မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ စင်္ကာပူမှာ ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်နေ့မှာ ကျင်းပဖြစ်မယ်၊ မကျင်းပဖြစ်ဖူး ဆိုတာကို နောက်သီတင်ပတ်ထဲမှာ သိရလိမ့်မယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။
ဇွန်လ ၁၂ ရက်နေ့ မှာ ကျင်းပဖြစ်မယ် ဆိုရင်တော့ မြောက်ကိုရီးယားအတွက်အင်မတန် အကျိုးရှိလိမ့်မယ်လို့လည်း ဆိုပါတယ်။
အစောပိုင်းကတော့ ဇွန်လ ၁၂ ရက်နေ့မှာ မကျင်းပဖြစ်ရင် နောက်ပိုင်းမှာ ကျင်းပမယ်လို့ ပြောခဲ့ပါတယ်။
နျူကလီယားလက်နက် အစီအစဉ်တွေ တဖက်သတ်စွန့်လွှတ်ဖို့ အမေရိကန်က မြောက်ကိုရီးယားကိုတောင်းဆိုတဲ့ အတွက် ထိပ်သီးဆွေးနွေးပွဲ ကို ဖျက်သိမ်းဖို့ မြောက်ကိုရီးယားက အချက်ပြခဲ့တာဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကတော့ ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ သိပ်ကို မျှော်လင့်တဲ့ အကြောင်း ဒါပေမယ့် ဖြစ်မယ်၊ မဖြစ်ဖူး ဆိုတာကတော့ ဥက္ကဌ Kim လို့ သူခေါ်တဲ့ Kim Jong Un ပေါ်မှာသာ လုံးဝ မူတည်ကြောင်း ဗုဒ္ဓဟူးနေ့ အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီရှေ့မှောက် ကြားနာပွဲမှာ ပြောကြားခဲ့တာပါ။
သိသာတဲ့ တိုးတက်မှု တကယ်မတွေ့ရပဲ မြောက်ကိုရီးယား အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းမှာတော့ မဟုတ်ဖူး လို့လည်း Mike Pompeo က ပြောကြားသွားပါတယ်။