီစွဲဆိုမှုတွေမှာ တရားရုံးက ကျနော်တို့ကို ထိခိုက်စေမယ့် ဆုံးဖြတ်ချက် တခုပြီးတခု ချမှတ်မယ့်သဘောရှိပါတယ်။ နောက်ဆုံးမှာတော့ ဒီအမှုက နိုင်ငံတော် တရားရုံးချုပ်ကို ရောက်လာမှာပါ။ အဲဒီအခါကျရင် ကျနော်တို့အတွက် မျှတတဲ့ အခြေအနေ ရှိလာလိမ့်မယ်လို့မျှော်လင့်ရပြီး တရားရုံးချုပ်မှာ ကျနော်တို့အနိုင်ရမှာပါ။”

ကြာသပတေးနေ့ညပိုင်းမှာပဲ နယ်စပ်လုံခြုံရေးဆိုင်ရာဥပဒေကြမ်းတရပ်ကို အထက်နဲ အောက် လွှတ်တော် ၂ ရပ်လုံးက အတည်ပြုခဲ့ပါပြီ။ အခု အဲဒီ မူကြမ်းအပါအဝင် အစိုးရ ယန္တရားတွေ အပြည့်အဝ ဆက်လက်လည်ပတ်ရေး အသုံးစရိတ်ချပေးမယ့် ဥပဒေကြမ်းတွေကို သမ္မတထရမ့်က မနေ့ကပဲ လက်မှတ်ထိုးပြီးအတည်ပြုခဲ့ပါပြီ။ နယ်စပ် လုံခြုံရေးအတွက်လွှတ်တော်ကချပေးတဲ့ငွေက သမ္မတထရမ့်တောင်းထားသလို ၅.၇ ဘီလျှံ ဒေါ်လာမဟုတ်ဘဲနဲ့ ၁.၃ ဘီလျှံပဲ ရတာပါ။ ဒီငွေက ကီလိုမီတာ ၉၀ လောက်ပဲ ကာရံဖို့ဖြစ်နိုင်ပါလိမ့်မယ်။ ရီပါဘလစ်ကန်အောက်လွှတ်တော်အမတ် John Rutherfordကတော့ ဒီအခြေ အနေအပေါ်အကောင်းမြင်ပါတယ်။

“အခုကိစ္စက သမ္မအတွက် မရှုံးပါဘူး။ အမိမြေလုံခြုံရေးဝန်ကြီးဌာနအတွက် အောင်မြင်မှုတရပ်လည်းဖြစ်တဲ့အပြင် နယ်စပ်လုံခြုံရေးအတွက် သိသာ ထူးခြားပြီး လမ်းကြောင်းမှန်စေမယ့်ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။”

နယ်စပ်လုံခြုံရေးအတွက် တံတိုင်းခပ်ဖို့ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာခဲ့ တာကြောင့် သမ္မတထရမ့် ခန့်မှန်းထားသလို သူ့ကိုတရားစွဲမယ့် သူတွေကတော့ ရှိနေ ပါပြီ။ ကလ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsomနဲ့ ကလ်လီဖိုးနီး ယားပြည် နယ် အစိုးရရဲ့ရှေ့နေချုပ် Xavier Becerraတို့က ပူးတွဲပြီးထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သမ္မတထရမ့်ရဲ့လုပ်ရပ်ကို အပြစ်တင် ရှုတ်ချထားပြီး ကျနော်တို့ တရားရုံးမှာ တွေ့ကြမယ်လို့ ဆိုထားပါတယ်။ ဒီမိုကရက်ပါတီက အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီနဲ့ အထက်လွှတ်တော် အမတ်အနည်းစုခေါင်းဆောင် Chuck Schumer တို့ကလည်း တကယ်ရှိမနေတဲ့ပြဿနာအပေါ်မှာကြေညာတဲ့ ဥပဒေနဲ့မညီတဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ပဲလို့ ဆိုကြပါတယ်။ နိုင်ငံတော် ကာကွယ်ရေး အသုံးစရိတ်ထဲကနေ နည်းလမ်းမကျဘဲ တံတိုင်းဆောက်ဖို့ငွေကို သမ္မတကယူဖို့ လုပ်နေတာလို့လည်း စွပ်စွဲပါတယ်။

နယ်စပ်တံတိုင်းကာရံရေးအတွက် လွှတ်တော်က လောလောဆယ်ချမှတ်ပေးထားတဲ့ ၁.၃ ဘီလျှံအပြင် နောက်ထပ် ၆.၅ ဘီလျှံဒေါ်လာ ရဖို့ သမ္မတ ထရမ့်က အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြီးလုပ်ဆောင်နေတာပါ။ တံတိုင်းကာရံမှုကပဲ အကြမ်းဖက် ဂိုဏ်းတွေ၊ တရားမဝင် နယ်စပ်ဖြတ်ကျော် မှုတွေ၊ မူးယစ်ဆေးဝါးတွေအမေရိကန်နိုင်ငံထဲ ဝင်ရောက် လာနေမှုကို တားမြစ်နိုင်မှာလို့ သမ္မတထရမ့်ကဆိုပါတယ်။ နိုင်ငံတော် အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်တဲ့အတွက် အမေရိကန် စစ်တပ်အသုံးစရိတ် အပါအဝင် အစိုးရအသုံးစရိတ်တွေထဲက ငွေတွေကို နယ်စပ်တံတိုင်းကာရံဖို့ သမ္မတ အနေနဲ့ ယူသုံးပိုင်ခွင့် ရှိသွားမှာဖြစ်ပါတယ်။ တံတိုင်းတည်ဆောက်ရေးအတွက် စုစုပေါင်းဒေါ်လာ ၈ ဘီလျှံလောက် အိမ်ဖြူတော်ကနေ ရှာဖွေသွားဖို့ရှိတယ်လို့ အိမ်ဖြူတော်အရာရှိချုပ်ကပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG